By ပြည်သူ့ခေတ် on Wednesday, January 2, 2013 at 9:25pm ·
လွန်ခဲ့သော တစ်နှစ်နှင့်ကိုးလ၊
ပထမမိန့်ခွန်းတုန်းကတော့ ကောင်းတော့လည်း ကောင်းသည်။ သို့သော် အဲဒါမျိုး တစ်ခါမှ
မကြားဖူးသဖြင့် ဟုတ်မှဟုတ်ရဲ့လား။ ဘာသဘောနဲ့ ပြောနေတာလဲ၊ စောင့်ကြည့်စမ်းပါဦးကွာ၊
စသဖြင့် အံ့သြတာနှင့် မယုံကြည်တာတွေ ရောနေခဲ့သည်။
ယခုတော့ ဒါမျိုးတွေ ကြားလာရတာ
အတော်များများ ရှိပြီဆိုတော့ အထက်က နိဒါန်းချီ သလို ထုံးစံအတိုင်း ကောင်းမြဲ
ကောင်းသည်ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည်။
ဘာတွေ ကောင်းသလဲ။
ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်တာ
ကောင်းသည်။ မိမိတို့ ချို့ယွင်းချက်တွေ ထောက်ပြ ဝေဖန်ပြီးနောက် အဲဒါတွေကို
ပြင်ဆင်ဖို့ အစီအစဉ်တွေ ချတာကောင်းသည်။ အဲသည် အစီအစဉ်တွေ အောင်မြင်စွာ အကောင်အထည်
ဖော်နိုင်လျှင် တကယ်ကောင်းမည်။
တကယ်က၊ အစိုးရအဆက်ဆက်၏
ချို့ယွင်းချက်တွေ၊ မကောင်းတာတွေ၊ ဆိုးတာတွေ ကို ပြည်သူလူထု ဝေဖန်
ထောက်ပြလာခဲ့တာတော့ တစ်သက်လုံးဟုပင် ဆိုရလိမ့်မည်။
အဲဒါကို ဘယ်တုန်းကမှ နားမထောင်ကြ၊
လက်မခံခဲ့ကြ။ ဝေဖန်သံတွေ ထွက်မလာ အောင် ပိတ်ပင်ဟန့်တားဖို့သာ
ကြိုးစားခဲ့ကြသည်။
ပြီးခဲ့သည့် တစ်နှစ်နှင့် ကိုးလက
သမ္မတမိန့်ခွန်း မယုံကြည်နိုင်လောက်အောင် ကောင်းသွားခြင်းသည် ပြည်သူတွေ တစ်သက်လုံး
ဝေဖန်လာသမျှကို တာဝန်ရှိသူ တစ်ဦး အနေနှင့် ပထမဆုံးအကြိမ်အဖြစ် လက်ခံအတည်ပြု
လိုက်ခြင်းကြောင့် ဖြစ်သည်။
အဖြေမှန်သည် လူထုကြားထဲမှာ အမြဲ
ရှိသည်။
လူထု၏ သဘောထားများကို ခံယူ-ကိုယ်စားပြု-
ပြောဆိုလိုက်သည့်နေ့မှာ အစိုးရသည် ယခင် အစိုးရဟောင်းများနှင့်
ကွဲပြားသွားသည်။
သမ္မတကတော့ ပြောင်းသွားပြီ
ဆိုပါတော့၊
အဲသည်လိုပဲ၊ လွှတ်တော်များဆီကလည်း
စကားအသစ်တွေ ကြားလာရသည်။ ပြည်သူ-ပြည်သူ-ပြည်သူ-
ထို့နောက်၊
မိဘပြည်သူများ
ဒီမိုကရေစီ ဘက်တော်သားများ။
အထက်ပိုင်းဆီက ပြောင်းလဲသည့်
အသံဗလံများ၊ ထို့နောက် ပြောင်းလဲသည့် အမူ အရာများ ကြားရ မြင်ရသည်။
ဆိုပါတော့၊ တိုတိုပြောရလျှင် တစ်ချိန်က
