Emperor ၏ ဧကရာဇ်တစ်ပါး (သို့မဟုတ်) ဇော်မျိုးထွဋ်
-----------------
-----------------
ဂစ်တာသမားတစ်ယောက် ခေါင်းငိုက်စိုက်ကျလျက် မရယ်မပြုံး မျက်နှာနှင့် မျက်လုံးများကတော့ စူးရှလျက်ရှိသည်။ လှိုင်းတွန့်ဆံပင်ရှည်များက ပခုံးပေါ်ကျော်လျက် ကျောအလယ်သို့ ၀ဲကျလျက်ရှိသည်။ မကြာမီ သူ၏ Solo အလှည့်ရောက်တော့မည်။ သီချင်း၏ Chorus အဆုံး "ရေဒီယိုလေး မရှိတော့ဘူး" အဆုံး၌ 16th Note Hammer on - Pull off တီးပြီး Solo အစကို ခေါ်လိုက်သည်။ ထို့နောက် စူးရှသော Distorted Guitar အသံက ဖောက်ထွင်းဝင်လာသည်။ သီချင်း၏ Main Solo ဖြစ်သည်။ String Bending Note များမှာ ခွဲစိပ်ဓါးထက်ထက်ဖြင့် ၀ိဥာဉ်ထဲအထိ အခွဲခံလိုက်ရသလို စူးစူးနစ်နစ် ရှိလှသည်။ Solo မှာ ရှုပ်ယှက်ခတ်မနေ၊ သီချင်းရဲ့ Verse တွင်သုံးသော Chord Progression အထဲတွင်ပဲ သီချင်း၏ Melody ကို outline လုပ်၍ Solo အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
String Bending များမှာ ကျောရိုးထဲတွင် လျှပ်စစ်ဓါတ် အတို့ခံရသလို ခံစားရသည်။ String Attack မှာ aggressive ဖြစ်သော်လည်း control အပြည့်ဖြစ်သည်။ Solo အစအဆုံး Right time, right place, right pitch ဘာမှ အပိုအလိုမရှိ။ ဒီလိုနှင့် မြန်မာပြည်ရဲ့ ဂန္တ၀င် Rock Guitar Solo တစ်ခု မွေးဖွားလာခဲ့သည်။ ထို Solo ကို ဖန်တီးသူကတော့ ဇော်မျိုးထွဋ် ၊ Emperor ရဲ့ rightful ဧကရာဇ် မြန်မာပြည်ရဲ့ ဂုဏ်ယူရသော ဂစ်တာသူရဲကောင်း တစ်ဦး။
အထက်မှာ ပြောခဲ့သော သီချင်းမှာ ဇော်ဝင်းထွဋ် "နေရာသစ်" စီးရီး ရဲ့ အဖွင့်သီချင်း "အသည်းကွဲရေဒီယို"။ နေရာသစ် စီရီးတစ်ခွေလုံးတွင် ကိုဇော်မျိုး ၏ ဂစ်တာအယူအဆ၊ Note Choices, Note Phrasing များမှာ ရဲရင့်သည်။ Rock ဂီတ၏ သန်မာမှုကို ပြသည်။ Fast Picking, Pinch Harmonic များ၊ Tapping အစရှိသော Rock ဂစ်တာ တီးရာတွင် သုံးသော technique များကို နေရာတကျ အသုံးပြုသွားသည်။ အထူးသဖြင့် String Bending ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားသည်။ အထူးသဖြင့် "ပျက်သုန်းခြင်း" သီချင်း Solo တွင် သူ၏ 'Bend and Release' technique ဖြင့် Note များကို sustain လုပ်ပြသွားတာ အသည်းခိုက်စရာ ကောင်းသည်။ ယခုအခါတွင် "နေရာသစ်" မှ Guitar Solo များမှာ ဂန္တ၀င် Solo များ ဖြစ်နေကြပြီ။ မြန်မာပြည်ရဲ့ ဂန္တ၀င် Rock ဂစ်တာတီးဟန်များ၏ ပြယုဂ် တစ်ခု အဖြစ် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီ။။ ကိုဇော်မျိုး ၏ Guitar Solo များမှာ သီချင်း၏ ကန့်လန့်ကာ အသစ်ကို ဖွင့်လှစ်ပေးသည်။ သို့သော် သူ၏ Solo များမှာ သီချင်းနှင့် သီးခြားဖြစ်မနေ။ သီချင်းကို ပံ့ပိုးမှုပေး၍ ဆက်စပ်မှု အပြည့်ရှိသည်။
"နေရာသစ်" နောက်တွင် "မျှော်လင့်ခြင်းခရီးသည်များ" ထို့နောက် ပို၍ ပြင်းပြင်းထန်ထန် ရှိလှသော "ဆေးပေါင်းခတဲ့ည" "အားလုံးရဲ့ ကိုယ်စား" "ပြတိုက်ထဲကနေ့/ည" စီးရီးများတွင်လဲ ကိုဇော်မျိုး၏ ပြင်းထန်သော Rock ဂီတ၏ လောင်ကျွမ်းမှုများကို တွေ့ရသည်။ ကိုဇော်မျိုးသည် သူ၏ Solo များကို သေချာ Plan လုပ်၍ ဖန်တီးသည် ဟု ခံစားမိသည်။ သူ၏ Solo များမှာ Well-constructed Solo များဖြစ်သည်။ ဥပမာ - ဆေးပေါင်းခတဲ့ည (၁) Solo ၌ Note Phrasing များမှာ အသည်းခိုက်စရာ ကောင်းသည်။ Melodic ဖြစ်သည်။ Speed သီချင်းဖြစ်လို့ 16th Note ချည်းအားဖြင့် နားထောင်သူကို မပျင်းစေရ။ Note များကြားတွင် Breathing Space ပေးထားသောကြောင့် နားထောင်သူကို မပျင်းစေရ။ Legato run များမှာ အသည်းထဲစိမ့်နေအောင် ကောင်းလှသည်။ "အားလုံးရဲ့ ကိုယ်စား " အခွေမှာလဲ ကိုဇော်မျိုး၏ တီးခတ်ဟန် အသစ်များကို တွေ့ရသည်။ အထူးသဖြင့် ထို အခွေထဲမှ တချို့သီချင်းများ၏ Solo တွင် Dual-Attack Style (ဂစ်တာသမားနှစ်ယောက် တီးခတ်ဟန်) များသုံးထားသည်မှာလဲ သဘောကျစရာ ကောင်းလှသည်။ ထို အခွေထဲ၌ "ရေစိုနေသောစကားလုံးများ" သီချင်း၏ Solo ကို ခြောက်ခြားခြင်း၊ ကြေကွဲမှု၊ ၀မ်းနည်းခြင်းများ ပေါ်လွင်အောင် ဖန်တီးထားသည်မှာ မိန်းကလေးတစ်ယောက် မိုးရေထဲတွင် နာနာကျည်းကျည်း ငိုနေသည်ကို မျက်စိထဲတွင် ပေါ်စေသည်။ ( ထို Solo ၏ Tapping အပိုင်းတွင် ငိုသံများ တကယ်ကြားနေရသလို ခံစားရသည်။) "သဘာဝတေးသွား" သီချင်းအား ပြန်ဆန်းသစ်ထားသည်မှာ မြန်မာပြည်တွင် ဒီလိုဂစ်တာသမားမျိုး ရှိပါလားဟူ၍ ကျေနပ်မိသည်။ ထို သီချင်း၌လည်း ကိုဇော်မျိုး ၏ Guitar arrangement, Philosophy နှင့် သူ၏ Rock ဂစ်တာ အယူအဆများကို အပြည့်အ၀ တွေ့ရှိနိုင်သည်။ "မဟာ" အခွေတွင်လည်း ကိုဇော်မျိုး၏ Rock/Metal တီးဟန်များမှာ အလွန်ပင် အရသာရှိလှသည်။ ထို အခွေ၌ သီချင်းများမှာ Judas Priest, Iron Maiden တို့၏ Power Metal ဟန်များပါသော်လည်း ကိုဇော်မျိုး၏ Guitar Solo များမှာ တမူဆန်းသစ်သည်။ မဟာ -၂ ၊ မဟာ -၃ သီချင်း များ၌ Harmonic Minor Scale များနှင့် Phrygian - dominant mode များ ထည့်သုံးထားသည်မှာ အလွန်ပင် ပညာယူစရာ ကောင်းသည်။ "ပြတိုက်ထဲကနေ့/ည" အခွေ နောက်ပိုင်းတွင် ကိုဇော်မျိုး ၏ ပြင်းပြင်းထန်ထန် Rock ဂစ်တာ အသံများ သိပ်မကြားမိသလို ခံစားမိသည်။
သို့သော်လည်း "တစ္စေလမ်း" စီးရီး၌ "တစ္စေလမ်း" သီချင်း Solo အားဖြင့် ကျွန်တော့်အား နှစ်သိမ့်စေသည်။ (ထို solo မှာ Randy Rhoads ရဲ့ Over the mountain ကို သတိရစေသည်) ကိုဇော်မျိုးသည် Copy အခွေများစွာ တီးခဲ့သည်။ ကိုယ်ပိုင်ဖန်တီးမှုမှာလည်း အားကောင်းလှသည်။ တချို့ Copy သီချင်းများတွင်လည်း သူ၏ ကိုယ်ပိုင်ဟန် Solo များ ထည့်သုံးသည်။ ဥပမာ "ပဲရစ်မြို့ကို ပြန်ယူသွား" တွင် Outro Solo မှာ သူ၏ ကိုယ်ပိုင်ဖြစ်သည်။ အဲဒီ Solo က ကျွန်တော် အိပ်မက်ထဲ အထိ ကြားမိသော Solo ဖြစ်သည်။ ထို တီးဟန်များကို သူ ကိုယ်တိုင်လည်း မတီးတော့ ၊ မြန်မာပြည်က ဘယ်ဂစ်တာသမားဆီကမှ မကြားမိသေးသော တီးဟန်များ ဖြစ်သည်။ ကိုဇော်မျိုးသည် Rocker ဖြစ်သည်။ Emperor ၏ ဧကရာဇ် တစ်ပါး ဖြစ်သည်။ သူ၏ Rock ဂီတအပေါ်ထားသော အချစ်သည် ကြီးသည်။ ယခုအထိလည်း Rock ဂစ်တာ အသံများကို ဖန်တီးနေဆဲဖြစ်သည်။ Rock/Metal များသာမက သူ၏ Blues Music တီးခတ်ခြင်းမှာလည်း American လူမည်းများ Blues သမားများထက် မနိမ့်ကြောင်း "အမုန်းမြို့ရဲ့အဝေးမှာ" စီးရီးတွင် သက်သေပြခဲ့သည်။ အကယ်၍ ကိုဇော်မျိုးသည် မြန်မာလူမျိုးတစ်ယောက် မဖြစ်ဘဲ American (သို့) England တွင် မွေးဖွားသော ဂစ်တာသမား တစ်ယောက် ဖြစ်ခဲ့လျှင် Deep Purple ကဲ့သို့သော ဂန္တ၀င် Rock Band ကို ထူထောင်သူတစ်ယောက် ဖြစ်ခဲ့ပေတော့မည်။ မြန်မာပြည်တွင်လည်း Emperor တစ်ခု ၊ ကျွန်တော်တို့ ဂုဏ်ယူရတဲ့ Rock Guitarist တစ်ယောက် အဖြစ် ရှိခြင်းမှာလည်း ကျွန်တော်တို့ မြန်မာလူမျိုး ဖြစ်ရခြင်းအတွက် ဂုဏ်ယူရမည့် အချက်များထဲတွင် ပါဝင်ပေတော့သည်။

ချစ်ခြင်းအားဖြင့်
အောင်အောင်
အောင်အောင်
မှတ်ချက်။ ။ စာရေးသူအောင်အောင်ဟာ နယူးယောက်မြို့အခြေစိုက်တဲ့မြန်မာဂစ်တာသမားတဦးဖြစ်ပါတယ်။ (ကိုဝီ)
Photo Credit: - Peter Aung.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။