Myanmar Market Economy
အင်ဒိုနီးရှားစီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတတ်လာပုံအကြောင်းသိကောင်းစရာ
==========================================
(မေး)
အင်ဒိုနီးရှားနိုင်ငံသည် မည်သည့်ကိုလိုနီလက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ပါသလဲ။ လွတ်လပ်ရေးရရှိလာပုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို သိလိုပါ၍ ပြည့်စုံစွာ ဖြေကြားပေးပါရန် ပန်ကြားအပ်ပါသည်ရှင့်။
(ပါရဂူဘွဲ့ သင်တန်းသူများ၊ ဒေါ်အေးမာကြည်၊ ဒေါ်ကြူကြူဆွေ၊ ဒေါ်မြဖြူမိုး၊ ဒေါ်ဥမ္မာခင်၊ သမိုင်းဌာန ပုသိမ်တက္ကသိမ်။)
==========================================
(မေး)
အင်ဒိုနီးရှားနိုင်ငံသည် မည်သည့်ကိုလိုနီလက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ပါသလဲ။ လွတ်လပ်ရေးရရှိလာပုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို သိလိုပါ၍ ပြည့်စုံစွာ ဖြေကြားပေးပါရန် ပန်ကြားအပ်ပါသည်ရှင့်။
(ပါရဂူဘွဲ့ သင်တန်းသူများ၊ ဒေါ်အေးမာကြည်၊ ဒေါ်ကြူကြူဆွေ၊ ဒေါ်မြဖြူမိုး၊ ဒေါ်ဥမ္မာခင်၊ သမိုင်းဌာန ပုသိမ်တက္ကသိမ်။)
(ဖြေ)
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းစုနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အရှေ့နှင့်အနောက် ပင်လယ်ရေကြောင်း သွားလာရေးတွင် အရေးပါသော လမ်းကြောင်းပေါ်၌ တည်ရှိနေသည့်အားလျော်စွာ ခေတ်အဆက်ဆက် အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရလေသည်။
ဗုဒ္ဓဘာသာထွန်းကားသော သီရိဝိဇယပြည်သည် ဆူမတြာကျွန်းတွင် အေဒီ ၇-ရာစုမှ ၁၄-ရာစုအထိ ထွန်းကားခဲ့သည်။ ဂျားဗားကျွန်းကို အခြေစိုက်ကာ ဟိန္ဒူအယူဝါဒ ထွန်းကားသည့် မဇပဟစ်ပြည်၊ မတ္တရမ်ပြည်၊ ကေဒီရိပြည်များ ပေါ်ပေါက်ခဲ့သည်။
အီရတ်နှင့် ပါရှန်ကုန်သည်များထံမှ တဆင့် အစ္စလာမ်ဝါဒ ပျံ့နှံ့လာခဲ့ပြီး ၁၆-ရာစုမှ စ၍ ပေါ်တူဂီနှင့် ဒတ်ခ်ျတို့၏ ယှဉ်ပြိုင်နယ်ချဲ့မှု လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ဆုံးတွင် ဒတ်ခ်ျတို့က အသာစီးရသွားခဲ့ပြီး ၁၈-ရာစုနောက်ပိုင်း၌ နယ်သာလင် အရှေ့ အိန္ဒိယကျွန်းစုအမည်ဖြင့် ဒတ်ခ်ျ ကိုလိုနီဘ၀သို့ ကျရောက်သွားခဲ့လေသည်။
တရုတ်နိုင်ငံ ယိဟယ်ထွမ် အရေးတော်ပုံ၊ ဖိလစ်ပိုင် အမျိုးသားအရေးတော်ပုံနှင့် ဂျပန်နိုင်ငံ ခေတ်မီတိုးတက်လာပုံတို့သည် အင်ဒိုနီးရှားအမျိုးသားစိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့လေသည်။ အင်ဒိုနီးရှား အမျိုးသားလှုပ်ရှားမှုသည် ၂၀-ရာစုတွင် ဂျားဗားကျွန်းမှ ပထမဆုံး စတင်ခဲ့သည်။ ထိုအမျိုးသားလှုပ်ရှားမှုသည် ယဉ်ကျေးမှုနယ်ပယ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဂျားဗားကျွန်းမှ ခေတ်ပညာတတ်များက ခေါင်းဆောင်ခဲ့ကြသည်။ ၁၉၀၈-ခုနှစ်တွင် ဘူဒီအူတိုမို (Budi Utomo) ခေါ် မြင့်မြတ်စွာ ကြံဆောင်ရေးအသင်းကို ဖွဲ့စည်းခဲ့ကြသည်။ ရည်ရွယ်ချက်မှာ အမျိုးသားယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး တိုးတက်စေရန် ဖြစ်သည်။ ဂျားဗားမှ သူကောင်းမျိုးနွယ်များ အပြင် အစိုးရအရာရှိများနှင့် ပညာတတ်များပါဝင်လာပြီး အသင်းဝင်များစွာ တိုးပွားလာခဲ့သည်။
