#လေယဉ်တီထွင်သူလေး ဘာဆက်ဖြစ်မလဲ
ဒီသတင်းလေးကို အလွန်စိတ်ဝင်းစားမိပါတယ်။
အခုလူငယ်လေးက သူ့ဖါသာ လေယဉ်တစ်စီးကို တီထွင်လိုက်တယ်။ သူကတော့ သူတည်ဆောက်ထားတဲ့ လေယဉ်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိလို့ သူကိုယ်တိုင် လေယဉ်မောင်းပြီး ကောင်းကင်မှာ ပျံသန်းချင်တယ်။ ဒါဟာ တီထွင်သူတွေရဲ့ စိတ်ဓာတ်ပါ။

တစ်ဖက်မှာလည်း
လေကြောင်းအာဏာပိုင်တွေအနေနဲ့ လေယဉ်ဟာ ပျံသန်းဖို့ ကြံ့ခိုင်မှု မရှိဘူး၊
စီနင်းလိုက်ပါသူကို အန္တရာယ်ရှိတယ်လို့ ယူဆရင် လေယဉ်ကို ပျံသန်းခွင့်ပြုမှာ
မဟုတ်ဘူး။ အာဏာပိုင်တွေဖက်က ကြည့်ရင် ခွင့်မပြုတာ မှန်ပါတယ်။
ကျွန်တော် စိတ်ဝင်စားတာက အာဏာပိုင်တွေက ခွင့်မပြုဘူးဆိုတဲ့ အမိန့်တစ်ချက်နဲ့ လူငယ်လေးရဲ့ တီထွင်ချင်တဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်မလား။ ဒါမှမဟုတ် သူ့လေယဉ်ပျံသန်းလို့ ရအောင် လေယဉ်ပညာရှင်တွေက အကူအညီပေးမလား။ သူ့ကို အင်ဂျင်နီယာကျောင်းတစ်ခုမှာ ပညာသင်စရိတ်ပေးပြီး အင်ဂျင်နီယာပညာ သင်ပေးမလား။ ဒါမှမဟုတ် ငွေကြေးတတ်နိုင်သူတွေက သူ့ကို စပွန်ဆာပေးပြီး သူတီထွင်ချင်တာတွေ ဆက်လုပ်ခိုင်းမလားဆိုတာတွေပါ။
လေယဉ်ပျံဆိုတာ ကမ္ဘာမှာ ပေါ်နေတာ ကြာပြီမို့ သူ့ကို ပထမဆုံးလေယဉ်တီထွင်သူလို့ ချီးကျူးဖို့ မဟုတ်ပါဘူး။ ချီးကျူးချင်တာက လယ်လုပ်နေသူတစ်ယောက်ရဲ့ တီထွင်ချင်တဲ့ စိတ်ဓာတ်ပါ။ အာဏာပိုင်တွေရဲ့ ခွင့်မပြုဘူးဆိုတဲ့ အမိန့်တစ်ချက်နဲ့ သူ့ရဲ့တီထွင်ချင်တဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာမျိုးထက် စောစောက ပြောခဲ့တဲ့ တခြားနည်းတွေနဲ့ သူ့ကို အကူအညီပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ တီထွင်ချင်တဲ့ လူငယ်တွေ အများကြီး ပေါ်လာပါလိမ့်မယ်။
အမေရိကန်လို နိုင်ငံကြီးတွေမှာဆိုရင် ဒီသတင်းမျိုးကြားတာနဲ့ NASA လို အာကာသကို ဒုံးပျံလွှတ်တင်တဲ့ ကုမ္ပဏီကြီးဟာ သူ့ဆီ ချက်ချင်း အပြေးအလွှားရောက်လာပြီး သူ့ကို တက္ကသိုလ်တစ်ခုမှာ ကျောင်းစရိတ်အပြီးနဲ့ တက်ခိုင်းပါလိမ့်မယ်။ ဘွဲ့ရပြီးရင် လစာကြီးကြီးနဲ့ သူတို့ကုမ္ပဏီမှာ တီထွင်တဲ့ သုတေသနလုပ်တဲ့ အလုပ်ကို ကမ်းလှမ်းပါလိမ့်မယ်။
ကျွန်တော်စိုးရိမ်မိတာက ဒီသတင်းကို ကြားတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုက သူ့ကို ကျောင်းစရိတ် နေစရိတ်အခမဲ့နဲ့ သူတို့ဆီက တက္ကသိုလ်တစ်ခုမှာ တက်ခိုင်းပြီဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် brain drain ပါပဲ။
ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။
ဗန်းမော်သိန်းဖေ
၀၂-၁၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။