Mi Mi Tun added 3 new photos — with Mi Mi Tun.
နှင်းဆီပွင့်ကဗျာရဲ့နောက်ကွယ်မှ
ဝမ်းနည်းဖွယ်ရာဇာတ်လမ်း
⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘
[Zawgyi]
၁၉၂၉ခုနှစ်မှာ ကုံလုံပြည့်စုံတဲ့ မိဘနှစ်ပါးကနေ ဆင်းသက်လာတာမျိုး
မဟုတ်ဘဲနဲ့ ပညာသင်ချင်လွန်းလို့ ရန်ကုန်တက္ကသိုလ်ကြီး အပြေးတက်ခဲ့တဲ့
ကွမ်းခြံကုန်းမြို့က လူငယ်တစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့နာမည်က မောင်ဝန်။
ဆားဖြူးစားပြီး ပညာတတ်ဖြစ်အောင် တက္ကသိုလ်ထားပေးခဲ့တဲ့ မိဘနှစ်ပါးကို သနားလွန်းလို့ ပညာကို ကြိုးစားသင်ယူခဲ့တယ်။
ကိုလိုနီခေတ် ဆေးဆိုးပန်းရိုက်အလှတရားတွေကြားမှာ မောင်ဝန်ဟာ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျီးမဲတစ်ကောင်လို ကျင်လည်ခဲ့ရတယ်။
မောင်ဝန်တစ်ယောက် စာသင်ခန်းထဲကို ပြာပြာသလဲနဲ့ အသွား ကော်ရစ်ဒါထောင့်မှာ ကျောင်းသူတစ်ဦးနဲ့ တိုက်မိခဲ့တယ်။ ကျသွားတဲ့ စာအုပ်တွေကို ကောက်ပေးခဲ့ရင်း မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ဘဝရေးအတွက် ကြိုးစားနေရတဲ့ မောင်ဝန်တစ်ယောက် “အချစ်” ဆိုတဲ့ ဝေါဟာရကို စာလုံးမပေါင်းတတ်ခဲ့ပါဘူး။ စူးရဲရဲမျက်ဝန်းတစ်စုံရဲ့အောက်မှာ မောင်ဝန်ရဲ့နှလုံးသားတွေ အရည်ပျော်ကျခဲ့ရတယ်။
ဆံပင်ရှည်ရှည်နဲ့ နန်းဆန်လွန်းတဲ့ မိန်းကလေးရဲ့အလှတရားအောက်မှာ မောင်ဝန်တစ်ယောက် ကြွေဆင်းခဲ့ရပြီ။ ဒီလိုနဲ့ မောင်ဝန်တို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
သမီးရည်းစားဘဝမှာ အဓိပတိလမ်းနဲ့ အင်းယားကန်ဘောင်တစ်လျှောက်ဟာ ပျော်ဖွယ်ရာအတိဖြစ်ခဲ့တယ်။ ရိုးသားဖြူစင်လှတဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းရင်း ချစ်သူနှစ်ဦးဟာ နတ်ဘုံနတ်နန်းလို ထင်မှတ်ခဲ့ကြတယ်။ လက်ချင်းခိုင်ခိုင်တွဲရင်း ကံ့ကော်တောမှာ ပျော်မွေ့ခဲ့ကြတယ်။
ပညာသင်နှစ်လည်း ကုန်ဆုံးပြီး မောင်ဝန်လည်း ဇာတိမွေးရပ်မြေကို ပြန်ခဲ့ရပါတယ်။ ကျီစယ်တတ်တဲ့ ကံကြမ္မာက မောင်ဝန်တို့ချစ်သူနှစ်ဦးကို ဒုက္ခပေးလိုက်ပြီ။
စီးပွားရေးအဆမတန် ကျဆင်းလာတဲ့ မိဘနှစ်ပါးဟာ နောင်နှစ်ကျောင်းဖွင့်တဲ့အချိန်မှာ မောင်ဝန်ကို ရန်ကုန်တက္ကသိုလ်မှာ မထားနိုင်တော့ဘူး။ တက္ကသိုလ်မတက်နိုင်တော့တဲ့အတွက် ကွမ်းခြံကုန်းမှာပဲ ချစ်သူလေးကို လွမ်းဆွတ်နေရတယ်။
