ကမ္ဘာ့အကောင်းဆုံး လက်တစ်ဖက်ပြတ် သေနတ်ပစ်သမား
--------------------
ကဲရိုလီ တကတ်စ် ဆိုတဲ့ ဟန်ဂေရီလူမျိုး တစ်ဦး ရှိခဲ့ဖူးတယ်။ သူဟာ ဘူတာပတ်စ်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီးတော့ အရွယ်ရောက်လာတဲ့အခါမှာ ဟန်ဂေရီ စစ်တပ်ထဲ ဝင်ခဲ့ရင်းနဲ့ သူ ပစ္စတို သေနတ်ပစ် တဲ့ နေရာမှာ တဖက်ကမ်းခတ်အောင် ကျွမ်းကျင် ထူးချွန်လာခဲ့တယ်။
၁၉၃၆ ခုနှစ် အရောက်မှာတော့ သူဟာ ကမ္ဘာ့အဆင့်မီ ထိပ်တန်း ပစ္စတို သေနတ်ပစ်သမား တစ်ယောက် ကို ဖြစ်လာခဲ့တဲ့ အထိ လေ့ကျင့်လာခဲ့တယ်။ ဒီ့နောက်ပိုင်း သူဟာ ၁၉၄၀ ခုနှစ် တိုကျို မြို့မှာ ကျင်းပမယ့် အိုလံပစ် ပွဲတော် မှာ ဝင်အစွမ်းပြ ပြီးတော့ သူ့ညာဖက်လက်ကို ကမ္ဘာ့ အကောင်း ဆုံး သေနတ်ပစ်တဲ့လက် ဖြစ်စေရမယ်လို့ သံဓိဌာန် ချခဲ့တယ်။
သို့သော်လည်း ၁၉၃၈ ခုနှစ် စစ်တပ် လေ့ကျင့်ရေး စခန်းမှာ လေ့ကျင့် နေရင်း တစ်နေ့ မတော်တဆ ဗုံး ပေါက်ကွဲမှု ကြောင့် သူ့ညာဖက်လက်ဟာ သုံးမရအောင် ပျက်စီးသွားခဲ့ ပြီးတော့ ဖြတ်ပစ်လိုက်ရတယ်။
ဒီတော့ ခင်ဗျားတို့ တစ်ခုလောက် ပြောကြည့်စမ်းပါ။ သူဟာ သူ့ဘဝ တစ်လျှောက်လုံး ရည်မှန်းချက် တစ်ခု ပဲ ရှိခဲ့တယ်။ ပန်းတိုင် တစ်ခုနဲ့ ရပ်တည်လာခဲ့တယ်။ သူ့ညာဖက် လက်ကို ကမ္ဘာ့အကောင်းဆုံး သေနတ်ပစ်တဲ့လက် ဖြစ်အောင်လုပ်ဖို့ မဟုတ်လား။ ကဲ အခု ဘာဆက်လုပ်မလဲ။ ညာဖက်လက် မရှိတော့ဘူး!
