Bamaw Thein Pe added 2 new photos.
သူ့ရဲ့မိဘ ၂ ပါးဟာ ရုရှားနိုင်ငံက ဂျူးလူမျိုးပညာတတ်တွေ ဖြစ်ကြပါတယ်။ မိဘတွေက ရုရှားနိုင်ငံမှာ ဂျူးလူမျိုးတွေအတွက် တက်လမ်းမရှိလို့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်ကြတယ်။ သူလဲ အမေရိကားမှာ ကျောင်းတက်တယ်။ အသက် ၁၉ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာ မေရီလန်းတက္ကသိုလ်ကနေ ကွန်ပြူတာဘွဲ့နဲ့ သင်္ချာဘွဲ့ ၂ ခုကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ရယူခဲ့တယ်။ Stanford University က ဆာဂေးကို စကောလားရှစ်ပညာသင်ဆုပေးပြီး သူတို့ဆီမှာ ဒေါက်တာဘွဲ့အတွက် ကျောင်းတက်ဖို့ ကမ်လှမ်းလို့ ကျောင်းဆက်တက်တယ်။ အင်တာနက်နဲ့ သတင်းအချက်အလက်နဲ့ စာရွက်စာတမ်း (document) တွေကို ရှာဖွေတဲ့ search engine စိတ်ဝင်စားသွားလို့ ကျောင်းဆက်မတက်တော့ပဲ Search Engine အသစ်တခုကို သူငယ်ချင်းတယောက်နဲ့ပေါင်းပြီး ထွင်ကြရင်းနဲ့ နောက်ဆုံးမှာ Google ကို တီထွင်အောင်မြင်သွားပြီး ဘီလျံနာသူဋ္ဌေးတယောက် ဖြစ်လာခဲ့တယ်။ သူ့ နာမည်က ဆာဂေးဘရင် (Sergey Brin) ပါ။ စိတ်ဝင်စားစရာကောင်းတဲ့ သူ့ဘဝအကြောင်းလေးကို ရေးပြပေးလိုက်ပါတယ်။
==================================
မကြာခင်မှာ ဆာဂေးဟာ ဆော့ဖ်ဝဲပရိုဂရမ်တခုကို ရေးသားပြီး Stanford တက္ကသိုလ်ရဲ့ဝက်ဆိုဒ်မှာ တင်ပေးလိုက်တယ်။ အဲဒါက Playboy’s website ကနေ မပေါ့တပေါ် အမျိုးသမီးဓါတ်ပုံတွေကို အသစ်တင်လိုက်တိုင်း ကျောင်းသူကျောင်းသားတွေရဲ့ကွန်ပြူတာ screen တွေပေါ်မှာ အလိုအလျောက် လာပေါ်နေအောင် လုပ်ပေးထားတာပါ။ ကျောင်းသားတွေက သိတ်သဘောကျကြပေမဲ့ ကျောင်းသူတွေက တက္ကသိုလ်အုပ်ချုပ်ရေးမှုးဆီ စာတင်ကန့်ကွက်ကြလို့ ဆာဂေးဟာ အဲဒီပရိုဂရမ်ကို ဖျက်ပေးလိုက်ရပါတယ်။
၁၉၉၅ ခုနှစ်မှာ ဆာဂေးဟာ သူ့လိုပဲ ဒေါက်တာဘွဲ့ယူဖို့ သင်တန်းတက်နေတဲ့ လယ်ရီပေ့ဂ်ျ (Larry Page) နဲ့ ကျောင်းအစည်းအဝေးတခုမှာ ဆုံမိပြီးမိတ်ဆွေဖြစ်သွားကြတယ်။ သူတို့ ၂ ယောက်စလုံးဟာ များပြားလှတဲ့ သတင်း (information) တွေထဲကနေ လိုချင်တဲ့ အချက်အလက် (data) ကို ဆွဲထုတ်ယူချင်တဲ့ ဝါသနာချင်းတူနေကြတာကြောင့် အချိန်တိုအတွင်းမှာပဲ အရမ်းကို ခင်မင်ရင်းနှီးသွားကြတယ်။ သူတို့ ၂ ယောက်ပေါင်းပြီး Stanford ကျောင်းသားတွေ စာတမ်းလုပ်ရာမှာ သုံးဖို့ BackRub ဆိုတဲ့ Search Engine ပရိုဂရမ်တခုကို တီထွင်လိုက်ကြတယ်။ BackRub ကိုသုံးပြီး ကျောင်းသားတွေဟာ လိုချင်တဲ့ အချက်အလက်တွေကို ဝက်ဆိုဒ်ပေါင်းများစွာကနေ အချိန်တိုတိုအတွင်း ဆွဲယူကြည့်နိုင်ပါတယ်။
