Win Maw Shwethanzin with Myanmar Nation and Shwe Thanzin
ဂျူးလူမျိုး သူရဲကောင်းမလေး ဂျူးဒစ်
----- ----- ----- ----- -----
ဂျူးဒစ်ဟာ ဂျူဒေယပြည်သူလေး ဖြစ်ပါတယ်။ သူမ အသက်ရှင်သန်တဲ့ခေတ်အခါက အာဆီးရိယပြည်၊ နီးနေဝေးမြို့တော်ကို “နာဘူခဒေါနမော်” ဆိုတဲ့ မင်းကြီးအုပ်ချုပ် စိုးစံပါတယ်။ ကြီးမားများပြားတဲ့ စစ်တပ်အင်အားကိုလည်း ပိုင်ဆိုင်ပါတယ်။ “နာဘူခဒေါနမော်” မင်းကြီးမှာ အင်မတန်မှ စစ်ရေး ကျွမ်းကျင်ပြီး၊ ရက်စက်ကြမ်း ကြုတ်တဲ့ “ဟိုလိုဖန်းနေ”ဆိုတဲ့ စစ်သေနာပတိချုပ်ကြီးတစ်ဦး ရှိပါတယ်။ မင်းကြီးဟာ သူ အုပ်ချုပ်စိုးစံနေတဲ့ နယ်မြေတွေ၊ တိုင်းနိုင်ငံတွေ၊ တစ်နေ့ထက် တစ်နေ့ ပိုများလာအောင် ကမ္ဘာလူသားလုံးက သူ့ခြေရင်းမှာ ပျပ်ဝပ်ခယကြစေဖို့ နယ်ချဲ့စစ်တွေ တိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းနိုင်ငံတွေ အများစုဟာ မင်းကြီးနဲ့ စစ်သေနာပတိချုပ်ကြီးတို့ရဲ့ ရက်စက်ကြမ်းကြုတ်မူ အောက်မှာ ကျရှုံး ခဲ့ကြရတယ်။ တဖြည်းဖြည်းနဲ့ “နာဘူခနော်မော်” မင်းကြီးဟာ ဂျူးလူမျိုးတို့ရဲ့ နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်ဖို့ရန် သူ့ရဲ့ စစ်သေနာပတိချုပ်ကြီးကို တာဝန် ပေးအပ်ခဲ့ပါတယ်။
စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေဟာ ကြီးမားလှတဲ့ စစ်တပ်အင်အားနဲ့ တိုင်းနိုင်ငံတွေ အများကြီးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ကိုးကွယ်ကြတဲ့ ဘုရားတွေ၊ ဘုရားကျောင်းတွေကို လုယူ၊ ဖျက်စီးပစ်တယ်ဆိုတာကို ဂျူးလူမျိုးတွေ ကြားသိထားကြတဲ့အတွက် ထိတ်လန့် ကြောက်ရွံ့နေခဲ့ကြပါတယ်။ ဂျူးလူမျိုးတွေ အလွန် တန်ဖိုးထား မြတ်နိုးကြပြီး သူတို့ရဲ့ နှလုံးသားဖြစ်တဲ့ ဂျေရုဇလင် ဗိမ္မာန်တော်ကြီးအတွက်လည်း စိုးရိမ် ပူပန်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ဂျူးလူမျိုးတွေ အခြေချနေထိုင်ကြတဲ့ ဆမာရိယကိုနာ၊ ဘက်ဟိုရွန်၊ ဘယ်လ်မိန်၊ ဂျေရီခိုနဲ့ ဧဆိုရာဆိုတဲ့ ဒေသတွေကို သတိပေးပြီး မကြာခင် ကျရောက်လာမယ့် စစ်ဘေးအတွက် ရိက္ခာတွေ စုဆောင်းစေခဲ့ပါတယ်။ ဂျူးလူမျိုးတွေဟာ သူတို့ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အတိုင်း သူတို့ ကိုးကွယ်တဲ့ ထာဝရဘုရားဆီ ဆုတောင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့ ဘယ်လိုပဲ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြပါစေ။ တဖက်က ဟိုလိုဖန်းနေရဲ့ စစ်တပ်အင်အားဟာ အဆမတန် တောင့်တင်းနေတာကို သူတို့ ရိပ်စားမိခဲ့ကြတယ်။ ဂျူး လူမျိုးတွေ ဘယ်လိုပဲ အကောင်းဆုံး ကြိုးစားခဲ့ကြပါစေ။ ဟိုလိုဖန်းနေရဲ့ စစ်တပ်တွေဟာ ဂျူးတို့နဲ့ အသက်ဆက်နိုင်ဖို့ အဓိက အချက်အချာဖြစ်တဲ့ ရေရရှိနိုင်တဲ့ နေရာတိုင်းကို စစ်တပ်အင်အားနဲ့ ထိမ်းချုပ်ထားလိုက် ကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေဟာ ရေရှားပါး၊ ပြတ်လပ်မှုကြောင့် တဖြည်းဖြည်းနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ရေကို လုံလောက်စွာ မသောက်သုံးနိုင်တော့တဲ့အတွက် ခွန်အား နည်းလာကြတဲ့ ဂျူးတွေထဲက တစ်ချို့ဟာ ဟိုလိုဖန်းနေစစ် သေနာပတိချုပ်ကြီးထံကို သွားရောက် အညံ့ခံဖို့ ၊ သူတို့ရဲ့ ဒေသတွေကို သိမ်းယူစေဖို့အတွက် ဆန္ဒ ရှိခဲ့ကြပါတယ်။ မိမိတို့ရဲ့ ဇနီးတွေနဲ့ ကလေးငယ်တွေ အစာရေစာငတ်ပြီး သေရမှာထက် တိုင်းတပါးသားတွေရဲ့ ကျွန်ခံရတာ ပိုကောင်းမယ်လို့လဲ ခံယူကြပါတယ်။ သူတို့ ကိုယ်တိုင်လက်တွေ့ ခံစားနေရတဲ့ ဒဏ်ကို မခံစားနိုင်ကြသလို သေလု မတတ် ဖြစ်နေကြရှာတဲ့ ဇနီးနဲ့ ကလေးတွေကိုလဲ မကြည့် ရက်ကြလို့ပါပဲ။ ဒီလို တောင်းဆိုမှုတွေကြောင့် ဂျူးလူမျိုး အကြီးအကဲတွေဟာ နောက်ထပ် ငါးရက်တိုင်တိုင် ဆု တောင်းပြီး အကူအညီရနိုင်ဖို့ စောင့်ကြပါစို့။ အကယ်၍ ငါးရက်တိုင်အောင် အကူအညီမရခဲ့ရင် သင်တို့ တောင်းဆိုနေကြတဲ့အတိုင်း အညံ့ခံပါမယ်လို့ ကတိ ပေးခဲ့ပါတယ်။
ဒီလို ရေပြတ်၊ အစာပြတ်မှုကြောင့် စိတ်ဓါတ်ကျ၊ အားငယ်နေကြတဲ့ ဂျူးတွေဟာ အကြီးအကဲ ခေါင်းဆောင်တွေကို အပြင်းအထန် ဝေဖန် ခဲ့ကြပါတယ်။ ဒီလို ဒုက္ခကြီး ပြဿနာကြီးကို ဖြေရှင်းပေးမယ့်သူ၊ တနည်းအားဖြင့် မိမိလူမျိုးနဲ့ တိုင်းပြည်ကို ကျွန်ဘ၀မှ ကယ်တင်ပေးခဲ့သူကတော့ မုဆိုးမလေး ဂျူးဒစ်ပဲ ဖြစ်ပါတယ်။ ဂျူးဒစ်ဟာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူ၊ ဂျူးလူမျိုးတွေရဲ့ ထုံးတမ်း အစဉ်အလာတွေကို ချစ်မြတ်နိုး၊ တန်ဖိုးထားသူ ဖြစ်ပါတယ်။ ဂျူးထုံးစံအရ ခင်ပွန်း သေဆုံးသွားတဲ့အတွက် မုဆိုးမအဖြစ်နဲ့ (၃) နှစ် (၄)လကြာ အိမ်တွင်း အောင်းနေခဲ့ရပါတယ်။ စည်းစိမ် ဥစ္စာ ပြည့်စုံကြွယ်ဝပေမယ့်လို့ ဖျင်ကြမ်း အ၀တ်ကို ၀တ်ပြီး တဲလေးနဲ့ နေခဲ့တယ်။ ရုပ်ဆင်းအင်္ဂါ လှပပေမယ့်လို့ မပြင်မဆင်၊ မဖီးမလိမ်းဘဲ၊ အစာရှောင်၊ ၀ါရှောင်ပြီး ခြိုးခြံ နေထိုင် အသက်ရှင်ခဲ့ပါတယ်။
မိမိ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ ဂျူးဒစ်ဟာ ဂျူးတိုင်ပြည်တွေအတွက် ကြီးမားတဲ့ စွန့်စားခန်းကြီးကို ပြုလုပ်ခဲ့ပါတယ်။ ဂျူးလူမျိုး အကြီးအကဲတွေရဲ့ ခွင့်ပြုချက်ကိုယူပြီး ရန်သူ့ နယ်မြေထဲကို သွားခဲ့ပါတယ်။ သူမရဲ့ ရုပ်ရည်လှပမှုနဲ့ စကားပြောပြေပြစ်မှုကို အသုံးချပြီး ရန်သူဖြစ်တဲ့ စစ်သေနာပတိချုပ်ကြီးထံကို ချဉ်းကပ်ခဲ့တယ်။ ရက်စက် ကြမ်းကြုတ်ပြီး ထောင်သောင်းမကတဲ့ စစ်သားတွေကြားထဲမှာ မိမိရဲ့ အရှက်နဲ့ အသက်ကို လောင်းကြေးထပ်ပြီး သူမရဲ့ အစေခံ မိန်းကလေးနဲ့ အတူ သွားခဲ့တယ်။ သူမ ယုံကြည်ကိုးကွယ်တဲ့ ထာဝရဘုရားရဲ့ လက်တော်ထဲမှာ အရာရာကို အပ်နှံကာ ဂျူးလူမျိုးတွေ အားလုံးအတွက် သူမဘ၀ကို လောင်းကြေး ထပ်ရဲခဲ့ပါတယ်။
