Myanmaalinn
ကျွန်တော် သူတောင်းစားမဟုတ်ဘူး
ဦးထွန်းသည် ၅၄ လမ်း အောက်ဘလောက်တွင် ငါးတန်းမှ တက်္ကသိုလ် အထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာ သာရပ်များ သင်ကြားပေးနေသူ ကျူရှင်ဆရာ ဖြစ်သည်။ သူသည် အပြင်သို့ထွက်သည့်အခါ မကြာခဏ ဆိုသလို သူတောင်းစား(ဖုန်းတောင်းယာစကာ)နှင့် အထင်မှားခံရကာ ပိုက်ဆံလာပေးသူများနှင့် မကြာ ခဏ ကြုံကြိုက်ခဲ့ဖူးသည်ဟု ဦးထွန်းကိုယ်တိုင်က ပြောပြခဲ့သည်။
ဦးထွန်းသည် ဦးအေးမောင်၊ ဒေါ်ညွန့်ရီတို့မှ မွေးဖွားပြီး မွေးချင်းမောင်နှမ ငါးယောက်တွင် အကြီးဆုံးသား ဖြစ်ကာ မွေးရာပါ ပိုလီယိုရောဂါ ခံစားနေရသူ ဖြစ်သည်။
“ကျွန်တော် တစ်ယောက်တည်းဆိုရင် အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်က လူတွေမှာ ကရုဏာတရား စာနာစိတ်ရှိလို့ ဆိုတာသိပေမယ့် ဘေးမှာ သားငယ်ပါလာရင် သားငယ် စိတ်အားငယ်သွားမှာကို စိုးရိမ် မိပါတယ်” ဟု ဦးထွန်းက ဆိုသည်။
ဦးထွန်းတွင် တက္ကသိုလ်ဝင်တန်းသို့ ၀င်ရောက်ဖြေဆိုမည့် ဆယ်ကျော်သက်အရွယ် သားတစ်ဦးရှိပြီး သားနှင့် ညနေခင်းလမ်းလျှောက်ထွက်သည့် ရက်များတွင် သူတောင်းစားဟု အထင်မှားခံရသည့် ထိုသို့ သော အဖြစ်အပျက်မျိုးနှင့် ကြုံကြိုက်ခဲ့ရဖူးခြင်း ဖြစ်သည်။ အဆိုပါအချိန်များတွင် ဆယ်ကျော်သက် အရွယ် သားငယ်၏ရင်ထဲတွင် စိတ်ဒဏ်ရာများ ရရှိမည်ကို သူ့အနေ နှင့် များစွာ စိုးရိမ်လျက်ရှိသည်။
အဆိုပါ သူတောင်းစားနှင့် အထင်မှားခံရသည့်အချိန်များတွင် ဦးထွန်းသည် စိတ်ကို အတည်ငြိမ်ဆုံးထား ကာ ဖော်ရွေသောအပြုံးဖြင့် ကျွန်တော် သူတောင်းစား မဟုတ်ပါဘူးဟု ပိုက်ဆံလာပေးသည့်သူများကို ပြောပြလေ့ရှိသည်။
“သားငယ်ပါတဲ့အချိန် အဲဒီလို အဖြစ်အပျက်မျိုးတွေနဲ့ကြုံရင် လူတွေမှာ ကိုယ်ချင်းစာ တရားရှိလို့ အခုလို မျိုးပေးကမ်းကြတာပါလို့ သားငယ်ကို ရှင်းပြရတာပေါ့။ ဒါပေမဲ့ သားငယ်ကတော့ မျက်နှာမကောင်းဘူး ပေါ့ လေ” ဟု ဦးထွန်းကပြောသည်။
ဦးထွန်းသည် ဇနီးသည်မဖြူနှင့် အသက် ၄၀ နီးပါးအရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။ ယခုအချိန်တွင် သူတို့မိသားစု၏အိမ်ထောင်ရေးမှာမူ တစ်ဦးနှင့်တစ်ဦး စာနာနားလည် မှု၊ သနားကြင်နာမှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် သာယာနေသည်ဟု ဦးထွန်း၏ဇနီး မဖြူက ပြောပြသည်။
ဦးထွန်း၏ အိမ်သူသက်ထားမှာလည်း ငယ်စဉ်ကတည်းက တက္ကသိုလ်ရောက်သည်အထိ စာသင်ကြား ပေးခဲ့ရသည့် ဦးထွန်း၏ တပည့်မပင် ဖြစ်သည်။
