ဝပ်နေတဲ့ ကျား
(ဆောင်းပါးရှင် - နီမင်းဆွေ)
ခုတစ်လော တစ်ကမ္ဘာလုံးမှာရှိတဲ့ ပုရိသ ယောက်ျားတွေသာမက အမျိုးသမီးတချို့ပါ စိတ်ဝင်စားနေကြတာကတော့ ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲအကြောင်းပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီဘောလုံးပွဲတွေကိုကြည့်ပြီး ပရိသတ်တွေဟာ အထင်စုံ၊ အမြင်စုံ၊ ခံစားမှုမျိုးစုံကို ရနေကြမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲအပြီးမှာ ဝမ်းပန်းတနည်း ငိုချလိုက်တဲ့ ဘောလုံးသမားတွေ၊ ငိုချင်ပေမယ့် ငိုလို့မရလို့ ရင်ထဲကခံစားချက်ကို မချိမဆံ့ ခံစားနေရတဲ့ ဘောလုံးသမားတွေ၊ ငိုရတော့မလိုလို ဖြစ်နေတဲ့ မျက်နှာကနေ ရုတ်တရက်ချက်ချင်း ထခုန်မိလောက်အောင် ဝမ်းသာလုံးဆို့သွားကြတဲ့ နည်းပြတွေ၊ ပွဲကြည့်စဉ်တွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ငိုကြ၊ ရယ်ကြ ဖြစ်နေကြတဲ့ အမျိုးသမီးတွေရဲ့ အထူးအဆန်း မြင်ကွင်းတွေကို မျိုးစုံအောင် တွေ့မြင်နေကြရလို့ပါပဲ။
ကိုယ့်အနေနဲ့ အဲဒီမြင်ကွင်းတွေကိုကြည့်ပြီး ရလိုက်တဲ့ အတွေးအမြင်တစ်ခုကတော့ အများတကာတွေနဲ့ တူနိုင်လိမ့်မယ် မထင်ဘူး။ အုပ်စုပြိုင်ပွဲတွေမှာ အာရှသားစစ်စစ်တွေ ဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အသင်းဟာ အုပ်စုအဆင့်ကပဲ အိမ်ပြန်ခဲ့ကြရပါတယ်။ ဒါကိုကြည့်ပြီး ကိုယ်သဘောပေါက်လိုက်တာကတော့ အားကစားမှာ ကျန်တာတွေကို လိုက်ပြိုင်ချင်ရင် ပြိုင်လို့ရမယ် ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးမှုနဲ့ ပါဝါလို့ အားကစားသမားတွေ ခေါ်ကြတဲ့ အတွင်းအားကိုတော့ ရုတ်တရက်ချက်ချင်း လိုက်ပြိုင်လို့ မရနိုင်ဘူး ဆိုတာပါပဲ။ အာရှသားတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ဘောလုံးသမားတွေဟာ ဥရောပ၊ အာဖရိကနဲ့ အမေရိကတိုက်တွေက တခြားဘောလုံးသမားတွေနဲ့ နှိုင်းယှဉ်ရင် အရပ်အမောင်းမှာ သိသိသာသာကြီး မကွာလှပေမယ့် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးမှုနဲ့ အတွင်းအားလို့ခေါ်တဲ့ သက်လုံကောင်းကောင်းနဲ့ ပွဲပြီးတဲ့အထိ ရေကုန်ရေခန်း လိုက်ကစားနိုင်တဲ့ နေရာမှာတော့ တော်တော့်ကို ကွာနေတာကို တွေ့ရပါတယ်။
အာဖရိက,က ဘောလုံးသမားတွေကတော့ အရပ်အမောင်းကောင်းသလို ကိုယ်လုံးကလည်း သွယ်လျပြီး ကိုယ်ခန္ဓာကလည်း ကြံ့ခိုင်ကြတယ်။ နောက်ပြီး ဥရောပက ဘောလုံးသမားတွေထက် အားသာတာ တစ်ချက်ကတော့ အပူဒဏ်ကို ပိုခံနိုင်တာပါပဲ။ ဒါ့ကြောင့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အင်မတန်ပူတဲ့ ကာတာနိုင်ငံမှာ ကျင်းပရင် အတွင်းအားတွေကောင်းပြီး အပူဒဏ်ကို ပိုခံနိုင်ကြတဲ့ အာဖရိကားက ဘောလုံးအသင်း နှစ်သင်း၊ သုံးသင်းလောက်တော့ ကွာတားဖိုင်နယ်ကို တက်လာနိုင်ကြလိမ့်မယ်လို့ စိတ်ထဲမှာ အာရုံရနေမိတယ်။