သူမရဲ့ လှပမှုကြောင့် စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေဟာ သူမကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ သူမရဲ့ စကားပြော လိမ္မာပါးနပ်မှုကြောင့် သူမ ပြောစကားတွေကို ယုံကြည်ခဲ့ပါတယ်။ ဂျူးဒစ်ဟာ ရန်သူတွေကြားထဲမှာ ရောက်နေပေမယ့်လို့ ဘုရားဝတ်ပြု ဆုတောင်းရမယ့် အချိန်ကိုတော့ မပျက်မကွက်ပဲ သစ္စာရှိစွာ ဆုတောင်းနိုင်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်ကြီးကို မိမိရဲ့ မာယာကျော့ကွင်း သတိပညာရှိစွာနဲ့ အစွန်းအထင်းမဲ့စွာနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်တဲ့စိတ်၊ သစ္စာစောင့်သိတဲ့စိတ်ကို အရင်းခံပြီး ဘုရားကို အားကိုးကာ ရဲရဲဝင့်ဝင့်နဲ့ လုပ်ဆောင်ခဲ့ရာ နောက်ဆုံး စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေရဲ့ ဦးခေါင်းကို ဖြတ်ပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဂျူးဒစ်ရဲ့ အနစ်နာခံမှုနဲ့ ရဲစွမ်းသတ္တိကြောင့် ရန်သူကို အညံ့ခံရတော့မယ့် အခြေအနေကနေ ဂျူးလူမျိုးတွေ လွတ်လပ်စွာ ရှင်သန်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ကို ပြန်လည် ရရှိခဲ့ကြပါတယ်။
အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံ ပေးဆပ်တတ်တဲ့ စိတ်ထားတွေဟာ ကမ္ဘာ့သမိုင်းမှာ ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်ပါတယ်။ ဂျူးအမျိုးသမီးလေး ဂျူးဒစ်ရဲ့ ရဲစွမ်းသတ္တိနဲ့ တိုင်းပြည်နဲ့လူမျိုးကို တန်ဖိုးထား မြတ်နိုးမှုကြောင့် ဂျူးနိုင်ငံတွေဟာ တိုင်းတစ်ပါး နယ်ချဲ့တွေရဲ့ သွေးစုပ် ချယ်လှယ်မှုအောက်ကနေ လွတ်မြောက် ခဲ့ရပါတယ်။ ဒါ့ကြောင့် ဂျူးဒစ်ကို ဂျူးလူမျိုးတွေ အားလုံးက လေးစား ချီးကျူးခဲ့ကြတယ်။ သူမဟာ အသက်(၁၀၅) နှစ် တိုင်တိုင် မုဆိုးမဘ၀နဲ့ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။ သူမ မသေဆုံးမီ သူမ ပိုင်ဆိုင်ရာ အရာတွေကို နှစ်ဖက်သော ဆွေမျိုးတွေကို ခွဲဝေ ပေးခဲ့ပါတယ်။ သူမ သေဆုံးတဲ့အခါ ဂျူးလူမျိုးတွေဟာ (၇) ရက်တိုင်အောင် ငိုကြွေးခဲ့ကြပါတယ်။
အခက်အခဲတွေ ကြုံတွေ့လာခဲ့ရတဲ့ အချိန်မှာ မိန်းမသားပင်ဖြစ်လင့် စကား၊ မိမိရဲ့ ရရှိထားတဲ့ မိန်းမသားဘ၀ကို အသုံးချပြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ တနည်းပြောရရင် အများအတွက် မိမိရဲ့အသက်နှင့်အရှက်ကို လောင်းကြေးထပ်ပြီး ကြိုးစား ပေးဆပ်ခဲ့တဲ့ ဂျူးလူမျိုး သူရဲကောင်းမလေး ဂျူးဒစ်ရဲ့ အကြောင်းကို ထောက်ရှုနိုင်ဖို့ တင်ပြ ပေးလိုက်ပါတယ်။
စာရှုသူအပေါင်းလည်း အများအကျိုး သယ်ပိုးနိုင်ကြပါစေ။
နှင်း (နဘက်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။