အဆိုတော်မွန်းအောင် တော်လှန်ရေးသီချင်းတွေအပြီးသပ်အသံသွင်းဘို့ ဒီကနေ့(၂၈မေမှာ)ထိုင်းနိုင်ငံဘန်ကောက်ကိုထွက်ခွါသွားပါပြီ။ သူခရီးမထွက်ခင် မေလ ၂၇မှာညနေ အော်စလိုမှာ ကိုမွန်းအောင်နဲ့ဇနီး(မဆွေ)နဲ့အတူတွေ့ဆုံပြီးပန်ချာဘီဆိုင်လေးမှာ နေ့လည်စားအတူစားရင်း နောက်ထွက်မယ့်သီချင်းခွေအကြောင်း စကားစမြီပြောဖြစ်တယ်။
လောလောဆယ် သီချင်းစီးရီးနာမည်တောင် မစဉ်းစားသေးတဲ့ဘူးတဲ့၊ အခွေက ပြီးခဲ့တဲ့ လကပဲ ချင်းမိုင်မှာ မစ္ဇျိမလှိုင်း ၀ိုင်းတော်သားတွေနဲ့ တီးလုံးတွေ အသံသွင်းပြီးစီးခဲ့တယ်။ အခု ကျန်တဲ့အဆိုပိုင်းတွေထည့်ဆိုဖို့ ဘန်ကောက်ကို ခရီးထွက်သွားတာဖြစ်တယ်။ တေးစာသားအများစုဟာ ကိုနေ၀င်း၊ ကိုရဲလွင်တို့ရေးသားထားပြီး ထုံးစံအတိုင်း တော်လှန်ရေး၊ ငြိမ်းချမ်းရေး နဲ့
ဘ၀ဒဿသ နအတွေးအမြင်တွေ၊လူ့ဘ၀ရဲ့ အားမာန်နဲ့ တည်ကြည်တဲ့ စိတ်ဓာတ်တွေရပ်တည်ချက်တွေကို ကဗျာဆန်ဆန်စကားလုံးအလှတွေ၊ အလင်္ကာတွေနဲ့ဖွဲ့ဆိုထားတာပါ။ ကိုမွန်းအောင်ဖွင့်ပြလို့ အခွေကြမ်းလေးတော့ နားထောင်ရတယ်။ မစ္ဇျိမလှိုင်းရဲ့ စတိုင်အတိုင်း သံစဉ်စားသားတွေကသိမ်မွှေ့နူးညံ့သလို အားမာန်နဲ့ ခွန်အားလည်းပြည့်ဝတဲ့ အနုပညာမြောက်သီချင်းတွေပါ။ ဒီတခေါက် သီချင်းအမျိုးအစားကတော့ အစုံပဲ Countary၊ Pop၊ Rock နဲ့ Blues စတိုင်တွေလည်းပါတယ်။ ကိုရဲလွင်ရေးတဲ့ အင်္ဂလိပ်သီချင်း တပုဒ်လည်းပါတယ်။ ကိုနေ၀င်းရဲ့ လက်ရာ ၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးကို စပ်ဆိုထားတဲ့ သီချင်းတပုဒ်ကတော့ အင်မတန်အနုပညာမြောက်တဲ့ အလင်္ကာတွေနဲ့ စိတ်ဓာတ်ခွန်အားမြှင့်ပေးတဲ့ သီချင်းလေးပဲ။ သီချင်းတိုင်းလိုလို အားကောင်းမောင်းသန်ရှိတယ်။ '" ဒီအခွေကတော့ အောင်မြင်ပေါက်မြောက်မယ့်အခွေပါ" လို့ တေးရေးသူကိုနေ၀င်းကိုယ်တိုင် ထင်မြင်ချက်ပေးခဲ့တယ်လို့ ကိုမွန်းအောင်က ပြန်ပြောပြတယ်။
" အစောပိုင်းကတော့ အဆိုအပိုင်းတွေကို အော်စလိုမှာပဲ အသံသွင်းဖို့ စဉ်းစားထားတာပါ၊ ဒါပေမယ့် အခွေကာဗာတွေအပြီးသပ်လုပ်ချင်တာရော၊ ဗွီဒီယို ခွေထုတ်ဖို့ပါ ပြင်ဆင်ရမှာမို့ ထိုင်းမှာပဲ တခါတည်းအသံသွင်းဖို့ ဆုံးဖြတ်လိုက်ရတယ်" လို့ ကိုမွန်းအောင်ကပြောတယ်။
ထိုင်းမှာ ဘယ်လောက်ကြာမယ်ဆိုတာမသိရသေးဘူးတဲ့။
မြန်မာပြည်မှာ သွားဆိုဘို့ အစီအစဉ်မရှိဘူးလားလို့မေးတော့.." အခုထက်ထိ ငြိမ်းချမ်းရေးသဘောတူညီချက်တောင် အောင်မြင်အောင်အကောင်အထည်ဖော်နိုင်သေးတာမဟုတ်သေးဘူးဗျာ၊ ပြီးတော့ ကျနော်က မြို့ကြီးတွေမှာ သီချင်းတွေလှည့်ဆိုနေတဲ့အချိန် ဟိုး..တောင်ပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေ အသက်လု ပြေးနေရတယ်၊ စစ်တိုက်နေရတယ်ဆိုတာ မျိုး ကျနော် မခံစားနိုင်ဘူး" လို့ ဖြေသွားတယ်။

ကိုညို။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။