13 December 2012 |By 7Day News
မြန်မာနိုင်ငံတွင် ပထမဆုံး အနေနှင့် သမိုင်းဝင် နိုင်ငံတကာဖျော်ဖြေပွဲ အဖြစ် ဖျော်ဖြေမည့် ဂရမ်မီဆုရ အမေရိကန် အဆိုတော် ဂျေဆင် မရက်ဇ် သည် မြန်မာအစိုးရထံသို့ သီချင်းများ ကြိုတင်စစ်ဆေးပြီး အတည်ပြုချက်ရယူရသည့်အတွက် သီချင်းအသစ်များ သီဆိုသွားရန်မရှိကြောင်း ဟော လိဝုဒ်ရီပိုတာ သတင်းဌာနသို့ ပြောကြားသည်။
၂၀၁၂ သြဂုတ်လ ၂၀ အထိ ပြည်တွင်းမှ သီချင်းစာသားများ စိစစ်ဖြတ်တောက်လေ့ရှိခဲ့သော စာပေစိစစ်ရေးသို့ ဂျေဆင်၏ သီချင်းများ စိစစ်ခြင်းများ ပြုလုပ်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ယင်းတို့အနေနှင့် ဖြင့် စိစစ်ပေးရခြင်းမရှိကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် ကပြောကြားသည်။
“မြန်မာနိုင်ငံက အနောက်နိုင်ငံအသိုင်းအ၀ိုင်းနဲ့ ပြန်လည်ထိတွေ့လာတာ မကြာသေးဘူး။ ကျွန်တော်တို့အနေနဲ့ မြန်မာမှာ လူငယ်တွေကို ပညာပေးတာ၊ လုပ်ပိုင်ခွင့်ပေးတာ၊ စေ့စပ်ညှိနှိုင်းပေးတာ စတာတွေကို ရှေ့ဆုံးကနေပြီး လုပ်ဆောင်ပေးသွားချင်တဲ့ ဆန္ဒရှိတယ်” ဟု ဂျေဆင်ကဘီလ်ဘုတ် မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖြေကြားထားသည်။ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး သူ၏အမှတ်သညာဖြစ်သော ဖီဒိုရာဦးထုပ်ကို အမြဲဆောင်းထားတတ်သော အမေရိကန်အဆိုတော်က ရှေ့နှစ်တွင် ထွက်ရန်ရှိသည့် သူ၏ အယ်လ်ဘမ်အသစ်ထဲမှ သီချင်းအသစ်များကို ဆိုသွားရန် အစီအစဉ်မရှိဘဲ သူ၏နာမည်ကျော် သီချင်းများဖြစ်သော I won't give up ၊ လောလောလတ်လတ် ထွက်ရှိပြီးသော Love is a Four Letter Word အယ်လ်ဘမ်မ 93 Million Miles သီချင်းတို့ကိုသာ သီဆိုသွားဖွယ်ရှိကြောင်း ဟောလိဝုဒ်ရီပိုတာက ခန့်မှန်းထားသည်။
မြန်မာပရိသတ်များကမူ ဂျေဆင်၏နာမည်ကြီးသီချင်းဖြစ်သော I'm Yours ကို ဆိုလိမ့်မည်ဟု မျှော်လင့်နေပြီး ဂျေဆင်သည် သူဖျော်ဖြေခဲ့သော အာရှနိုင်ငံများတွင် အဆိုတော်ကိုဘီကိုလပ်နှင့် တွဲဖက်သီဆိုထားသည့် Lucky သီချင်းကို ထိုနိုင်ငံများမှ နာမည်ကြီး အမျိုးသမီးအဆိုတော်များနှင့် တွဲဖက်ကာ သီဆိုလေ့ရှိသဖြင့် မြန်မာနိုင်ငံတွင် ဖြူဖြူကျော်သိန်းနှင့် တွဲဖက်သီဆိုလိမ့်မည်ဟု ခန့်မှန်းနေကြသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော်နောက်ခံနှင့် တည်ဆောက်ထားသော စင်မြင့်ထက်၌ ဂျေဆင်မရက်ဇ် အပါအ၀င် ထိုင်းတေးဂီတအဖွဲ့ Slot Machine အဖွဲ့၊ မြန်မာအဆိုတော်များဖြစ်သော R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ဖြိုးကြီး၊ ချမ်းချမ်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ ဖျော်ဖြေမည်ဖြစ်ပြီး ပရိသတ်လေးသောင်းကျော် လာရောက်မည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားကြသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။