၁၉၁၁-ခုနှစ်တွင် ဆာရေကတ်အစ္စလာမ်ခေါ် ဘာသာရေးကို အခြေခံသည့်အဖွဲ့ ပေါ်ပေါက်လာသောအခါ ဘူဒီအူအိုမိုအသင်း မှေးမှိန်သွားသည်။ အစ္စလာမ်ဘာသာကို ကာကွယ်စောင့်ရှောက်ရန် အခြေခံသော်လည်း မျိုးချစ်စိတ်ဓာတ်ဖြင့် ဒတ်ခ်ျနှင့်တရုတ်တို့ကိုပါ ဆန့်ကျင်ဆောင်ရွက်လာခဲ့သည်။ ဤအဖွဲ့တွင် ကုန်သည်နှင့် ခေတ်ပညာတတ်များ တက်ကြွစွာ ပါဝင်လာခဲ့ပြီး ၁၉၁၆-ခုနှစ် ညီလာခံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ အမျိုးသားလှုပ်ရှားမှု ပြင်းထန်လာသဖြင့် ဒတ်ခ်ျအာဏာပိုင်တို့သည် ၁၉၁၆-တွင် ဗုတ်ခရတ် (Volksraad) ခေါ် လွှတ်တော်ကိုဖွဲ့စည်းပေးခဲ့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန် အလှမ်းကွာဝေးနေသည်။
၁၉၁၃-တွင် ဆိုရှယ်လစ်အတွေးအခေါ်များ ရောက်လာပြီး ဆိုရှယ်လစ်ဒီမိုကရက်တစ် ကလပ်ကို ဖွဲ့စည်းကြသည်။ ၁၉၁၇-ခုနှစ် ရုရှတော်လှန်ရေး ဂယက်ကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ကလပ်အသင်းသည် တော်လှန်ရေးသဘောတရားများ ခံယူလာသည်။ ၁၉၂၀-တွင် အင်ဒိုနီးရှား ကွန်မြူနစ်ပါတီကို ဖွဲ့စည်းပြီး ၁၉၂၆-နှင့် ၁၉၂၇-ခုနှစ်များအတွင်း ဂျားဗားနှင့် စူမတြာကျွန်းတို့တွင် လက်နက်ကိုင် ပုန်ကန်မှုပေါ်ပေါက် လာသည်။ သို့သော် ဒတ်ခ်ျအစိုးရက လျင်မြန်စွာ နှိမ်နှင်းနိုင်ခဲ့သည်။
အင်ဒိုနီးရှားမျိုးချစ်တို့သည် အမျိုးသားကျောင်းများနှင့် စာပေလေ့လာရေးကလပ်များ ဖွဲ့စည်းခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ကိုလိုနီပညာရေးစနစ်အောက်မှ ရုန်းထွက်နိုင်ရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို မြှင့်တင်ရန်ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံရေးအဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ရာ ဘန်ဒေါင်းစာပေလေ့လာရေး ကလပ်က ၁၉၂၇-တွင် ဖွဲ့စည်းသည့် အင်ဒိုနီးရှား အမျိုးသားပါတီမှာ အထင်ရှားဆုံးနှင့် အရေးပါဆုံး ဖြစ်သည်။ ပါတီခေါင်းဆောင်မှာ ဆူကာနို (Sukarno) ဖြစ်သည်။ ပါတီ၏ ရည်ရွယ်ချက်မှာ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးဖြစ်သည်။ ပါတီဝင်များမှာ ပညာတတ်အလွှာမှ ဖြစ်ကြသည်။ ဒတ်ခ်ျကို လူထုနည်းဖြင့် တော်လှန်ရန် ရည်ရွယ်သည်။ ဒတ်ခ်ျအစိုးရသည် ပါတီခေါင်းဆာင်များကို ဖမ်းဆီးခြင်း၊ ပါတီအစည်းအဝေး များကို ပိတ်ပင်ခြင်းများ ပြုလုပ်၍ နှိပ်ကွပ်သဖြင့် ၁၉၂၉-တွင် ပါတီကိုဖျက်သိမ်းခဲ့ရသည်။ ထို့ကြောင့် အင်ဒိုနီးရှားအမျိုးသား လှုပ်ရှားမှုသည် အင်အားဆုတ်ယုတ်သွားခဲ့သည်။
၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တို့သည် ဟော်လန်လက်အောက်ခံ အင်ဒိုနီးရှားကို သိမ်းယူခဲ့သည်။ ဒေါက်တာဆူကာနိုကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ အုပ်ချုပ်ရေးအတွက် ဗဟိုကောင်စီကို ဖွဲ့စည့်းခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကို လွတ်လပ်သောသမ္မတနိုင်ငံအဖြစ် ဂျပန်တို့က ကြေညာခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး၌ ဂျပန်တို့ လက်နက်ချပြီးနောက် ဒတ်ခ်ျတို့ အင်ဒိုနီးရှားသို့ ပြန်လည်ရောက်ရှိ လာသည်။ ဒတ်ခ်ျတို့သည် ဒေါက်တာ ဆူကာနို၏ အစိုးရအဖွဲ့ကို အသိအမှတ်မပြုကြောင်း ကြေညာ၍ အစိုးရသစ် ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ဒတ်ခ်ျတို့ကို အင်ဒိုနီးရှားအမျိုးသား အင်အားစုများက လက်နက်စွဲကိုင် တိုက်ခိုက်ကြသည်။ ကုလသမဂ္ဂအဖွဲ့က ၀င်ရောက်ဖျန်ဖြေပေးရသည်။ ၁၉၄၉-ခုနှစ် သြဂုတ်လတွင် ဒေါက်တာဆူကာနို-ကို သမ္မတတင်မြှောက်၍ အင်ဒိုနီးရှားသမ္မတနိုင်ငံကို ထူထောင် နိုင်ခဲ့ကြသည်။
ဆူကာနိုသည် ၁၉၅၀-မှ ၁၉၅၇-ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့သည်။ ၁၉၅၉-မှ ၁၉၆၅-အတွင်း လမ်းညွှန်ဒီမိုကရေစီကို ချမှတ်ကျင့်သုံးခဲ့သည်။ ယင်းကာလအတွင်း အင်ဒိုနီးရှား၏ စီးပွားရေးကိုလည်း လမ်းညွှန်စီးပွားရေးအဖြစ် ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် နိုင်ငံ၏ စီးပွားရေး ကျဆင်းဆိုးရွားနေမှုများကို ပြန်လည်ထူထောင်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် အုပ်ချုပ်ရေးအပိုင်းတွင်လည်း ရှုပ်ထွေးမှုများ ရှိလာခဲ့သည်။
၁၉၆၅-တွင် စစ်တပ်အရာရှိငယ်များ အုပ်စုက အာဏာသိမ်းရန် ကြိုးစားခြင်းကို ဗိုလ်ချုပ်ကြီး ဆူဟာတို (Suharto) က နှိမ်နှင်းခဲ့သည်။ ၁၉၆၇-ခုနှစ် ဖေဖော်ဝါရီလတွင် ဆူကာနိုသည် အုပ်ချုပ်ရေးအာဏာကို ဗိုလ်ချုပ်ကြီးဆူဟာတိုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၆၈-ခုနှစ် မတ်လတွင် ဆူဟာတိုသည် သမ္မတရာထူးကို လက်ခံရရှိပြီး အစီအစဉ်သစ်ဟူသော လမ်းစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ပထမဆောင်ရွက်ရမည့် လုပ်ငန်းမှာ တည်ငြိမ်သော နိုင်ငံရေးစနစ်ဖန်တီးရေးနှင့် ဒုတိယလုပ်ငန်းမှာ စီးပွားရေး ပြန်လည်ထူထောင်ရေးတို့ ဖြစ်သည်။
ဆူဟာတိုသည် ဂိုလ်ကာ (Golkar) ပါတီကို အစိုးရ၏ နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ ယင်းပါတီသည် စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင် အဓိကကျခဲ့သည်။ သမ္မတနှင့် ဒုတိယသမ္မတကို ပြည်သူ့အတိုင်ပင်ခံ လွှတ်တော်မှ ၅-နှစ် သက်တမ်းဖြင့် ရွေးချယ်သည်။ အစိုးရက အားလုံးသောနိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို မိမိတို့၏ တခုတည်းသော အခြေခံယူဆချက်အဖြစ် ပဉ္စသီလဟူသော သဘောတရားကို လက်ခံရန် တိုက်တွန်းသည်။ ပဉ္စသီလသဘောတရားသည် ဆူကာနိုစတင်ခဲ့သော အမျိုးသားညီညွတ်ရေး အတွေးအခေါ်ပင်ဖြစ်သည်။ယင်းတွင်ပါဝင်သော အဓိကအချက်များမှ အမျိုးသားဝါဒ၊ လူသားဝါဒ၊ လူမှုရေး တရားမျှတမှု၊ ဒီမိုကရေစီနှင့် ဘုရားယုံကြည်ကိုးကွယ်မှုပင် ဖြစ်သည်။ ၁၉၈၇-ခုနှစ် ဧပြီလတွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲ၌ ဂိုလ်ကာပါတီ အနိုင်ရရှိသည်။ ဆူဟာတိုသည် ၁၉၈၈-ခုနှစ် မတ်လ၌ သမ္မတအဖြစ် ထပ်မံအရွေးခံရသည်။
စီးပွားရေးတွင် ဆူကာနို၏ လမ်းညွှန်စီးပွားရေး အစီအစဉ်အရ လုပ်ငန်းသစ်များ စတင်လာခဲ့သည်။ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီများ တည်ထောင်ခဲ့သည်။ ၁၉၇၆-မှ ၁၉၈၀-အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ၅-နှစ်စီမံကိန်းကို ချမှတ်ခဲ့သည်။ ၁၉၈၈-တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတရပ် ပြဋ္ဌာန်းခဲ့သည်။
၁၉၈၉-ခုနှစ်တွင် နိုင်ငံရေးကြေညာစာတမ်းအရ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးခဲ့သည်။ ၁၉၉၁-ခုနှစ်တွင် ဇန်န၀ါရီလမှစ၍ ၈-နှစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉၃-ခုတွင် နိုငငံခြားရေနံကုမ္ပဏီ ကားလ်တစ်၊ ရှဲလ်၊ စတင်းဘတ်တို့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ နိုင်ငံခြားအရင်းအနှီးနှင့် ဖက်စပ်ကုန်ထုန်လုပ်ငန်းဖြင့် နိုင်ငံခြားငွေကိုပါ စုဆောင်းရန် ကြိုးပန်းခဲ့သည်။ နိုင်ငံသားစီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးရေး(Imdigenism) ကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် ၁၉၈၅-မှ စတင်ဖွံ့ဖြိုးတိုးတက်လာပြီး အဆင်းရဲဆုံးနိုင်ငံဘ၀မှ စက်မှုစီးပွားရေးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ၁၉၇၀-နှင့် ၁၉၈၀-ပြည်နှစ်များ အစောပိုင်းကာလတွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ရေနံတင်ပို့ရောင်းချသော ၀င်ငွေအပေါ် အမှီပြုနေခဲ့ရသည်။ ၁၉၉၀-ပြည်နှစ်မှစ၍ ကျောက်မီးသွေး အဓိကတင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာသည်။
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို စတင်ဖွဲ့စည်းသော ၁၉၆၇-ခုနှစ် သြဂုတ်လ ၈-ရက်နေ့တွင်ပင် အာဆီယံအဖွဲ့ဝင်နိုင်ငံတခုအဖြစ် ပါဝင်ခဲ့သည်။ ၂၀၀၉/ ၂၀၁၀ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အတွက် သမ္မတဒေါက်တာဆူဆီလိုဘန်ဘန် ယူဒိုယူနို-က ဦးဆောင်လျက် ရှိပါသည်။
Julyshwemoe
=========================================
တင်ခဲ့သည့် သတင်းများကို #MyanmarMarketEconomyဒီနေရာတွင်နှိပ်လိုက်ပြီးပြန်ဖတ်နိုင်ပါသည်။
By- Myanmar Market Economy
Page သို့တိုက်ရိုက်သွားရန် http://on.fb.me/1bDgZdN
=========================================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။