“သူက ကျွန်တော့်ကို စာနာ သနားတယ်။ ကျွန်တော်က သူကိုနားလည်ပေးနိုင်တဲ့အတွက် အိမ်ထောင် ရေးက အဆင်ပြေပါတယ်။ အခုဆိုရင် သားလေးက ဆယ်တန်းတောင် ရောက်နေပါပြီ။” ဦးထွန်းသည် ယခင် လူပျိုဘ၀က အခမဲ့ ပညာဒါန သင်ကြားပေးသော်လည်း အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် အိမ်
ထောင်တာဝန်ကို ယူရမည်ဖြစ်သည့်အတွက် အခကြေးငွေယူကာ သင်ကြားပေးခဲ့သည်။ စေတနာမေတ္တာ အပြည့်ဖြင့် သင်ကြားပြသပေးသည့် ဦးထွန်း၏ သင်ကြားပြသမှုများကြောင့် ယခုအချိန်ထိ တပည့်ဟောင်း များမှ အိမ်သို့ အ၀င်အထွက်ရှိနေဆဲ ဖြစ်သည်။
ဦးထွန်း ငယ်စဉ်က ညီအစ်ကိုမောင်နှမများ ကစားနေကြသည်ကို ငေးမော အားကျခဲ့ရ၏။ညီအစ်ကိုမောင် နှမများ စာကျက်နေကြသည့်အချိန်များတွင် စာရေးတတ်ဖတ်တတ်ချင်သည့် ခံစားချက်က သူ့ကို အမြဲ လွှမ်းမိုးနေခဲ့ရ၏။
ယခုအခါ တက္ကသိုလ်နှင့် ဆယ်တန်းကျောင်းသားများအထိ အင်္ဂလိပ်စာနှင့် သချာင်္ဘာသာရပ်များ သင် ကြားပြသပေးနေသော်လည်း သူသည် ငယ်စဉ်ကတည်းက အတန်းပညာတက်ခဲ့ရခြင်း မရှိပါချေ။ အဆိုပါ ဘာသာရပ်များအား ကိုယ်ထူးကိုယ်ချွန် လေ့လာသင်ယူ တတ်မြောက်ခဲ့ရသူ ဖြစ်သည်။
“အတန်းကျောင်း မတက်ခဲ့ရပါဘူး။ ကျွန်တော် ငယ်ငယ်က လမ်းလဲမလျှောက်နိုင်တဲ့အတွက် အိပ်ရာထဲ မှာပဲ နေခဲ့ရပါတယ်။ အိမ်ရာထဲမှာပဲနေရတာ ပျင်းလာတော့ မောင်နှမတွေရဲ့ ကျောင်းစာအုပ်တွေကို ယူ ဖတ်ရင်းနဲ့ တတ်ခဲ့ရတာပါ” ဟု ဦးထွန်းက အနည်းငယ် အပြုံးစွက်သော မျက်နှာနှင့် ရင်ဖွင့်သည်။
ဦးထွန်းသည် ယခုအချိန်တွင် အင်္ဂလိပ်သတင်းစာများကိုပါ အလွယ်တကူ ဖတ်ရှုနိုင်နေပြီဖြစ်ပြီး သူ၏ ဆရာများမှာ စာအုပ်များနှင့် ကြားဆရာ၊ မြင်ဆရာများပင် ဖြစ်သည်ဟု ဆိုသည်။ သူစိတ်အထိခိုက်ဆုံး အရာမှာ သူလို မသန်စွမ်းသူ တစ်ဦးကပင်လျှင် ဘ၀ရပ်တည်မှုအတွက် မည်သူ၏ အကူအညီကိုမျှ မယူခဲ့ သော်လည်း တခြား ကိုယ်လက်အင်္ဂါ သန်စွမ်းသူတချို့ လမ်းပေါ်တွင် လိုက်လံတောင်းစားနေသည်ကို မြင်တွေ့ရပါက အလွန်ပင် ၀မ်းနည်းရသည်ဟု ဆိုသည်။
“ကျွန်တော် အခုထိ မည်သူ့ အကူအညီမှ မယူခဲ့ပါဘူး။ ကိုယ့်အစွမ်းနဲ့ကိုယ် လောက်ငှအောင် ငွေကြေး ကိုရှာဖွေနိုင်တယ်။ အခု တချို့ပညာမရှိဘူးဆိုရင်တောင် ခွန်အားနဲ့လုပ်စားဖို့ အခြေအနေတွေရှိရဲ့သားနဲ့ တောင်းစားနေတာတွေကို မြင်ရတော့ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။သူတို့ရဲ့အတွေးတွေနဲ့ ဘ၀ခံ ယူချက်တွေကို အံသြရတယ်” ဟု ပြောသည်။
