24 December 2012 |By 8 Days
ဆာရာ ဂျက်ဆီကာ ပတ်ကားဟာ ဆယ်ကျော်သက် အရွယ် က ဘရော့(ဒ်)ဝေး တေးသံစုံ ပြဇာတ် Annie မှာ အဓိက ဇာတ်ကောင် “အင်နီ” အဖြစ် ကပြခွင့်ရခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်များအတွင်းမှာ Square Pegs ရုပ်သံစီးရီးမှာ ခနဲ့တဲ့တဲ့ပြောတဲ့ စာကြမ်းပိုးမလေးအဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။
သူဟာ Footloose, L.A. Story နဲ့ Honeymoon in Vegas. စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့ကာ Sex and the City ရုပ်သံစီးရီးမှာ “ကယ်ရီဘရက်ရှော” အဖြစ် သရုပ်ဆောင်ခြင်း အတွက် အကျော်ကြားဆုံး ဖြစ်လာပါတယ်။
အဲဒီစီးရီးကို ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားအဖြစ် ရိုက်ကူးတော့လည်း သူဆက်လက်သရုပ်ဆောင်ခဲ့ပါတယ်။ ဆာရာ့ကို I Don't Know How She Does It နဲ့ Lovelace ဇာတ်ကားတွေမှာ ပရိသတ်တွေ မကြာခင် ရှုစားကြရဦးမှာ ဖြစ်ပါတယ်။
သူ့ရဲ့ခင်ပွန်းက ရုပ်ရှင်မင်းသား မက်သယူးဘရော့ဒရစ် ဖြစ်ပြီး သူတို့မှာ “ဂျိမ်း(စ်)” ဆိုတဲ့ ၁၀ နှစ်အရွယ် သားတစ်ယောက်နဲ့ လော်ရက်တားနဲ့ တာဘီသား ဆိုတဲ့ ၃ နှစ်အရွယ် အမြွှာသမီးလေးတွေ ရှိပါတယ်။ “ဆာရာက ဆွဲဆောင်မှုရှိပြီး ညှို့ငင်ဖမ်းစားတတ်တယ်။ ဒါပေမဲ့ သူဟာ လူသား အစစ် တစ်ယောက်ဆိုတာ ကျွန်တော် မေ့လို့မရဘူး” လို့ How She Does It ဒါရိုက်တာ ဒေါက်ကလပ်မက်ဂရာ့က ပြောပါတယ်။
“ဆာရာက ကိုယ့်ဘေးချင်းကပ် အိမ်က ကောင်မလေးနဲ့ တူပါတယ်။ ဒါပေမဲ့ သူဟာ နာမည်ကျော် မင်းသမီး တစ်ယောက် အနေနဲ့ သိပ်ထူးခြားပြီး သီးသန့်ဖြစ်တယ်” လို့ Sex/City ဒါရိုက်တာ မိုက်ကယ် ပက်ထရစ်ကင်းက ပြောပါတယ်။
“ဆာရာက သြဇာပေးတတ်သ မဟုတ်ဘူး။ သူ့ရဲ့လျှို့ဝှက်ချက်က မအိပ်ဘဲ အလုပ်လုပ်ခြင်းပါပဲလို့” ဆာရာ့မိတ်ဆွေ အကနည်းပြဆရာ ရုပ်ရှင်ဒါရိုက်တာ အာဒမ်ရှင့်(ခ်)မင်းက ပြောပါတယ်။ စာရှုသူတွေ ဆာရာ့ရဲ့ စကားကို ကြားရအောင် Elle မဂ္ဂဇင်း မရေချယ်ကွမ့်(ဘ်)ရဲ့ မေးခွန်းနဲ့ ဆာရာအဖြေတွေကို ဖော်ပြချင်ပါတယ်။
ပရိသတ်ကြီး မျက်စိရှေ့မှောက်မှာ ကြီးကောင်ဝင်ရတာ ရှင့်အတွက် ခက်ခဲသလား။
ကျွန်မ ဘယ်လိုရုပ်သွင်မျိုး ရှိသင့်တယ်လို့ လူတွေက ထင်မြင်ချက်တွေ ပေးကြတယ်။ ဒါပေမဲ့ ကျွန်မ တစ်ခုခုကို ပြုပြင်ပြောင်းလဲလိုက်လည်းပဲ အခြေခံအားဖြင့် “ဆာရာဂျက်ဆီကာပတ်ကား” ဆိုတဲ့ ကျွန်မဟာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်မှန်း ကျွန်မသိတယ်။ “ကျွန်မကို အကြံပေးတာ ကျေးဇူးပဲ။ ကျွန်မမျက်ခုံးမွေး နှုတ်သင့်တယ်ထင်ပါရဲ့” လို့ စိတ်ထဲက ပြန်ပြောပြီး ကျန်တာအားလုံး ခေါက်ထားလိုက်တယ်။