ကိုယ်တို့ အာရှတိုက်သားတွေအနေနဲ့ အားကစားမှာ ဥရောပ၊ အမေရိကနဲ့ အာဖရိကက အားကစားသမားတွေကို အမြန်ဆုံး ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်ချင်တယ်ဆိုရင် ဘိလိယက်၊ စနူကာ၊ စစ်တုရင်၊ မြင်းစီး၊ မြားပစ် စတာတွေလောက်ပဲ လုပ်လို့ရနိုင်မယ် ထင်ပါတယ်။ တခြား ကိုယ်ခန္ဓာ၊ အရပ်အမောင်းနဲ့ ခွန်အားကိုအသုံးပြုပြီး ယှဉ်ပြိုင်ရမယ့် အားကစားတွေမှာ ဝင်ပြိုင်ချင်တယ်ဆိုရင်တော့ ကိုယ်ခန္ဓာဖွံ့ထွားအောင် ဆယ်စုနှစ် နှစ်ခုလောက်တော့ ကိုယ့်ကလေးတွေကို ပြုစုပျိုးထောင်ပြီးမှ ဝင်ပြိုင်လို့ရနိုင်မယ် ထင်ပါတယ်။ ဒီလို ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ပါဝါတက်လာအောင် လုပ်ဖို့ကလည်း သိပ်တော့ မခက်လှပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗီယက်နမ်စစ်အပြီးမှာ အမေရိကားကို ခေါ်သွားခံရတဲ့ နှစ်နှစ်သား၊ သုံးနှစ်သားအရွယ် မိဘမဲ့ ကလေးတွေဟာ အခုဆိုရင် အရပ်အမောင်း ခြောက်ပေပတ်ဝန်းကျင်လောက် ရှိနေကြတဲ့ လူကြီးတွေ ဖြစ်နေကြလို့ပါပဲ။ အဓိက,ကတော့ အမေရိကားရောက်သွားတဲ့ အချိန်မှာ သူတို့စားသောက်ရတဲ့ အစားအသောက်တွေက အဟာရနဲ့ ပြည့်စုံနေကြလို့ပဲ ဖြစ်ပါတယ်။
ကိုယ်တို့ အာရှတိုက်သားတွေ အနေနဲ့ ခန္ဓာကိုယ်ကို အားကိုးပြီး ယှဉ်ပြိုင်လို့မရရင် ဦးနှောက်ကို အသုံးပြုရတဲ့ နေရာတွေမှာရော ကျန်တဲ့တိုက်သားတွေနဲ့ ယှဉ်ပြိုင်လို့ မရနိုင်ဘူးလားလို့ တွေးကြည့်လိုက်မိပါတယ်။ အဲဒီအခါမှာ တိုင်ဝမ်နွယ်ဖွား တရုတ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ ‘အန်းလီ’ (Ang Lee) ကို သွားသတိရမိပါတယ်။ အန်းလီဟာ ဗြိတိသျှ စာရေးဆရာမကြီး ‘ဂျိန်းအော်စတင်’ (Jane Austen) ရဲ့ ဂန္ထဝင်ဝတ္ထုဖြစ်တဲ့ (Sense and Sensibility) ကို ရိုက်ကူးတင်ဆက်တဲ့အခါ အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိမြတ်ပြီး အထူးအောင်မြင်ခဲ့ပါတယ်။ နောက်ပြီး သူဟာ တရုတ်လူမျိုး သိုင်းဝတ္ထုစာရေးဆရာ ‘ဝမ်ဒုလူ’ (Wang Dulu) ရဲ့ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ပြီး ကမ္ဘာသိအောင် လုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်တယ်။