မိန်းမပျိုရဲ့မိဘတွေက တိုင်းပြည်အခြေအနေ မငြိမ်သက်တဲ့အချိန်မှာ အရွယ်ရောက်လာတဲ့ သမီးပျိုကို စိတ်မချတဲ့အတွက် အိမ်ထောင်ချပေးမယ်လို့ စဉ်းစားမိတယ်။ မိဘနှစ်ပါးက “သမီးမှာ ချစ်သူရည်းစား ရှိလား”လို့ မေးမြန်းခဲ့ပေမယ့် အရှက်အကြောက်ကြီးလွန်းတဲ့ သမီးဟာ အချိန်မီခွန်းတုံ့မပြန်နိုင်ခဲ့ဘူး။
ဒီလိုနဲ့ကျောင်းပိတ်ရက်မှာ ICS အရာရှိ (Indian Civil Service Officer) တစ်ယောက်နဲ့ စေ့စပ်ဖို့ အမြန်စီစဉ်လိုက်တယ်။ မိန်းမပျို ချုံးပွဲချ ငိုကြွေးလိုက်ပါပြီ။ သူမရဲ့ တုံ့ဆိုင်းမှုဟာ မောင်ဝန်နဲ့ ထာဝရဝေးကွာဖို့ အကြောင်းဖန်လာပြီ မဟုတ်လား။
ကျောင်းဖွင့်ချိန်မှာ ရန်ကုန်တက္ကသိုလ်ကြီးမှာ မောင်ဝန်ရောက်မလာခဲ့ဘူး။ စာတော်တဲ့ ကျောင်းသားတစ်ယောက် စီးပွားရေးအခက်အခဲကြောင့် ပညာမသင်နိုင်တော့ဘူးဆိုတာ အကြောင်းစုံသိလိုက်ရတဲ့ ပါမောက္ခကြီး ဦးဖေမောင်တင်ဟာ မောင်ဝန်ကို ရန်ကုန်တက္ကသိုလ်ကို ပြန်ခေါ်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်က ကျောင်းပြန်တက်ဖို့ ကြေးနန်းရတော့ မောင်ဝန်တစ်ယောက် ထခုန်မတတ် ပျော်ခဲ့ရတယ်။ ပညာလည်း သင်ရမယ်၊ အချစ်ဆုံးနဲ့လည်း ဆုံရမှာမလား။
လွမ်းရတဲ့အကြောင်းတွေ သီကုံးပြီး ချစ်သူလေးကို အတိုးချချစ်လိုက်တော့မယ်လို့တွေးကာ ရန်ကုန်တက္ကသိုလ်ကို လာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ရောက်တာနဲ့ ချစ်သူကောင်မလေးဆီ အပြေးသွားခဲ့တယ်။ ကောင်မလေးဆီ အပြေးသွားပြီး သူဘယ်လောက်လွမ်းကြောင်း တတွတ်တွတ် ပြောနေမိတယ်။
ချစ်သူကောင်မလေးက ခွန်းတုံ့မပြန်ဘဲ မျက်ရည်တွေသာ တသွန်သွန်ကျနေခဲ့တယ်။
“ကိုဝန် အရမ်းနောက်ကျသွားပြီ မိဘတွေက
ကျွန်မကို ICS အရာရှိနဲ့ စီစဉ်လိုက်ပြီ
ရှင့်ကို အရမ်းချစ်ပေမယ့် ခွဲရတော့မယ်”
မောင်ဝန်ဟာ ခဲလေသမျှ သဲရေကျခဲ့ပါပြီ။ ရုတ်တရက်ပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် မောင်ဝန်ရဲ့ အတွေးအိပ်မက်တွေ လေထဲမှာပဲ ပျက်စီးသွားခဲပါတယ်။
အစိုးရထောက်ပံ့ကြေးနဲ့ ပညာသင်ကြားရတဲ့ ကျောင်းသားတစ်ယောက်အတွက် ချစ်သူကို ခိုးပြေးဖို့ဆိုတာ ဘယ်လိုမှ တွေးကြည့်လို့မရတဲ့ အနေအထားပါ။
