Nyein Chan Win with Nay Ko Ko and 47 others
ဆရာဆိုတာ…
========
========
ဟိုးရှေးရှေးတုန်းက ဒိသာပါမောက္ခကြီးတစ်ဦးရှိပါသတဲ့…။
ဆရာကြီးဟာ ပညာတော်ရုံသာမက စိတ်နေသဘောထားလည်း အလွန်ကောင်းတဲ့အတွက် တပည့်များစွာလာရောက်ပညာဆည်းပူးကြပါတယ်…။ ...
တစ်နေ့မှာတော့ တပည့်တစ်ယောက်ဟာ ခိုးမှုကျူးလွန်တာကို အခြားတပည့်တွေကသိတော့ ဆရာကြီးကို လာတိုင်တာပေါ့…။ ဒါပေမယ့် ဆရာကြီးက အပြစ်ရှိတဲ့ တပည့်ကို ဘာမှ အပြစ်မပေးဘဲနေလိုက်ပါတယ်…။

နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာလည်း ဒီတပည့်လေးဟာ ခိုးမှုထပ်ကျူးလွန်ပြန်ပါတယ်…။ ဒီတစ်ခါလည်း ဆရာကြီးကသိပေမယ့် ဒီလိုပဲ မသိချင်ယောင်ဆောင်နေလိုက်ပြန်ပါသတဲ့..။
ဒီတော့ မကျေနပ်ကြတဲ့ အခြားကျောင်းသားတွေက ဆရာကြီးဆီစာတစ်စောင်ရေးပို့ပါတယ်… စာကတော့ ဒီသူခိုးကျောင်းသားကို ကျောင်းကနေနှင်ထုတ်ပေးဖို့…ဒီလိုအကျင့်ပျက်တဲ့သူနဲ့ သူတို့အတူ မနေနိုင်ကြောင်း … သူ့ကိုဆက်လက်ခံထားပါက သူတို့အားလုံး ကျောင်းကထွက်ခွာသွားကြမယ့်အကြောင်း ဆရာကြီးကို အကျပ်ကိုင်ပါတော့တယ်…။
ဆရာကြီးက ကျောင်းသားအားလုံးကို ခေါ်လိုက်ပါတယ်…။ ကျောင်းသားအားလုံး စုဝေးရောက်ရှိလာချိန်မှာတော့ မကျေမနပ်ဖြစ်နေတဲ့ကျောင်းသားတွေကို ပြောတယ်…
“တပည့်တို့… မင်းတို့ဟာ လူတော်လေးတွေပါ… အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တယ်…မင်းတို့ ဒီကထွက်သွားလည်း မင်းတို့အတွက် တခြားဆရာတွေဆီမှာ ပညာဆက်သင်ဖို့ ဘာအခက်အခဲမှမရှိဘူး…ဒါပေမယ့်ကွာ…မင်းတို့အတူ ပညာသင်ဘက် မင်းတို့ရဲ့  ညီငယ်လေးအတွက်လည်း စဉ်းစားကြဦးလေ… သူ့ခမျာ အမှားမှန်ကို မင်းတို့လိုမခွဲခြားနိုင်သေးလို့ မလုပ်သင့်တာတွေ လုပ်နေတာ… သူ့ကို ငါမှမဆုံးမ မသွန်သင်ပေးရင် ဘယ်သူက သွန်သင်ပေးမှာလဲ…သူကိုလက်ခံထားလို့ မင်းတို့ ထွက်သွားမယ်ဆိုရင်တောင် ငါသူ့ကို နှင်မထုတ်ရက်ဘူး…”
ဆရာကြီးရဲ့  စကားလည်း ဆုံးရော အပြစ်ရှိတဲ့ကျောင်းသားလေးဟာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာ…ပြီး..နောင်တတရားတွေရကာ…ဘယ်တော့မှာ သူတစ်ပါးပစ္စည်းကို မခိုးတော့ပါဘူးတဲ့…။ နောင်အခါမှာတော့ အဲဒီကျောင်းသားလေးဟာ သီလ သမာဓိအလွန်ကောင်းတဲ့သူအဖြစ် ကျော်ကြားလာပါတော့သတဲ့ ကွယ်…
ဒါကြောင့် သယ်ရင်းတို့လည်း… သူတပါးအပြစ်ကို ကဲ့ရဲ့ ပြစ်တင်စိတ်နဲ့ မကြည့်ဘဲ…မေတ္တာတရားရှေ့ ထားပြီး စာနာနားလည်ကာ …ဖေးဖေးမမကူညီပြုပြင်ပေးနိုင်အောင်ကြိုးစားကြပါကွာ…
# ဇင်ပုံပြင်တစ်ပုဒ်ကို အနည်းငယ်ပြုပြင်ထားတာပါ #
https://www.facebook.com/yarza.dirid
Nyein Chan Win
--------x--------x---------x--------x--------x

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။