24 December 2012 |By 8 Days
အနုပညာရှင်တွေရဲ့ ခံစားမှုတွေကို ပရိသတ်က ထပ်တူ ခံစားချင် ကြတာ သဘာဝပါပဲ။ ဒါပေမယ့်
အနုပညာရှင်တွေလည်း ဝါသနာအလျှောက် မီးဖိုဆောင်ဝင်ပြီး ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြနဲ့ အလုပ်ရှုပ်တတ်ကြတယ်။ သူတို့ရဲ့ ဟင်းချက်တဲ့ အရသာကိုတော့ ပရိသတ်တွေ မြည်းစမ်းကြည့်ခွင့် မရနိုင်ပါဘူး။
ဒါပေမဲ့ အရသာတွေ့စရာ ဟင်းလျာတွေကို ဘယ်လိုစီမံ ပုံဖော်သလဲဆိုတာ သိရဖို့ ဒီကဏ္ဍလေးကို တင်ဆက်လိုက်ရပါတယ်။ ဒီနေ့ကတော့ ရှုတင်နားတဲ့ရက်လည်း ဖြစ်တဲ့အတွက် အိမ်မှာတစ်ခုခု ချက်စားဖို့ စဉ်းစားထားတယ်။ လွယ်ကူတဲ့ ဟင်းတစ်မျိုးကို စီမံပြီး ချက်ဖို့ပေါ့။ သူများတွေက ကြက်ဥ၊ ဘဲဥတွေပဲ ချက်တာဆိုတော့ ထူးထူးဆန်းဆန်းလေး ဖြစ်အောင် ငုံးဥချက်ဖို့ စီစဉ်ထားတယ်။ ငုံးဥကို ပြုတ်ပြီးတော့ ခရမ်းချဉ်သီးနဲ့ ချက်မယ်။ နောက်ဟင်းတစ်ပွဲက ငရုတ်သီးအပွထဲကို ပုစွန်အစာသွပ်ပြီးတော့ ချက်မှာ။
အမှန်တော့ တညင်းသီးထည့်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ အခုချိန် တညင်းသီးက တညင်းဝက်တွေပဲ ရှိတော့တယ်။ အဲဒါကြောင့် ငရုတ်သီးထဲကို ပုစွန်အစာသွပ်ပြီးတော့ ချက်မယ်။ ပြီးတော့ သီးစုံချဉ်ဟင်းကို ချက်မယ်။ ငုံးဥကျတော့ ကြက်ဥချက်သလိုပါပဲ။ ကြက်ဥကျတော့ ကိုက်စားရတာ ကြီးတယ်လေ။ (ရယ်လျက်)
သမီးက ကြက်ဥထက်စာရင် ငုံးဥကို ပိုကြိုက်တယ်။ ကြက်ဥကျတော့ သူများတွေ တော်တော်များများ စားကြတယ်ဆိုတော့ ပိုပြီးထူးဆန်းအောင် အားလပ်ရက်မှာ ငုံးဥကို ချက်စားတာပေါ့။ မေမေကတော့ သူစားချင်တာကို မပြောဘူး။ ကိုယ်စားချင်တာလေးနဲ့ သူစားချင်တာလေးတွေကို စဉ်းစားပြီး ချက်ဖြစ်တယ်။ ပြီးတော့ မိသားစုတွေ စုံတဲ့အခါ အသုပ်သုပ်စားတာတို့၊ သင်္ဘောသီးထောင်းစားတာတို့ လုပ်စားဖြစ်တယ်။
နောက်ပြီး အိမ်မှာ တော်တော်များများ လုပ်စားဖြစ်တာက ယာဂု၊ ဒီမှာခေါ်ရင်တော့ ကောက်ညှင်း ရွှေကြည်လိုမျိုးပေါ့။သူတို့က ကောက်ညှင်းနဲ့ ထန်းလျက်နဲ့ပဲ သက်သက်လုပ်တာလေ။ နဒီတို့ ရှမ်းပြည်မှာကျတော့ ကောက်ညှင်း၊ ကြံသကာ၊ မြေပဲအစိမ်းလေး နည်းနည်းထည့်ပြီးတော့ နှပ်ကတည်းက ထည့်နှပ်လိုက်တာ။ ပြီးတော့မှ မြေပဲဆံကိုလှော်ပြီး ထောင်းထားတာကို ဖြူးလိုက်တာ။
ကောက်ညှင်းသိပ်ထားတဲ့ အပေါ်မှာပေါ့။ အရမ်းစားလို့ကောင်းတယ်။ ဟင်းကိုတော့ အကုန်လုံးနီးပါး ချက်တတ်တယ်။ မိသားစုက နဒီချက်တဲ့ဟင်းဆိုရင် အကုန်ကောင်းတယ်တဲ့။ လက်ဆိပ် ရှိတယ်လို့ ပြောကြတယ်။ အသုပ်တစ်ခုကို နဒီပြင်လိုက်ရင် ကောင်းသွားတာပဲလေ။
ပဲဇောင်းခါးသီးကို ကြက်သွန်ဆီချက်နဲ့ မြေပဲနဲ့သုပ်တာကို အရမ်းကြိုက်တယ်။ ဟင်းပွဲတစ်ပွဲကို မြည်းတဲ့အခါ မိသားစုနဲ့ တိုင်ပင်ပြီးတော့ မြည်းတတ်တဲ့ အကျင့်လည်း ရှိတယ်။ ခေါပုတ်လည်းအရမ်းကြိုက်တယ်။ တောင်ကြီးက ပင်စိမ်းသီးကို ထောင်းစားတဲ့ အရသာကိုလည်း ကြိုက်တယ်။ နောက်ပြီး မန္တလေးက သူငယ်ချင်းလာတော့ ဆိတ်သားချောင်း လုပ်စားကြတာ။
အဲဒီထဲမှာ နံနံပင်၊ ပင်စိမ်း၊ သံပရာသီး၊ ကြက်သွန်ဖြူတို့ ထည့်ထောင်းတာဆိုတော့ အိမ်မှာ လုပ်စားကြသေးတယ်။ အခုခေတ် မိန်းကလေး တော်တော်များများက ပိုက်ဆံရှိတဲ့ သားသမီးတွေဆိုရင် မချက်တတ်ကြဘူးပေါ့။ အချက်အပြုတ်ဆိုရင် သင်ထားမှ မဟုတ်ပါဘူး။ မိဘတွေကို ဝိုင်းကူရင်း တတ်သွားခဲ့ကြတာပဲ။
ဒါကြောင့် မိန်းကလေးတိုင်း အချက်ပြုတ် တတ်ထားသင့်ပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်လာရင် အချက်အပြုတ်ဆိုတာ အရမ်းအဓိက ကျလာပြီပေါ့။ ပိုက်ဆံရှိလို့ အိမ်ဖော်ငှားရင်လည်း ကိုယ်ကတတ်ထားရမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မိသားစု စည်းစည်းလုံးလုံးလေးနဲ့ ချက်ပြုတ်စားကြရင် ပျော်စရာကောင်းမှာပါလို့ ပြောချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။