Myanmaalinn
ကရင်လူမျိုး
ကရင်အစုဝင် ဘာသာစကား ပြောဆိုသော လူမျိုးတို့မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့အနက် ဒုတိယ လူဦးရေ များဆုံးဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ ကရင်လူမျိုးဦးရေမှာ ၁၃၆၇၆၇၃ ဖြစ်၏။ ၁၉၁၁ ခုနှစ်က တသန်းမျှသာရှိခဲ့ရာ ကရင်လူမျိုးဦးရေ တိုးတတ်လျှက်ရှိသည်ဟု ဆိုရမည်။
ကရင်လူမျိုးတို့သည် ပြည်ခရိုင်မှ တောင်ဘက်သို့ ပင်လယ်ထိ၎င်း၊ ရမည်းသင်းခရိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ တနင်္သာရီတိုင်း မြိတ်ခရိုင်ထိ၎င်း ပျံ့နှံနေထိုင်ကြသည်။ ယခုကယားပြည်နယ်ခေါ် ကရင်နီနယ်နှင့် ယခုကရင်ပြည်နယ်တွင် ပါဝင်သော သံလွင်ခရိုင်တို့မှတပါး အခြားခရိုင်တို့တွင် ကရင်တို့မှာ လူနည်းစုများဖြစ်ကြသည်။
ကယားပြည်နယ်တွင် ၄၅၀၀၀ မျှ ၊ သံလွင်ခရိုင်တွင် ၄၆၀၀၀ မျှစီ ရှိ၍ သထုံခရိုင်၌ ၃၀၀၀၀၀ နီးပါး၊ ရှမ်းပြည်တောင်ပိုင်းတွင် ၁၈၀၀၀၀ မျှ၊ ပုသိမ်ခရိုင်တွင် ၁၃၀၀၀၀ မျှ၊ မြောင်းမြခရိုင်တွင် ၁၂၀၀၀၀ မျှ၊ မအူပင်ခရိုင်တွင် ၁၁၀၀၀၀ ကျော်၊ ကျိုက္ခမီခရိုင်တွင် ၁၀၀၀၀၀ ကျော်၊ တောင်ငူခရိုင်တွင် ၉၀၀၀၀ မျှ အသီးသီးရှိကြသည်။ ယိုးဒယားနိုင်ငံတွင် ကရင် ၅၀၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းရသည်။ သံလွင်ခရိုင်နှင့် ကယားပြည်နယ်မှ တပါး ကျန်ဒေသတို့တွင် ဒေသအလိုက် ကရင်တို့သည် မြန်မာ၊ မွန်၊ ရှမ်း၊ ယိုးဒယား စသည့် လူမျိုးတို့နှင့် ရောနှော နေထိုင်ကြသည်။
ကရင်အမျိုးကွဲပြားပုံ
===========
ကရင်တို့တွင် တောင်ပေါ် ကရင်၊ ကွင်းကရင်ဟု ၂ မျိုးခွဲခြားနိုင်သည်။ ကွင်းကရင်တို့တွင် စကော (၅ သိန်းကျော်)၊ ပိုး (၅ သိန်းမျှ) နှင့် ပအိုခေါ် တောင်ငူထက်ဝက်(တသိန်းမျှ) တို့ပါဝင်သည်။ တောင်ပေါ်ကရင်တို့တွင် ကယား ခေါ် ကရင်နီ၊ ဘွဲခေါ် ဘဂိုင်၊ ပရဲ့၊ ကရင်ဖြူ၊ ပဒေါင်၊ ဂဲခိုး၊ ယင်းဘော်၊ ယင်းတလဲ၊ ဇယိန်း၊ မော်နေဘွား နှင့် ထက်ဝက်ကျော်သော ပအိုခေါ် တောင်သူတို့ ပါဝင်သည်။ တောင်ပေါ်ကရင်တို့မှာ လူဦးရေ မများလှပေ။ ကယား (၃၁၅၀၀) ၊ ပဒေါင် (၁၆၅၀၀) ၊ ကရင်ဖြူ (၁၅၅၀၀) နှင့် တောင်သူ (တသိန်းကျော်) တို့သာလျှင် လူဦးရေ အတော်အတန် များပေသည်။
ကိုးကွယ်ယုံကြည်မှု