ဒီအခြေအနေမှာ သာမန်လူတစ်ယောက်ဆိုရင် စိတ်ဓာတ် အကြီးအကျယ်ကျလို့ နောက်ဆုတ် သွားပြီ နော်ဗျ။ ဒါပေမယ့် ကဲရိုလီဟာ သာမန် လူမဟုတ်ဘူး။ ကဲရိုလီကို သာမန် လူလို့ မြင်ရင်ကို ခင်ဗျားတို့ မှားပြီ။ သူဒီတင်ရပ်မသွားဘူးဗျ။
လက်ဖြတ်ပြီးကထဲက ကဲရိုလီဟာ အကြိတ်အနယ် စဉ်းစားတယ်။ "ငါ့ညာလက်... အခုမရှိတော့ဘူး! ဘာအရေးလဲ! ဘယ်လက်တစ်ချောင်းလုံး ငါ့မှာ ရှိနေတာပဲ! ဒီဘယ်လက် နဲ့ ကမ္ဘာပေါ်မှာ အကောင်း ဆုံး သေနတ်ပစ်သမား ဖြစ်အောင် ထပ်လုပ်မယ်!" အဲဒီလို စဉ်းစားတယ်ဗျ။
ပြီးတာနဲ့ ကဲရိုလီဟာ ဘယ်သူ့ကိုမှ မပြောပဲ လူသူမနီးတဲ့ နေရာတစ်ခုမှာ တစ်ယောက်ထဲ သေနတ်ပစ် လေ့ကျင့်နေ ခဲ့တယ်။
ဒီတော့ စဉ်းစားကြည့်။ ဘယ်လက်နဲ့တောင် စာတစ်ကြောင်း ဖြောင့်အောင် မရေးနိုင်တဲ့ ညာသန် ကဲရိုလီဟာ ကျားကုတ် ကျားခဲနဲ့ ဘယ်လက်ကို အသုံးပြုပြီး ကမ္ဘာ့ အကောင်းဆုံး သေနတ်ပစ်သမား ဖြစ်အောင် လုပ်ချင် စိတ်က တကယ်ဆို နည်းနည်းနောနော ရူးသွပ်မှုတစ်ခု တောင် မဟုတ်တော့ဘူး။ သို့သော် ရူးသွပ်မှုတို့ရဲ့ ရလဒ်ဟာ ကျဆုံးခြင်းလို့ ထင်ရင် ခင်ဗျားတို့ မှားပြီ။
တစ်ချိန်ထဲမှာ နောက်ထပ် နောက်ထပ် အဆင်မပြေမှုတွေ ဆက်ကာ ဆက်ကာ ပေါ်လာတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတော့မယ့် အငွေ့အသက်တွေကြောင့် ၁၉၄၀ တိုကျိုမှာ ကျင်းပမယ့် အားကစား ပွဲတော် ရပ်နားလိုက်ရတယ်။ ဒါတင်မကပဲ ၁၉၄၄ ခုနှစ်အတွက်ပါ တဆက်ထဲ ကြိုတင် နှစ် ကြိမ် ဆက်တိုက် အိုလံပစ်ပွဲတော် ရပ်နားခဲ့တယ်။ ကဲရိုလီရဲ့ အိပ်မက်တွေ အကောင်အထည် မပေါ် တော့တဲ့ အတွက် သူ စိတ်ဓာတ်တွေ အကြီးအကျယ် လှိမ့်ကျနေတယ် ထင်သလား။ မထင်နဲ့... ကဲရိုလီ ဒီတင်ရပ်မသွားဘူး။
၁၉၃၉ ခုနှစ်မှာ သူ့နိုင်ငံတွင်း ပစ္စတိုပစ် ပြိုင်ပွဲကြီး တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကဲရိုလီ ဆုံးဖြတ်ခဲ့ တယ်။ ဒီတော့ပွဲကို ရောက်သွားတဲ့အခါမှာ သူ့မိတ်ဆွေဟောင်း ပြိုင်ဘက်တွေက သူလာပြိုင်တယ်လို့ ကို မထင်ဘူး။ "ကြည့်စမ်း! ကဲရိုလီဟာ အားကစား သမား စိတ်ဓာတ် အပြည့်နဲ့ ငါတို့ကို လာတောင် အားပေးရှာတယ်။" လို့ သူတို့ကို လာအားပေးတယ် ထင်ပြီး ကျေးဇူးတင်ကြောင်း ဝိုင်းပြောကြတယ်။