ဝမ်ဒုလူဟာ ၁၉ဝ၉ ခုနှစ်မှာ ပီကင်းအနီးမှာ ဖွားမြင်ခဲ့ပြီး သတင်းစာတိုက် စာရေးလေးအဖြစ် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသူပါ။ သူဟာ ၁၉၃၈ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်အထိ သိုင်းဝတ္ထုတွေကို စဉ်ဆက်မပြတ် ရေးခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ စာရေးတဲ့အလုပ်ကိုရပ်ပြီး ကျောင်းဆရာလုပ်ခဲ့ပါတယ်။ သူဟာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တောနယ်တစ်နယ်ကို နယ်နှင်တာခံရပြီး ၁၉၇၇ ခုနှစ်မှာ အဲဒီမှာပဲ အပြင်းဖျားပြီး ကွယ်လွန်သွားခဲ့တာပါ။ ဒါ့ကြောင့် သူ့ဝတ္ထုတွေကို လူတွေ သိပ်မသိခဲ့ပါဘူး။ အန်းလီကြောင့်သာ သူ့ရဲ့ ‘ဝပ်နေတဲ့ ကျား ပုန်းနေတဲ့ နဂါး’ (Crouching Tiger, Hidden Dragon) ဆိုတဲ့ဝတ္ထုဟာ ရုပ်ရှင်အဖြစ် ပေါ်ထွက်လာရပြီး အရှေ့တိုင်းက မထင်မရှား စာရေးဆရာတစ်ယောက်ကို ကမ္ဘာက သိလာခဲ့ရတာ ဖြစ်ပါတယ်။ တိုင်ဝမ်နွယ်ဖွား မင်းသား ‘ချန်ချင်း’ ဟာ ဒီဇာတ်ကားထဲမှာ ‘တိမ်မည်း’ လို့လည်းခေါ်တဲ့ လူဆိုးလေး ‘လို’ အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ကားထဲမှာ သူပြောသွားခဲ့တဲ့ စကားလေးတွေကိုလည်း ကြည့်ပါဦး။
‘ကိုယ်ဟာ ငယ်စဉ်ကတည်းက အဖေရော အမေရော မရှိခဲ့တဲ့လူပါ။ ကိုယ်ကလေးဘဝမှာတုန်းက ဒီသဲကန္တာရကြီးရဲ့ ညတစ်ညမှာ ကြယ်တွေအများကြီး ကြွေတာကို တွေ့ခဲ့ရဖူးတယ်။ ဒီကြယ်တွေ ဘယ်နားမှာ ကြွေကျသွားကြသလဲဆိုတာ အဲဒီတုန်းကတည်းက သိပ်သိချင်နေခဲ့တာပေါ့။ သဲကန္တာရကြီးရဲ့ တစ်ဖက်စွန်းထိ မြင်းနဲ့စီးပြီး သွားကြည့်ရင် ကြယ်ကြွေတွေကို တွေ့ရမှာပဲလို့ တကယ်ပဲ ယုံကြည်ခဲ့မိတယ်။ ဒါ့ကြောင့်လည်း အခုအချိန်ထိ ဒီသဲကန္တာရကြီးတစ်ခုလုံး နေရာအနှံ့ လိုက်လျှောက်သွားနေခဲ့တာပဲ။ အခုမှသာ လောကကြီးထဲက အလှပဆုံး ကြယ်တစ်ပွင့်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတာ’ လို့ ချစ်သူကို တင်စားပြောလိုက်တဲ့ အခန်းလေးဟာ ပရိသတ်ရဲ့ရင်ကို စွဲငြိစေခဲ့ပါတယ်။ ဒါတွေဟာ တရုတ်နိုင်ငံမြောက်ပိုင်းက အင်မတန်မှဆင်းရဲတဲ့ မိသားစုတစ်စုက ပေါက်ဖွားလာခဲ့တဲ့ မထင်မရှား စာရေးဆရာတစ်ယောက်ရဲ့ နှလုံးသားထဲက ပွင့်အန်ကျလာတဲ့ စာသားတွေဆိုရင်လည်း မမှားပါဘူး။
အဲဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ လူဆိုးလေး ‘လို’ က ဘုရင်ခံရဲ့ သမီးဖြစ်တဲ့ ချစ်သူ ‘ယူ’ အတွက် ဂိုဘီသဲကန္တာရကြီးရဲ့ အလယ်မှာရှိတဲ့ ဂူကြီးတစ်ခုထဲမှာ တောကြက်သားကိုကင်ပေးပြီး ကြည်လင်နေတဲ့ စမ်းရေတွေကို ခပ်ပေးခဲ့ပါတယ်။ အဲဒီအခန်းကိုကြည့်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးကြရပြီး သိင်္ဂါရရသကို ခံစားကြရပါတယ်။ တကယ်တော့ ဒီကိစ္စဟာ စာရေးဆရာရဲ့ ဈာန်ကွန့်မြူးချက် သက်သက်သာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂိုဘီသဲကန္တာရကြီးဟာ အအေးဆုံးအချိန်မှာ အနုတ် ၄ဝ ဒီဂရီ စင်တီဂရိတ်၊ အပူဆုံးအချိန်မှာ ၅ဝ ဒီဂရီစင်တီဂရိတ်အထိ ရှိလို့ဖြစ်တယ်။ ဒါ့အပြင် တစ်ရက်တည်းမှာပဲ အပူချိန်ကွာခြားမှုဟာ ၃၅ ဒီဂရီစင်တီဂရိတ်ထိ ရှိတတ်ပါသေးတယ်။ သဘောကတော့ မနက်ပိုင်းမှာ ၁၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိနေရာက နေ့လယ် ၁၂ နာရီလောက်ကျတော့ ၅ဝ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်တက်သွားတာမျိုးကို ဆိုလိုတာပါ။ သစ်တောသစ်ပင်မရှိလို့ ရာသီဥတု ကြမ်းတမ်းပြီး အခုလို ကြောက်စရာကောင်းလှတဲ့ နေရာဒေသတစ်ခုဟာ ရေးဖွဲ့တတ်သူ ဝမ်ဒုလူရဲ့ ကလောင်ဖျားမှာ သာယာလာတာကို တွေ့ကြရပါတယ်။ ဒီလိုပါပဲ အဲဒီဇာတ်ကားထဲက ပေကျင်း၊ ကန်တုံ၊ တိုင်ဝမ်နဲ့ မလေးရှားတို့မှာ ပေါက်ဖွားကြီးပြင်းလာကြတဲ့ အဓိကသရုပ်ဆောင် လေးဦးဟာ တရုတ်ဘာသာစကား Mandarin ကို ပြောကြတဲ့အခါမှာ လေသံတွေ အတော်ဝဲနေကြလို့ တရုတ်လူမျိုးစစ်စစ်တွေ နားထောင်ရတာ တော်တော်ကသိကအောက် ဖြစ်ကြရပေမယ့် အန်းလီကိုယ်တိုင် စီစဉ်ခဲ့တဲ့ အင်္ဂလိပ်စာတန်းထိုးတွေ ကောင်းလွန်းတဲ့အတွက် ဒီဇာတ်ကားဟာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားဆုကို ရခဲ့တာပါ။ အန်းလီ ဘာလို့ အင်္ဂလိပ်စာ တော်ရတာလဲဆိုတာကို ကြည့်လိုက်ပြန်တော့လည်း သူဟာ ၁၉၇၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ အီလီနွိုင်းတက္ကသိုလ်က ဘွဲ့ယူနိုင်ခဲ့လို့ ဖြစ်တယ်ဆိုတာကို တွေ့ရပြန်ပါတယ်။
ဝပ်နေတဲ့ကျားဟာ လူဆိုးလေး ‘လို’၊ ပုန်း နေတဲ့နဂါးဟာ ဘုရင်ခံရဲ့သမီး ‘ယူ’ ဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲမှာ ငုပ်လျှိုးနေတဲ့ အတွင်းအားတွေ ရှိနေကြတယ်လို့ စာရေးဆရာက သူ့ရဲ့မူရင်းဝတ္ထုထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားနိုင်တဲ့အပြင် ကိုယ့်ထက်တော်၊ ကိုယ့်ထက်တတ်တဲ့ သူတွေဆီက ပညာကို သင်ယူဆည်းပူးနိုင်မှ ကိုယ်တို့ကလေးတွေရဲ့ အတွင်းအားတွေ ပေါ်ထွက်လာကြပြီး အချိန်ကာလ အတော်ကြာအောင် ဝပ်နေခဲ့တဲ့ မြန်မာ့အားကစားဆိုတဲ့ ကျားဟာ ဝပ်နေရာက ထလာနိုင်မှာ ဖြစ်ပါတယ်။
(Crouching Tiger, Hidden Dragon ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။