==========
မူရင်းအားဖြင့် ကရင်တို့မှာ နတ်စားကြ၏ ။ ကြက်ရိုးထိုးသည့် အလေ့အထကို ယုံကြည်ကြသည်။ အချို့မှာ ဗုဒ္ဓ အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။ ခရစ်ယန် သာသနာပြုဆရာများ ရောက်ရှိလာပြီးနောက် ကရင်အချို့တို့သည် ခရစ်ယန် အယူဝါဒဂိုဏ်း အမျိုးမျိုးတွင် သက်ဝင်ယုံကြည်လာကြ၏။
ကရင်နှစ်သစ်ကူးနေ့
===========
လူမျိုးတိုင်းတွင် မိမိတို့ တမျိုးသားလုံးနှင့် သက်ဆိုင်သောနှစ်သစ်ကူးနေ့များ ရှိစမြဲဖြစ်သည့်အတိုင်း ကရင်အမျိုးသားများ အဖို့တွင်လည်း ကရင်နှစ်သစ်ကူးန့ဟူ၍ ရှေးပဝေဏီကပင် ရှိခဲ့သည်။ ကရင်အမျိုးသားတို့၏ နှစ်သစ်ကူနေ့မှာ ပြာသိုလဆန်းတရက်နေ့ဖြစ်သည်။
ထိုနေ့တွင် ကရင်အမျိုးသားများသည် မိမိတို့၏ တောင်ယာပဲခင်းမှ ရသော စပါးနှင့် အခြားအသီးအနှံများကို ချက်ပြုတ်၍ စားဦးစားဖျားများကို လူကြီးမိဖ ဆရာသမားများအား ကန်တော့ကြပြီးလျှင် မိတ်သင်္ဂဟများနှင့် ပျော်ပါးစွာစုရုံးစားသောက်ကြသည်။
ထိုနှစ်သစ်ကူးနေ့ မင်္ဂလာအခါတွင် တနှစ်တွက် ၀မ်းစာများကို ကျီသွင်းသိုလှောင်ခြင်း၊ လွန်ခဲ့သည့် နှစ်က သေဆုံးသော လူသေအလောင်းများကို မီးင်္သဂြိုလ်၍ ပြာများကို ဆောင်ဦးလေရူးတွင် လွှင့်ကြဲဖျောက်ဖျက်ခြင်း စသည်တို့ကိုလည်း ပြုလုပ်လေ့ရှိကြသည်။
စာပေနှင့် ဘာသာစကား
=============
ခရစ်ယန်သာသနာပြုများ မရောက်မီ ကရင်လူမျိုးတို့အနက် ပအိုတောင်သူတို့၌သာ ကိုယ်ပိုင်စာပေရှိခဲ့သည်။ ၁၈၃၀ ပြည့်နှစ်လောက်က ဒေါက်တာဝိတ်ခေါ် အမေရိကန်နှစ်ခြင်းသာသနာပြု ဆရာတယောက်သည် ဂျိုင်းမြစ်ဝှမ်းရှိ ကရင်အမျိုးသားတို့အား ခရစ်ယန်အယူဝါဒကို ဟောပြောစဉ်တွင် စကောကရင်စကားကို စာဖြင့် စထွင်ရေးသားခဲ့၏ ။ ရေးသားရာ၌ မြန်မာအက္ခရာများကို အသုံးပြုခဲ့၏ ။ ဤသို့ ခရစ်ယန် အယူဝါဒဆိုင်ရာ ကျမ်းများ စကောကရင်ဘာသာဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ ၁၈၄၁ ခုနှစ်တွင် ဒေါက်တာမေဆင်ခေါ် အမေရိကန် သာသနာပြုဆရာသည် ထားဝယ်မြို့၌ “မိုးသောက်ကြယ်” ဟူသော အမည်ဖြင့် စကောကရင် သတင်းစာတစောင်ကို ရိုက်နှိပ်ထုတ်ဝေခဲ့၏။ ထိုသတင်းစာများကို ဂျပန်တို့ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်တိုက်ခိုက်သည်အထိ နှစ် ၁၀၀ နီးပါး ထုတ်ဝေခဲ့သည်။ ပိုးကရင်စာကို စထွင်သူမှာ မစ္စတာဗရေတန်ဖြစ်၍ ၁၈၄၀ ပြည့်နှစ်လောက်က ဖြစ်ပေသည်။