ဦးထွန်း အကြောက်ဆုံးသောအရာမှာ သူသည် သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟူသော အတွေး ကို သူတစ်ပါး တွေးထင်မည်ကို အကြောက်ဆုံးဟု ဆိုပါသည်။
ငယ်စဉ်ကပင် ဦးထွန်း၏ ရည်ရွယ်ချက်အိပ်မက်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့်သူ တစ်ဦး ဖြစ်လာရန်ဖြစ်ပြီး လက်တွေ့တွင်လည်း သူ၏အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။
ဦးထွန်းတို့ မိသားစုတွင် အိမ်ပိုင်မရှိသော်လည်း အိမ်ငှားစရိတ်၊ အိမ် စရိတ်နှင့် ကလေးကျောင်းစရိတ်များ
အတွက် မည်သူ့ထံမျှ အကူအညီ တောင်းခံရခြင်းမရှိဘဲ ဦးထွန်း၏၀င်ငွေနှင့်ပင် အိမ်စာရိတ်လုံလောက် သည်ဟု ဦးထွန်း၏အိမ်သူ မဖြူက ဆိုသည်။
ဦးထွန်း စာဖတ်တတ်နေသည်ကို အစပထမပိုင်း အချိန်တော်တော်ကြာသည်အထိ မည်သည့်အိမ်သား များမှ သိရှိခဲ့ခြင်းမရှိပေ။ ဦးထွန်းတစ်ယောက် စာဖတ်တတ်သည်ကို အိမ်သားများ သတိထားမိစေခဲ့သည့် ဖြစ်ရပ်ကလေးမှာလည်း သတိရမိတိုင်း ပြန်လည် ရယ်မောရစေသည့် ဟာသဖြစ်ရပ် ကလေးပင်ဖြစ်သည် ဟု ဦးထွန်းက ပြောသည်။
“အစ်ကိုတစ်ဝမ်းကွဲဖြစ်သူနဲ့ ငယ်ငယ်တုန်းက တစ်ခန်းတည်း နေရပါတယ်။ သူရည်းစားထားတော့ ရည်း စားစာတွေကို ကျွန်တော် စာမဖတ်တတ်ဘူးထင်ပြီး လက်လွတ်စပယ်ထားသည်ကို ဦးထွန်းက ဖတ်မိ
ပြီး အိမ်သားများကို ပြန်ပြောပြရာက ဦးထွန်းတစ်ယေက် စာတ်တတ်နေသည်ကို အိမ်သားများ သိသွား ရခြင်း ဖြစ်သည်ဟု ဦးထွန်းက အပြုံးမျက်နှာနှင့်ပင် ပြန်ပြောပြခဲ့သည်။
ဦးထွန်းသည် အချိန်အတော်ကြာသည်အထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ မသန်စွမ်းဆေးရုံအနီးတွင် အလုပ် လုပ်သော ဦးလေးကြီး၏တိုက်တွန်းမှုဖြင့် အဆိုပါဆေးရုံသို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး လေး၊ ငါးလအတွင်း လမ်းလျှောက်နိုင်ခဲ့သည်။ ဆေးရုံသို့ရောက်ရှိချိန်တွင် မသန်စွမ်းသည့်အပြင် ဉဏ်ရည်ဖွံ့ဖြိုးမှု အားနည်း နေသေးသလားပာူသော သံသယဖြင့် မှတ်ဉဏ်စမ်းသပ်သည့် လေ့ကျင့်ခန်းအချို့ဖြင့် စမ်းသပ်ခံခဲ့ရသည် ကိုလည်း ပာာသအဖြစ်ပင် အမှတ်ရမိသေးသည်ဟု ရယ်မောကာပြောဆိုသည်။
“လမ်းလျှောက်တတ်ခဲ့ပေမယ့် ရှက်တာပေါ့နော်။ အပြင်ထွက်ဖို့က အိမ်ဘေးက သူငယ်ချင်းတွေက သူ တို့အပြင်သွားရင် ခေါ်ခေါ်သွားပေးကြပါတယ်။ အဲဒီကနေ အပြင်ထွက်ဖို့ကို ကြောက်ရွံ့စိတ် မရှိတော့
ပါဘူး။” ဦးထွန်းသည် ယခုတိုင် ကြီးမားသည့် ဒုက္ခဟူ၍ မတွေ့ရဘဲ အသက်ဘေးကြုံရနိုင်သည့် ဘေး များကိုပင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ နံနက်တိုင်း ယုံကြည်စွာရွတ်ဆိုသည့် သရဏဂုဏ်သုံးပါး၏အစွမ်းပင်