ဒီတော့ ကဲရိုလီက ဘာပြန်ပြောလဲ သိလား။ "ကျုပ် ခင်ဗျားတို့ကို အားပေးဖို့ စိတ်မဝင်စားဘူး။ ကျုပ် ခင်ဗျားတို့ နဲ့ ယှဉ်ပြိုင်ဖို့ လာခဲ့တာပဲ။" တဲ့။ ပြိုင်ဘက်တွေဟာ သူ့ကို သနားတဲ့ အကြည့်နဲ့ ကြည့်ပြီး တော့ ဝိုင်း လှောင်ပြောင် ရယ်မော ကြတာ ပေါ့ဗျာ။
ဒါပေမယ့် လှောင်ပြောင်သံတွေဟာ ကဲရိုလီ ပစ်လိုက်တဲ့ ပထမဆုံး ကျည်ဆံ အထွက်မှာ လုံးဝ တိတ် သွားခဲ့တယ်။ ဒီတင်ရပ်မသွားဘူးနော်။ ဟန်ဂေရီ နိုင်ငံလုံးဆိုင်ရာ ပစ္စတိုပစ် ပြိုင်ပွဲကြီး ရဲ့ "ချန်ပီယံဆု" ကို ဆွတ်ခူးတဲ့ အထိ အောင်နိုင်ခဲ့တဲ့ အခါမှာ လှောင်ပြောင်သံတွေကနေ ချီးမွမ်းသံတွေ အဖြစ်ကို အသွင်ပြောင်းသွားခဲ့တယ်။
ဒီတင်ရပ်မသွားဘူးနော်။ သူ့ဘယ်ဖက်လက်ဟာ ကမ္ဘာ့အကောင်းဆုံး ပစ္စတိုပစ်တဲ့ လက် ဖြစ်ရမယ် ဆိုတဲ့ သံဓိဌာန် အတိုင်း သွားမယ့်လမ်းကို သိတယ်။ ဒါ့ကြောင့် ဆက်လျှောက်တယ်။
၁၉၄၈ ခုနှစ် လန်ဒန်မှာ ကျင်းပခဲ့တဲ့ နွေရာသီ အိုလံပစ် ပွဲတော်မှာ ကဲရိုလီ ရွှေတံဆိပ် ဆု ဆွတ်ခူး ရရှိတဲ့ အခါမှာတော့ တစ်ကမ္ဘာလုံးဟာ ရွှေတံဆိပ် ဆုရှင် လက်တစ်ဖက်ပြတ် သေနတ်သမား ပေါ်ပြီ ဆိုတဲ့ ဟစ်ကြွေးသံနဲ့ အတူ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ ဒီတင်လည်း ရပ်မသွားသေးဘူး။
နောက်တစ်ခါ Helsinki မှာ ၁၉၅၂ ရောက်တော့ ပြုလုပ်ခဲ့တဲ့ နွေရာသီ အိုလံပစ် ပွဲတော် မှာလည်း နောက် တစ်ကြိမ် ရွှေတံဆိပ် ဆုကို ထပ်မံ ဆွတ်ခူးခဲ့တဲ့ အခါ တစ်ကမ္ဘာလုံး အုတ်အော် သောင်းနင်း ဖြစ်ကုန်တဲ့ အထိကို ကမ္ဘာ့ နံပါတ် ၁ သေနတ်ပစ်သမား ဖြစ်လာခဲ့တယ်။
ကဲ... စဉ်းစားမယ်။ ကဲရိုလီ ခုလို အောင်မြင်အောင် ဘာလုပ်ခဲ့တာလဲ။
"ကိုယ့်ဆီမှာ မရှိတော့တဲ့ အားကိုးကို တွယ်ကပ် မနေပဲ ကျန်နေတဲ့ အရာကို အားကိုးတစ်ခု ဖြစ်လာ အောင် လုပ်နိုင်ခဲ့တာပဲ။"
"ဪ... ငါ့မှာ ဒါသာ ရှိခဲ့ရင်... ငါသာဒီလို လုပ်ခဲ့ရင်" စတဲ့ တောင်စဉ်ရေမရ ရေရွတ်မှုတွေနဲ့ အချိန် ကုန်မခံဘူး။ ကိုယ့်မှာ ဘာရှိလဲ။ သိအောင်လုပ်တယ်။ သိတာနဲ့ တပြိုင်နက် ရှိတာနဲ့ မရရအောင် ထ လုပ်တယ်။ ဒါဆိုရင် အလုပ်လုပ်တဲ့ လမ်းတလျှောက် အခွင့်အရေးတွေဆိုတာ ပေါ်ပေါက် လာရတာပဲ။
ဟုတ်တယ်... ဘယ်တော့မှ မရပ်နဲ့! အရာအားလုံးဟာ မဖြစ်သေးတာပဲ ရှိတယ်။ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး! ဘယ်တော့မှ... ဒီတင်ရပ်မသွားနဲ့။
#kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။