ဒါပေမဲ့ BackRub မှာ အကန့်အသတ်တွေ ရှိနေတာကြောင့် ဆာဂေးနဲ့ လယ်ရီတို့ဟာ အချက်အလက်တွေကို ပိုမိုတိကျပြီး ပိုလဲမြန်အောင် ဆွဲထုတ်ပေးနိုင်တဲ့ search engine အသစ်တခု တီထွင်ဖို့ ပရိုဂရမ်တခုကို ကြိုးစားရေးဆွဲကြတယ်။ ပရိုဂရမ် ရေးဆွဲပြီးသွားပြီ။ နာမည်ပေးရတော့မယ်။ သူတို့ ရွေးလိုက်တဲ့ နာမည်က Googol ပါ။ Googol ရဲ့ အဓိပ္ပါယ်က ၁ နောက်မှာ သုညတွေ အများကြီးရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ စာလုံးပေါင်းမှားရေးမိပြီး Stanford တက္ကသိုလ်ရဲ့ ဝက်ဆိုဒ်ပေါ်မှာ “Google” နာမည်နဲ့ မှတ်ပုံတင်လိုက်တယ်။ မှတ်ပုံတင်ပြီးမှ စာလုံးပေါင်းမှားနေတာကို သတိပြုမိကြတယ်။ သူတို့လဲ မထူးတော့ပါဘူးဆိုပြီး စာလုံးမှား Google ကို မပြင်ကြတော့ဘူး။ ဒါကြောင့် google.stanford.com ဝက်ဆိုဒ်ဟာ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပေါ်ပေါက်လာခဲ့တယ်။
သူတို့ ထွင်လိုက်တဲ့ Search Engine အသစ် “Google” ကို Stanford က ကျောင်းသူကျောင်းသားတွေ အရမ်းသဘာကျနေကြတယ်။ ဒါကို သိတဲ့ ဆာဂေးတို့ ၂ ယောက်ဟာ Google ကို ကျောင်းသားတွေအတွက်သာမကပဲ ကျောင်းပြင်ပက လူတွေပါ အသုံးပြုနိုင်ဖို့ စဉ်းစားလာကြတယ်။ သူတို့ရဲ့ Google ကို AltaVista ကုမ္ပဏီက ဒေါ်လာ တစ်သန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ အရောင်းအဝယ်မဖြစ်လိုက်ဘူး။ နောက်တခါ သူတို့ဟာ Yahoo နဲ့ အရောင်းအဝယ် ဈေးဆိုင်ကြပြန်တယ်။ ဒါလဲ အရောင်းအဝယ် မဖြစ်ပြန်ပါဘူး။
အဲဒီလို အရောင်းအဝယ်ဖြစ်ခါနီးမှာ ပျက်ပျက်သွားတာကို စိတ်မရှည်ကြတော့လို့ သူတို့ဖါသာ Google နာမည်နဲ့ပဲ ကိုယ်ပိုင်ကုမ္ပဏီတခု ထောင်လိုက်ကြတယ်။ ဆာဂေးက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ (President) နဲ့ လယ်ရီက CEO တာဝန်ယူလိုက်ကြတယ်။ ဒါပေမဲ့ ကုမ္ပဏီစတင်လည်ပတ်ဖို့ ရင်းနှီးမတည်ငွေ လိုလာပြီ။ Cisco Systems က အစုငွေ တစ်သိန်း ထဲ့ဝင်လို့ Google ကုမ္ပဏီကို ၁၉၉၈ ခုနှစ် နှစ်လယ်မှာ ဖွင့်လှစ်နိုင်လိုက်တယ်။ ရုံးခန်းနေရာက သူငယ်ချင်းတယောက်ဆီက ငှားလိုက်တဲ့ ကားဂိုဒေါင်တခုမှာပါ။ သူတို့ ၂ ယောက်စလုံးလဲ ဒေါက်တာဘွဲ့အတွက် ကျောင်းဆက်မတက်ကြတော့ဘူး။ သူတို့မိဘတွေက ကျောင်းဆက်မတက်ကြတာကို မကျေနပ်ကြပေမဲ့ သူတို့ဝါသနာပါတာ လုပ်ကြတာမို့ မတားမြစ်ကြပါဘူး။
==================================
၂၀၀၄ ခုနှစ် သြဂုတ်လမှာ Google ရဲ့ အစုရှယ်ယာတွေကို လူထုကို ထုတ်ရောင်းတယ်။ စရောင်းတဲ့နေ့မှာပဲ ရှယ်ယာအစုပေါင်း ၁၉ သန်းဖိုး ရောင်းချလိုက်ရတယ်။ ရှယ်ယာတစုကို စရောင်းတုံးက ၈၅ ဒေါ်လာပဲ ရှိခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်မှာ ဒေါ်လာ ၁၀၀ အထိ၊ ၂၀၀၇ ခုနှစ်မှာ ဒေါ်လာ ၆၀၀ အထိ မြင့်တက်လာခဲ့တယ်။ Google ဟာ ရှယ်ယာတွေကနေ ငွေသားချည်းပဲ ဒေါ်လာ ၃ ဘီလီယံရခဲ့လို့ ဆာဂေးနဲ့ လယ်ရီတို့ ၂ ယောက်စလုံးလဲ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်သွားကြတယ်။
==================================
ဇွန်လလယ်မှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှပေမဲ့ ဘဝကို အရှုံးမပေးပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၀၃-၀၆-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။