ရန်ဘက် ဖြစ်ခဲ့သည့် ပုဂ်္ဂိုလ်များကို အကျဉ်း ထောင်ထဲ နေအိမ်အကျယ်ချုပ်ထဲက ထုတ်ပြီး
လက်ဆွဲနှုတ်ဆက်ကြ၊ နိုင်ငံရေးနယ်မှာ နေရာပေးကြတာတွေ မြင်လာရသည်။
သို့သော်၊ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး လုပ်နေပါပြီဟု ဆိုနေကြသည့် ကာလ တစ်လျှောက်လုံးမှာပင် လူထုကြားက
အသံဗလံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေခဲ့သည်။
အထက်ကပြောင်းသည် ဆိုသော်လည်း အောက်က
မပြောင်းပါဘူး၊ အောက်မှာ ပြောင်းတာ ဘာတစ်ခုမှ မတွေ့ရသေးဘူး၊ အရင်အတိုင်းပဲ၊
စသဖြင့်။
ယခုတော့ တစ်နှစ်နှင့် ကိုးလအကြာမှာ
သမ်္မတ ကိုယ်တိုင်က ပြောပြန်ပါပြီ။
ပြည်သူတွေ ဝေဖန်ပြောဆိုနေကြသည့်
စကားများကိုပဲ စနစ်တကျ စုစည်းပြီး ပြောခြင်း ပါပဲ။
၊ ပြည်သူ့ဆန္ဒပြည်သူ့အသံကို
နားမထောင်ဘဲ မိမိတို့ သဘောအတိုင်း လုပ်နေ ခြင်း၊
၊ လုပ်ကိုင်တာတွေ
ပွင့်လင်းမြင်သာမှု မရှိ၊ လူထုသိအောင် ချပြ၊...အင်း “ချပြ”၊ ချပြ ကိစ်္စနောက်မှ
ပြောမည်။ ယခု ပြောတာက ချပြမှု မရှိခြင်း၊
၊ လူထု၏ လိုအပ်ချက်
တောင်းဆိုခြင်းအပေါ် တာဝန်ယူ ဖြေရှင်းပေးမှု မရှိခြင်း၊
၊ ဥပဒေစည်းမျဉ်း
လုပ်ထုံးလုပ်နည်းများအတိုင်း မလုပ်ခြင်း၊
၊ အဂတိလိုက်စားမှု
လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
၊ အုပ်ချုပ်ရေးယန္တရား
နှောင့်နှေးကြန့်ကြာခြင်း၊ စီမံခန့်ခွဲမှု စွမ်းရည် နည်းပါးခြင်း၊
ချုပ်ကြည့်လျှင်၊ ကောင်းတာတစ်ကွက်မှ
မရှိ။
အကြောင်းရင်းက၊ စိတ်ဓာတ်တွေ
အမူအကျင့်တွေ ချို့ယွင်းပျက်စီးနေခြင်း ဖြစ်၏။
သမ္မတကြီးက ရှေးယခင် အတွေးအမြင် လုပ်နည်း
လုပ်ဟန်တွေအတိုင်း လုပ်နေလို့ မရတော့ဘူးဟု ဆိုသည်။
သို့သော် အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်
ပုဂ်္ဂိုလ်တွေက အမိန့်ပေးစနစ်၊ အာဏာသုံးစနစ်၊ ဥပဒေက မည်သို့ပင် ဆိုစေကာမူ ငါက သည်လို
စီရင်မည်ဟူသော စနစ်၊ စီးပွားရေးအရ တွက်ချေမကိုက်သော်လည်း သည်စီမံကိန်း ကြီးကိုကား
ငါစိတ်ဝင်စားသဖြင့် လုပ်ကိုင်လိုက် ဦးမည်ဟူသော စနစ်မျိုးတွေထဲမှာ အနေကြာခဲ့ကြသူများ