ဆိုခဲ့ပြီးသည့် အတိုင်း ကရင်စကားမှာ တိဗက်- မြန်မာအစုတွင် အပါအ၀င်ဖြစ်သည်။ စကားအားလုံးမှာ တလုံးချင်းအသံထွက်၍ အဓိပ္ပာယ်ရှိသည်။ ပြောဆိုရာတွင် အာလုပ်သံပါ၍ အသံမာသည်။ အသံမှာ ၆ မျိုးရှိတတ်သည်။ ၀ါကျအထားအသိုမှာ မွန်နှင့် အင်္ဂလိပ်စကားမှာကဲ့သို့ ကတ္တား၊ ၀ါစက၊ ကံ အစဉ်အလိုက်ဖြစ်သည်။ ပိုးစကားမှာ စကောစကားထက် နာသိက အသံပိုများ၏။ အသံတို၍ စူးသည်။ စကောနှင့် ပိုးစကား ၁၄ လုံးတွင် ၁၃ လုံးမှာ ဓါတ်အတူတူပင်ဖြစ်သည်ဟု ဆိုသည်။
ကရင်သြသံ
======
ကရင်သြသံမှာ ကရင်လူမျိုးတို့၏ ဘာသာဘာဝ ပြောဆိုဟစ်ကြွေးသော အသံများကို မှီ၍ သာယာဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသော မြန်မာသီချင်းကြီး အဖွဲ့အနွဲ့ တမျိုးဖြစ်လေသည်။ ထိုသီချင်းမျိုးကို ဇာတ်သဘင်များတွင် ကရင်လူမျိုးများအကြောင်းကို ကပြရာ၌ ထည့်သွင်း တီးမှုတ်လေ့ရှိသည်။ အဖွဲ့အနွဲ့စာသားမှာလည်း ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် စပ်ဆိုင်သည့် အကြောင်းအရာများသာ အများဆုံးပါဝင်သည်။
မြန်မာသီချင်းကြီးများတွင် အသံကို ရှည်ကြာစွာ ဆွဲငင်၍ သီဆိုရသော သိင်္ဂါသံ၊ အလောင်းပိုက်၊ တပ်ပို့၊ စသော သီချင်းများနှင့် သီဆိုပုံချင်း အနည်းငယ် ဆင်တူသော်လည်း၊ ကရင်သြသံတွင် တီးကွက် အသစ်အဆန်းများ ဖွဲ့သွင်းပါရှိသဖြင့် အသံရှည်သီချင်းသစ် တမျိုးသဖွယ် ဖြစ်နေလေသည်။ ကရင်သြသံကို မြင်းစိုင်း သို့မဟုတ် ငါးပေါက်သံထီးသံစဉ်ဖြင့် သီဆိုတီးမှုတ်လေ့ရှိသည်။
ကရင်သြသံများတွင် ကုန်းပေါင်မင်းတရားကြီး လက်ထက်တွင်မှ စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆရပေသည်။
တွေ့ရှိရသမျှ ကရင်သြသံများမှာ “တကျောမှုံပြာ” အစချီသြသံနှင့်၊ “မြိုင်တန်းမှောင်ဝေးလေး” အစချီသြသံများပင်ဖြစ်သည်။ ထိုသြသံများကို မသီဆိုမီ ခြေဆင်းနိဒါန်းသဖွယ် ရှေးဦးစွာ သီဆိုလေ့ရှိသော “တောင်ယာတောလယ်” အစချီ ခွန်းထောက်သဖြန်တပုဒ်လည်းရှိ၍ ကရင်သဘာဝဘွဲ့ပင်ဖြစ်ပေသည်။
By MOI
ချစ်စဖွယ်ကရင်မလေးအလှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။