စစ်မြေပြင်မှ စစ်သားတစ်ဦး၏ အခြေအနေနှင့် ခံစားချက်ကို မီးမောင်းထိုးပြခြင်း (၁)
စစ်မြေပြင်မှ ရေးသောစာများ...
======================
ဒီစာတွေကို စစ်သားတစ်ယောက် ရေးခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ကချင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား တစ်ယေ...ာက်ရေးခဲ့တဲ့ ဒိုင်ယာရီက စာသားတွေပါပဲ။
သူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူ စားစရာ မရှိတဲ့ဘ၀ကို ရင်ဆိုင်ခဲ့ရတယ်။ သူနာဖျားချိန်မှာ ဆေးတပ်ဖွဲ့က ပေးတဲ့ စားဆေးလောက်နဲ့ သူကျန်းမာအောင် နေခဲ့တယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့မိသားစုကို အရမ်း ကို သတိရခဲ့ပါတယ်။
သူ့ရဲ့ ဟင်းတစ်ခွက်က တောထဲက ပေါက်တဲ့ မျစ်ကို အချဉ်လုပ်ပြီး စားခဲ့ရတယ်။ နှင်းဒဏ်တွေနဲ့ ကချင်တောင်တန်းရဲ့ ချမ်းစီးတဲ့ ဒဏ်တွေကို သူခံခဲ့ရတယ်။ စိုရွဲနေတဲ့ နှင်းစိုဝတ်တွေကို မီးကင်ပြီး ကျောပိုးအိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်တွေနဲ့ သူတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
ပေ တစ်သောင်းကျော် တောင်ကုန်းကို သူတက်ခဲ့ရတယ်။ သူ ရသင့်တယ်လို့ ထင်ခဲ့တဲ့ ရိက္ခာတွေကို သူစားသုံး ခွင့် မရှိဘူး။ တာဝန်ပေး ခိုင်းစေချက်တွေကို သူမကျေနပ်ဘူး။ ဒါပေမယ့် သူအကုန်လုံးကို ထမ်းဆောင်ခဲ့တယ်။ နောက်တော့ သူ ဂရုဏာဒေါသောနဲ့ အားလုံးကို မကျေမနပ် ဖြစ်ခဲ့တယ်။
သူဒီလောက် အပင်ပန်းခံလုပ်နေတာတောင်မှ အရပ်ထဲမှာ အစိမ်းရောင်ကို မြင်လို့ အထင်သေးတဲ့ သူတွေကို သူ စိတ်တိုတယ်။ ဒီလောက် ပင်ပန်းဆင်းရဲတာကို ဒီအတိုင်း ကြည့်နေရမလားဆိုပြီး လူကြီးတွေကို အပြစ်ဆိုမိတယ်။ ငါ့သားတွေ ဘယ်တော့မှ စစ်ထဲ မ၀င်နဲ့လို့ သူရေးခဲ့တယ်။
တစ်နေ့မှာတော့ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း သူ့အသက်ကို ပေးခဲ့ရတယ်။ အောင်ပွဲဆိုတာကို သူမမြင် ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အတွက် အသက်ကို ပေးဆပ်ရင်း မကျေမနပ်ဖြစ်ခြင်းတွေနဲ့ သူဟာအခုထိ ကချင် တောင်တန်းတွေကြားမှာ ရှိချင်ရှိနေအုံးမှာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။