ဖြစ်သည်။ ပြည်သူလူထုကို မထီမဲ့မြင်ပြုမှု၊ အနိုင်အထက်ပြုမှု၊ အာဏာအလွဲသုံးပြီး
ကိုယ်ကျိုး စီးပွားရှာမှု စတာတွေမှာ သူတို့ အကျင့်ပါနေ အသားကျနေ ကျေနပ်
ငြိတွယ်နေခဲ့ကြပြီ။
ဒါကြီးနှင့် ခွဲမရ။
ဒါကြီးကို မစွန့်လွှတ်နိုင်။
စိတ်ဓာတ်တွေ ပြောင်းကြပါ၊
ပြောင်းကြပါနှင့် တဖွဖွ ပြောဆိုသံတွေ ကြားရသည်။
ပြောသာ ပြောကြသည်။ ဘယ်ကစပြီး ဘယ်လို
ပြောင်းကြမည်လဲ။
အောက်ဘက် ရပ်ကွက် ကျေးရွာ အဆင့်မှသည်
ဟိုးအထက် ဘယ်အဆင့်ထိ ရောက်နေမှန်း မသိသည့် စိတ်ဓာတ်ဟောင်း အမူအကျင့်ဟောင်း
အမှိုက်ပုံ အညစ်အကြေး ပုံကြီး။
ဒါကြီးမျိုးကို ရှင်းသည့် နည်းလမ်း
ရှိတော့ရှိသည်။
သို့သော် ကြိုက်သလား မကြိုက်ဘူးလား
စာဖတ်သူ စဉ်းစားကြည့်ပါ။
ဂရိဒဏ္ဍာရီထဲမှာ သြဂျီယတ်(စ) (Augeas) ဆိုသော
ဘုရင်မှာ နွားအကောင်ထောင်ချီ မွေးထားသည်။ သည်နွားတွေထားသည့် တင်းကုပ်များကို
နှစ်ပေါင်း ၃၀ လောက် မသန့်ရှင်း မဆေးကြောဘဲထားရာ နွားချေး၊ နွားကျင်ငယ်ရေ၊
မြက်ခြောက်၊ ကောက်ရိုးစသည့် နွားစာ အကြွင်းအကျန်တွေ အားလုံး ရောထွေးလျက် အညစ်အကြေး
အစိုင်အခဲပုံကြီးတွေဖြစ်ကာ နွားလည်း မနေနိုင်၊ လူလည်း မ၀င်နိုင် ဖြစ်နေသည်။
အဲဒါကို ရှင်းလင်းပေးရန် လူစွမ်းကောင်း ဟာကျူလီကို အပ်တော့ ဟာကျူလီက နွားခြံ
ဟိုဘက်ထိပ် သည်ဘက်ထိပ် အကာအရံတွေ ဖြိုဖျက်ပြီးနောက် မလှမ်းမကမ်းရှိ မြစ်နှစ်စင်းကို
ဆွဲပေါင်း မြောင်းသွယ်၍ နွားခြံထဲက ဖြတ်ဆင်းစေရာ ရှိသမျှ အားလုံး ရှင်းသွားသည်ဟု
ဆိုသည်။
သည်ရှင်းနည်းမျိုးက
ရုပ်ရှင်ထဲကြည့်လျှင် လက်ခုပ် လက်ဝါးတီးပြီး သြဘာပေးစရာ၊ အားရစရာ ဖြစ်ကောင်း
ဖြစ်လိမ့်မည်။
သို့သော် နွားချေးရှင်းရင်းက
ခြံစည်းရိုးရော တင်းကုပ် တွေပါ ပါသွားနိုင်သည်။
ယခု သမ္မတကြီး တင်ပြ-ဟုတ်ကဲ့၊ “တင်ပြ”
လာသည့် နည်းလမ်းကတော့ သိမ်မွေ့ သော စိတ်ရှည်သော ဒီမိုကရေစီ ကျသောနည်း ဖြစ်သည်ဟု
ကျွန်တော် မြင်သည်။
အစိုးရအဖွဲ့အစည်း ယန္တရားဖွဲ့စည်း
တည်ဆောက်ပုံက အစပြောင်းလဲမည်၊ ရပ်ကျေးမှ သည် ပြည်ထောင်စုအဆင့်အထိ ပုဂ်္ဂိုလ်တို့၏
အတွေးအမြင် အမူအကျင့် လုပ်ပုံ လုပ်နည်း များကို ပြောင်းလဲမည်တဲ့။ ထောင့်အသီးသီးမှာ
