ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
အမေ့မျက်နှာပေါ်ကအမာရွက်
*******************
ကောင်လေးသည် မူလတန်းကျောင်းမှာ သူပထမဆုံး ကြုံရသည့် မိဘဆရာအသင်း အစည်းအဝေးအတွက် အမေ့ကို ဖိတ်ခိုင်းတော့သူဖိတ်သည်။သို့သော် အမေတကယ်တက်မည်ဆိုသည့်အခါ
သူလန့်သွားသည်။သူ့မိခင်ကို အတန်းဖော်များနှင့် ဆရာမ ပထမဆုံးအကြိမ်
အဖြစ် မြင်ကြရတော့မည်ဆိုတာတွေးကာ သူ ထူထူပူပူဖြစ်သွားသည်။
မိခင်က နဂိုမူလရုပ်ရည်ချောမောသူတစ်ဦးဖြစ်သည်။ သို့သော် မျက်နှာညာဘက် အခြမ်းမှာအတော်ဆိုးဆိုးဝါးဝါး အမာရွက်ကြီး တစ်ခုထင်နေသည်။
ကောင်လေးက သည်အမာရွက်ကြောင်း မကြားချင်။ သည်အမာရွက်ကြီး
... ဘာကြောင့်ရသလဲ ဘယ်လိုရသလဲမသိချင်။ဒါကြောင့် ဘယ်တော့မှသူမမေး။
အစည်းအဝေးမှာ အခြားလူများနှင့် ဆုံကြတော့ သူ့မိခင်မှာ အမာရွက်ရှိတာ မှန်သော်လည်းပင်ကိုအလှရှိတာ ယဉ်ကျေးပျူငှာတာတွေကြောင့် လူတွေက
သဘောကျကြသည်။ဒါကိုမြင်သော်လည်း ကောင်လေးရှက်ရွံ့စိတ်မပြေ။
ရှောင်ဖယ်ပုန်းလျှိုး၍ပဲနေသည်။
သို့သော် တစ်နေရာမှာတော့ ဆရာမနျင့်သူ့မိခင်တို့စကားပြောနေကြတာ သူကြားရသည်။
“မျက်နှာပေါ်က အမာရွက်က ဘယ်လိုရတာလဲ”ဆရာမက မေးသည်။
“သားလေး နို့စို့အရွယ်တုန်းကပေါ့၊သူ့အခန်းထဲ မီးလောင်တော့ သားက ခုတင်းလေးထဲမှာ၊အခန်းထဲ မီးတွေ တဟုန်းဟုန်းဆိုတော့ ဘယ်သူမှမ၀င်ရဲဘူး၊ကျွန်မ အတင်းဝင်ပြေးတာ၊အဲဒီမှာ အပေါ်က ထုပ်တန်းကြီး တစ်ခုပြုတ်ကျလာတော့ ကျွန်မ သားအပေါ်ပြေးပြီး ကာလိုက်တာ၊ ကျွန်မကိုရိုက်မိပြီး အဲဒီမှာတင် မေ့လဲသွားတယ်၊ကံအားလျော်စွာပဲ မီးသတ်သမားရောက်လာပြီး
ဝင်ကယ်လို့ သားအမိ နှစ်ယောက်လုံး အသက်ချမ်းသာရာရတာ”
မိခင်က မျက်နှာပေါ်ရှိ မီးလောင်ရာ အမာရွက်ကိုစမ်းရင်း ပြန်ပြောပြနေသည်။
“တစ်သက်လုံး အမာရွက်ကြီးတစ်ခုထင်သွားတာပေါ့လေ၊ဒါပေမယ့် ဒီအတွက်
ကျွန်မ တစ်ခါမှ ၀မ်းမနည်းမိပါဘူး”တဲ့ အမေကဆိုသည်။
ဒီစကားကို ကြားတော့မှ ကောင်လေးမျက်ရည်တွေ အ၀ိုင်းသားနဲ့ ပြေးထွက်လာကာ အမေ့ကိုဖက်သည်။သူ့အတွက် အသက်ပေးကာကွယ်မည့် အမေ၏စေတနာ အမေ့မေတ္တာကို ခံစားရကာ သူ့ရင်ထဲ လှိုက်၍နေသည်။ အဲဒီနေ့တစ်နေ့လုံး အမေ့လက်ကို သူတင်းတင်းဆုပ်ထားသည်။တစ်ချက်မျှပင် မလွတ်တော့။

(မူရင်း Lih Yuh Kuo's The Scar)
Credit; Phay Myint
Post By;Moekyashweco
Credit; Phay Myint
Post By;Moekyashweco

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။