ဘယ်လိုဇာတ်ရုပ်မျိုးတွေက ရှင့်ကို ရင်ခုန်စေသလဲ။
ကျွန်မ လုံးဝ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ် တစ်ရုပ်က ရင်ခုန်စေတယ်။ ကယ်ရီဘရက်ရှောလို ဖက်ရှင် ဝါသနာပါပြီး ချို့ယွင်းချက်ရှိတဲ့ နယူးယောက်မြို့က မိန်းမတစ်ယောက်အဖြစ် ထပ်ပြီး သရုပ်မဆောင်ချင်ဘူး။ ကယ်ရီ့ကို ကျွန်မကြိုက်ပါတယ်။ ဒါပေမဲ့ အပေါစားဆန်မယ့် ကယ်ရီဇာတ်ရုပ်မျိုးတော့ ကျွန်မ သရုပ်မဆောင်ချင်ဘူး။ အဲဒါတွေက များသောအားဖြင့် မက်မောစရာ အလုပ် ဖြစ်တတ်ပေမယ့် တခြားဇာတ်ရုပ်တွေကို ရှာဖွေဖို့ အကြောင်းပြချက် ဖြစ်တယ်။
ရှင်လက်လွတ် သွားတဲ့ ဇာတ်ရုပ် တစ်ရုပ် ရှိသလား။
မကြာသေးခင်က Four Weddings and a Funeral ဇာတ်ကားထဲက ဟျူးဂရန့်နဲ့ အင်ဒီမက်ဒေါင်းဝဲ(လ်)တို့ ပါဝင်တဲ့ ဇာတ်ဝင်တစ်ခန်း ကျွန်မကြည့်ခဲ့ရတယ်။ “အင်ဒီ့” ဇာတ်ရုပ်အဖြစ် ကျွန်မသရုပ်ဆောင်ရရင် ကောင်းမှာပဲလို့ အမြဲဆုတောင်းခဲ့တယ်။ အဲဒီဇာတ်ကားအတွက် ကျွန်မ အကြိမ်ကြိမ် မင်းသမီးရွေးပွဲ ဝင်လျှောက်ခဲ့ပါတယ်။
နောက်ပြီး ကျွန်မကြိုက်တဲ့ ဇာတ်ကား Groundhog Day မှာလည်း သူပါတယ်။ အဲဒီဇာတ်ကား အတွက်လည်း ကျွန်မ လူရွေးပွဲ ဝင်လျှောက်ဖူးတယ်။ သူက အဲဒီနှစ်ကားစလုံးမှာ သိပ်ကောင်းတယ်။
ရှင် အားကျ အတုယူဖို့ အတွက် ဘယ် ဇာတ်ကားဟောင်း တွေကို ပြန်ကြည့်သလဲ။
ဝူဒီအယ်လင်ရဲ့ ဇာတ်ကားတွေ ပြန်ကြည့်တယ်။ သူက ပါးနပ်ချက်ချာတယ်။ ရယ်ရတယ်။ တစ်မျိုးခြားနားတယ်။ သူက ကျွန်မ အစ်ကိုလိုပါပဲ။ ဇာတ်ရုပ် တစ်ရုပ် အပေါ် သူ့ရဲ့ခံစားမှုကို ကျွန်မ ထပ်တူခံစားကြည့်လို့ရတယ်။ သူ့ဇာတ်ကောင်ဟာ အထဲကို ချောင်းကြည့်နေတဲ့ စည်းအပြင်ကလူ ဖြစ်ပေမယ့် စကားပြောဖို့ တစ်နည်းနည်းနဲ့ ဖိတ်ခေါ်ခံရသူ ဖြစ်တယ်။
ကူညီချင်စိတ် မရှိတဲ့ သူတစ်ဦးကို ရှင် သည်းခံ ခွင့်လွှတ် ခဲ့ရဖူးသလား။
တကယ်လို့များ တစ်ယောက်ယောက်က စိတ်ညစ်စရာကိစ္စ လာပြောရင် နည်းနည်းလျှော့ပြောဖို့ သူ့ကို ကျွန်မ တောင်းဆိုရမှာပဲ။ ဒါမှမဟုတ် သူတို့က ကျွန်မကို မှတ်ချက်တွေ လာပေးရင် သူတို့မျက်လုံးကို မကြည့်ချင်ဘူး။ သူတို့ရဲ့ သရုပ်ဆောင်မှုကို ကျွန်မမှတ်ဉာဏ်ထဲ ရိုက်သွင်းဖို့ ကြံစည်မယ်ဆိုတာ ကျွန်မသိနေလို့ပါ။ ကျွန်မက မြေကြီးကို ငုံ့ကြည့်ရင်း “အင်း” လို့ ပြန်ပြောလိုက်မယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။