တစ်စုံလုံးရော တစ်စချင်းပါ ဖျင်သွားပြင် သွားမည့် သဘော၊ လူရောမူပါ
အတိုင်းအတာတစ်ခုထိ ပြောင်းလဲမည့် သဘောဖြစ်သည်။
အသေးစိတ်တွေ မပြောတော့ပါ။
အထက်မှ အောက်သို့ အာဏာခွဲဝေသော
စနစ်နှင့် အဆင့်သီးသီးတွင် အုပ်ချုပ်ရေးပိုင်း ပုဂ်္ဂိုလ်တွေချည်း ဆောင်ရွက်ရာမှ
ပြည်သူပြည်သား ကိုယ်စားလှယ်များ ပါဝင်လာမည့် စနစ်သို့ ကူးပြောင်းမည့် ကိစ္စသည်
ကြီးကျယ်သည်။ သီးခြား အကျယ်တ၀င့် ဆွေးနွေး ပြောဆိုကြ ရမည့် အရေးကြီးသော အကြောင်းအရာ
ဖြစ်သည်။
ယခုတော့ သည်စာပုဒ် လက်စမသတ်မီ
အတွေးအမြင် အမူအကျင့် ပြောင်းလဲရေး ကိစ္စနှင့် စပ်လျဉ်းသည့်အရာ တစ်ခုသာ
ပြောလိုသည်။
တင်ပြ၊ ချပြဆိုသည့် စကားလုံး
အသုံးအနှုန်းကိစ္စ။
အာဏာပိုင်စနစ် ဗဟိုဦးစီးစနစ်မှ
ဒီမိုကရေစီစနစ် (လူထုအုပ်စိုးသောစနစ်) သို့ လည်းကောင်း၊ လုပ်သားပြည်သူ ဟူသော စကားမှ
မိဘပြည်သူများ မြို့မိမြို့ဖများဟူသော အသုံးအနှုန်းများသို့ လည်းကောင်း၊
ကူးပြောင်းလာသည့် ကာလတွင် အုပ်စိုးသူစိတ်ဓာတ်၊ စီမံ ဖန်တီးသူစိတ်ဓာတ်ဖြင့် ယခင်
ပြောဆိုသုံးနှုန်းခဲ့သည့် “ချပြ”ဆိုသော စကားလုံးကို စွန့်ပယ်ဖို့ လိုပြီဟု
တင်ပြချင်သည်။
စင်စစ်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတွင်
“ချပြ” မရှိ၊ “တင်ပြ”သာ ရှိသည်ဟု ပြောချင်သည်။
မြန်မာစာအဖွဲ့က ထုတ်ခဲ့သည့်
မြန်မာအဘိဓာန် ငါးတွဲမှာ ရှာကြည့်သည့်အခါလည်း၊
“ချပြ”ကို မတွေ့ရ၊ “တင်ပြ”သာ
တွေ့ရသည်။
၎င်းင်းတို့ပင် ထုတ်သည့်
မြန်မာအင်္ဂလိပ်အဘိဓာန်မှာလည်း ထိုနည်း၎င်းင်း။ အဘိဓာန် ဆရာတွေ အဲသည်ခေတ်က
အစိုးရပိုင်း ပုဂ်္ဂိုလ်များ ခံတွင်းတွေ့ကြသည့် “ချပြ”ကို မကြားဖူးဘဲ နေမည်မဟုတ်။
သို့သော် မထည့်သွင်းခဲ့။
“ချ” ဆိုတာကိုတော့ အဓိပ္ပာယ် အမျိုးအစား
စုံလင်အောင် ဖော်ပြသည်။
နံပါတ် (၁) အဓိပ္ပာယ်က၊
အမြင့်မှ အနိမ့်သို့ လည်းကောင်း၊
အမြတ်မှ အယုတ်သို့ လည်းကောင်း၊ အညာမှ အကြေသို့ လည်းကောင်း သက်ဆင်း၊
ဆိုက်ရောက်စေသည်။ တက်ရာမှ ဆင်းစေသည်။ တင်ရာမှ ကျစေသည်။ နိမ့်ကျစေသည်။ အောက်သို့
ရောက်စေသည်။ -ဟူ၍ ဖြစ်သည်။
