ကားဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့် တင်စားချင်လဲ
ထူးထူးခြားခြားတော့ မပြောတတ်ပါဘူး။ ညီမအတွက် ကားဆိုတာ စီးဖို့ပါပဲ။
လက်ရှိစီးနေတဲ့ကားက
ရွှေငါး Mark II ပါ။
ကားရဲ့အားသာချက်
ညီမက မန္တလေးမှာ နေတာဆိုတော့ မန္တလေးနဲ့ ရန်ကုန်ကို ခဏခဏ သွားလိုက်ပြန်လိုက်ဆိုရင် အဲဒီကားက မြန်တယ်။ တခြားမြင့်တဲ့ကားတွေ စီးဖူးတယ်။ မြင့်တဲ့ကားတွေက အရမ်းခုန်တယ်။ အခုကားက ငြိမ်တယ်။
ကားကို Crazy ဖြစ်တဲ့ထဲမှာ ပါလား
ကားကို Crazy ဖြစ်တဲ့ထဲမှာတော့ မပါဘူး။ အနုပညာရှင်ဆိုတော့ ဟိုသွား၊ ဒီသွား လုပ်ဖို့အတွက် အဆင်ပြေရင် ပြီးတာပါပဲ။ အခုလက်ရှိ စီးနေတဲ့ကားကိုတော့ ကြိုက်ပါတယ်။
ကားကိုကိုယ်တိုင်မောင်းလား . . .
ဒီတစ်ခေါက် မန္တလေးကို ပြန်တော့ ကားမောင်းသင်လာတယ်။ အခုစမောင်းနေပါပြီ။
ကားကို ကိုယ်တိုင်မောင်းရတာ ကြိုက်လား၊ သူများမောင်းတာ စီးရတာ ကြိုက်လား . . .
ကိုယ်တိုင် ကားမောင်းရင်တော့ အာရုံစိုက်ရတာပေါ့။ စကားတွေ ပြောလို့မရဘူး။ သူများမောင်းတော့ ပိုပြီး ဇိမ်ကျတာပေါ့။
ကားထဲမှာ ဘယ်လိုပစ္စည်းတွေထားရတာ နှစ်သက်လဲ . . .
ညီမက ကားထဲမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ ထားရတာ မကြိုက်ဘူး။ သီချင်းနားထောင်ရတာ ကြိုက်တော့ သီချင်းခွေတွေ ထားဖြစ်တယ်။ အရုပ်တွေကိုတော့ မထားဖြစ်ဘူး။
အခုကားနဲ့ အမှတ်တရက . . .
မိဘတွေမရှိတဲ့အချိန် အစ်ကိုနဲ့ညမှာ မုန့်ထွက်စားတာ၊ သူကလည်း မန္တလေးမှာ နေတာဆိုတော့ အမေမရှိတဲ့အချိန် မုန့်ထွက်စားကြတာ။ ကားနောက်ဆုတ်ရင်း သစ်ပင်နဲ့ ဆောင့်မိတာကို မသိလိုက်ဘူး။ မနက်ရောက်တော့ ကားကိုကြည့်လိုက်တော့မှ သိရတာ။ အဲဒီတော့မှ မောင်နှမနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေရတာတော့ အမှတ်တရပါပဲ။
ကားမောင်းတဲ့သူတွေကို ဘယ်လိုအကြံပေး စကားပြောချင်လဲ
ရန်ကုန်၊ မန္တလေးမှာ ကားတွေများလာပြီဆိုတော့ လမ်းတွေကျပ်လာတယ်။ ကားမောင်းတဲ့သူတွေက စိတ်မရှည်တော့ အော်ကြ၊ ဆဲကြဆိုတော့ စိတ်ရှည်ရှည် ထားစေချင်ပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။