အားမတန်လို့ မာန်လျှော့ရင်း ခေါင်းငိုက်စိုက်နဲ့ နှုတ်ဆက်ခဲ့ရတယ်။
ရာသီအလီလီပြောင်းခဲ့ပြီး ကျောင်သားလေး မောင်ဝန်ဟာ မဟာဝိဇ္ဇာတက်ရင်း ဆရာပေါက်စဖြစ်လာခဲ့ပါပြီ။ သူ့ချစ်သူဟာလည်း ICS အရာရှိနဲ့ လက်ထပ်သွားခဲ့ပြီ။ “ငယ်ကချစ် နှစ်တစ်ရာ” ဆိုသလို အချိန်တွေသာ ကြာခဲ့ပေမယ့် ချစ်သူလေးကို မေ့မရခဲ့ပါဘူး။
တစ်နေ့မှာ သူ့ချစ်သူဟာ စကော့ဈေး (ဗိုလ်ချုပ်အောင်ဆန်းဈေး) ကို လာမယ်လို့ သတင်းရတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကနေ အပြေး သွားခဲ့တယ်။ စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့ ပြည့်စုံနေတဲ့ ချစ်သူကို ကြည့်ရင်း သူမျက်ရည်လည်လာတယ်။
“မိန်းကလေးရယ် ပိုင်ဆိုင်ခွင့်မရလိုက်ပေမယ့်
အခုလို ချမ်းချမ်းသာသာ နေရတော့
ဂုဏ်တင့်ပါတယ်လေ။ ငါလို တက္ကသိုလ်ဆရာပေါက်စနဲ့သာ
လက်ထပ်ခဲ့ရင် မပြည့်မစုံနေရမှာ။ အခုလို တင့်တယ်မှာ မဟုတ်ဘူး။
အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ထက် ချစ်နေရဖို့ပဲ လိုအပ်တာပါ”
ဒါတွေကတော့ သူ့နှုတ်ခမ်းက ပြောမထွက်လိုက်တဲ့ ရင်ထဲက စကားလုံးတွေပါ။ မမြင်တာကြာတဲ့ ချစ်သူကောင်မလေးကို ငေးကြည့်ရင်း ပြန်လာခဲ့ရတယ်။ သူ့ကို ထားသွားခဲ့တဲ့ ချစ်သူကို မပြစ်မမြင်တဲ့အပြင် “သူ အဆင်ပြေရင် ကျေနပ်ပါတယ်။ အဆင်ပြေပါစေ” လို့ပဲ ဆုတောင်းပေးခဲ့တယ်။ ၁၉၃၂ခုနှစ်မှာ မပေါင်းဖြစ်ခဲ့တဲ့ ချစ်သူကို ရည်စူးပြီး ကဗျာတစ်ပုဒ်ရေးစပ်ခဲ့တယ်။ ကဗျာရဲ့နာမည်က “နှင်းဆီပွင့်” တဲ့။
“လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး”
အခုပြောနေတဲ့ မောင်ဝန်ဆိုတာ မြန်မာစာနည်းပြဟာ တခြားလူမဟုတ်ပါဘူး။ မြန်မာစာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဆရာမင်းသုဝဏ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နဝမမြောက်သမ္မတကြီး ဦးထင်ကျော်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
“နှင်းဆီပွင့်” ကဗျာကို ခံစားရင်း သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
🔲
Credit*-#ကျော်စိုးအောင် (အခရာ)
-----------------------------------------------
#Heain_Minn_Zar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။