ဖြစ်သည်ပာု ဦးထွန်းက ယုံကြည်သည်။
“ဒီပြင့် တန်ခိုးကြီးဂါထာတွေ ရွတ်ဖတ်ချင်ပေမယ့် ကျွန်တော်က စကားပီသအောင် မပြောနိုင်တဲ့အတွက် သရဏဂုံ သုံးပါးကိုပဲ ရွက်ဖတ်ဖြစ်တာပါ” ဟူ၍ ညှိုးငယ်စွာဖြင့် သက်ပြင်းသဲ့သဲ့ချကာ ဆိုသည်။
ယခုအချိန်တွင်မှု ဦးထွန်းသည် သူ၏မိသားစုဖြင့် ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေပြီဖြစ်သည်။ သူသည် ညနေခင်းအချိန်များတွင် သူ၏သားဖြင့် လမ်းလျှောက်ထွက်လေ့ရှိသော်လည်း သူတောင်းစားဟု အထင် ခံရမည်ကိုမူ စိုးရိမ်နေဆဲ ဖြစ်သည်။
မသန်စွမ်းသူ အများစု၏ အိပ်မက်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့်ဘ၀ ပိုင်ဆိုင်ရန်ဖြစ် ပြီး အများစုမှာယင်းအခြေအနေကို ရရှိရန်ကြိုးစားကြသည်။ လူမှုဘ၀လုပ်ငန်းခွင်မှာမူ မသန်စွမ်းသူများ အား အလုပ်အကိုင်ခန့်ထားမှုမှာ များစွားနည်းပါးနေသေးသည်။ မသန်စွမ်းဆိုင်ရာ လူမှုအဖွဲ့အစည်းများ ကမှု ယင်းကဲ့သို့ မသန်စွမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါနေရသည်မှာ လုပ်ငန်းရှင်များမှ မသန်စွမ်းများအပေါ် အလုပ်အကိုင်နှင့်ပတ်သက်ကာ ယုံကြည်မှုနည်းပါးနေသေးသောကြောင့် ဖြစ်သည် ဟုသုံးသပ်သည်။ လုပ်ငန်းရှင်များဘက်မှ ယုံကြည်မှုအပြင် မသန်စွမ်းသူများဘက်မှလည်း သက်ဆိုင်ရာ ရုံးလုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်သည့် ကိုယ်ပိုင်အရည်အသွေးရှိရန် လိုအပ်သေးသည်ဟု သုံးသပ်သူများလည်း ရှိသည်။
ယူနီဆက်ဖ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏၂ ဒသမ ၃၂ ရာခိုင်နှုန်းသည် မသန်စွမ်း သူများဖြစ်ကြပြီး ယင်းတို့အနက် ၂၄ ရာခိုင်နှုန်းမှာ၂၆ နှစ်အောက်ဖြစ်ကာ မိသားစု ၁၀ စုတွင် တစ်စု၌ မသန်စွမ်းသူ တစ်ဦးရှိနေလျက် မသန်စွမ်းမှုဖြင့် နေထိုင်ရသူများအနက် ၉၅ ရာခိုင်နှုန်းကို အဓိကစောင့် ရှောက်ပေးသူများမှာ မိသားစုပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မသန်စွမ်းများ၏ အလုပ်အကိုင် အခွင့်အရေးနှင့်ပတ်သက်၍ သန်စွမ်းသူများနှင့်တန်းတူ အခွင်အရေးရရှိရန်မှာ အလွန်ပင်အရေးကြီးသည့် အချက်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် ဦးထွန်းတို့လို မသန်စွမ်းသူများအပေါ် နားလည်ဖေးကူချင်သည့် ယဉ်ကျေးမူ ကြီးမားကျယ်ပြန့်စွာ မစိုက်ထူနိုင်သေး သည်ကတော့ ၀မ်နည်းဖွယ်ပင် ဖြစ်သည်။
By The Mizzima

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။