“ချပြ”ကို အဲသည် အဓိပ္ပာယ်ဖြင့်
သုံးနှုန်းကြတာ ဖြစ်သည်။
တစ်ဖက်သားကို အားနာစရာ ကောင်းသော
အသုံးအနှုန်းမျိုး။
အများသိအောင် ပြောဆိုသည့် ကိစ္စမှာ
“တင်ပြ”သည်ဟု သုံးနှုန်းလျှင်လည်း ရပါ သည်။ စင်စစ်၊ အဲသည်လိုပဲ
သုံးနှုန်းသင့်ပါသည်။
မြန်မာအဘိဓာန်မှာ “တင်ပြ”ကို ဘယ်လို
အဓိပ္ပာယ် ဖွင့်သည် ဆိုတာလည်း တင်ပြပါ ဦးမည်။
အဘိဓာန်က အဓိပ္ပာယ်
သုံးမျိုးပေးထားပါသည်။
(၁) အထက်လူကြီးထံ သိသာရန်
ပေးပို့အကြောင်း ကြားသည်။
(၂) ရှေ့မှောက်သို့ ခေါ်ဆောင် ယူငင်၍
ထင်ရှားစွာ ပြသည်။
(၃) ရှင်းလင်း ပြောပြသည်။ ဟူ၍
ဖြစ်သည်။
“ချပြ” သမားတို့က နံပါတ် (၁)
အဓိပ္ပာယ်နှင့် ပြောင်းပြန်ယူကာ၊ မိမိတို့ ဆုံးဖြတ် ထားပြီးသည့် ကိစ္စတစ်ခု
အောက်လူတို့အား အသိပေးခြင်းမျိုးကို “ချပြ”သည်ဟု သုံးနှုန်း ခဲ့ခြင်း ဖြစ်ပါသည်။
အဲဒါ လူထုနှင့် အစိုးရ ခွဲခြားသောခေတ်၊ လူထုကအောက် အစိုးရက အထက်ဟု မှတ်ယူ
ကျင့်သုံးကြသောခေတ်က အသုံးအနှုန်း ဖြစ်သည်။
၂၀၁၂ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာ စာမျက်နှာ ၈ မှာ “ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှု မရှိခြင်း”
ဟူ၍ လည်းကောင်း စာမျက်နှာ ၆ မှာ “...ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊
ပြည်သူများ၊ ပညာရှင်များ၊ လူထုလူတန်းစား အသင်း အဖွဲ့များနှင့် လွှတ်တော်
ကိုယ်စားလှယ် အားလုံးသိအောင် ချပြပြီး အကြံဉာဏ်ပေးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်
ချပြဆွေးနွေး ထုတ်ပြန် အကြံဉာဏ်ယူရန်...။ စသဖြင့် လည်းကောင်း သုံးနှုန်းထားတာ
တွေ့ရသည့်အခါ အသုံး မှားနေတာလား၊ အကျင့်ပါ၍ ဆက်သုံးမိနေတာလား တွေးတောမိသည်။
တကယ်ဆိုလျှင် အဲသည် ချပြတွေ နေရာမှာ
“တင်ပြ”ဟု သုံးလိုက်လျှင် ဘယ်လောက်ကောင်းမည်လဲ။
မိဘပြည်သူများကို ဂါရ၀တရားရှေ့ထား၍
ရှင်းလင်းတင်ပြကြသော အလေ့အထ ထွန်းကားဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း လေးစားစွာ
တင်ပြလိုပါသည်။
၂၈-၁၂-၁၂

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။