Eternal Light Magazine
“မိန်းကလေးတွေအနေနဲ့ အတွေးအခေါ်မြင့်တဲ့အဆင့်ကို ကိုယ်ကိုယ်တိုင်က ဆွဲတင်ထားနိုင်ရင် ဘ၀လုံခြုံမှုရှိမယ်ဆိုတဲ့ ဒေါ်ရွှေဇီးကွက်”
Q. အခုအချိန်မှာ အသက်ငါးနှစ်အောက် မိန်းကလေးတွေတောင် Rape လုပ် (မုဒိမ်းကျင့်)ခံရတာတွေ တအားများလာတော့ အခုလိုအခြေအနေမျိုးတွေ ဘာကြောင့်ဖြစ်လာရသလဲဆိုတာနဲ့ပတ်သက်ပြီး အန်တီရဲ့ အမြင်ကို ပြောပြပေးပါလား။
A. ဒါတွေကတော့ နိုင်ငံခြားမှာလည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ အများအားဖြင့် နိုင်ငံခြားမှာ Rape လုပ်တဲ့သူတွေက အသိဥာဏ်ချို့ယွင်းနေတဲ့သူတွေပဲလုပ်တာများတယ်။ ဒီမှာက အသိဥာဏ်ချို့ယွင်းတဲ့ အဆင့်မဟုတ်သေးဘဲနဲ့ အသိဥာဏ်မဲ့နေကြတာ။ အထူးသဖြင့် လူအချင်းချင်းကိုယ်ချင်းစာတရားထားရမယ်။ ကိုယ့်ကိုယ်ကိုယ် အကုသိုလ်အလုပ် မလုပ်မိဖို့ဆိုတာက ကိုယ့်ရဲ့အသိဥာဏ်နဲ့ပဲ ထိန်းချုပ်ရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ အသိဥာဏ်တွေနည်းလာလို့၊ အသိပညာတွေ၊ အတွေးအခေါ်တွေ နိမ့်ကျလာတဲ့အတွက် အခုလို အခြေအနေမျိုးတွေ ဖြစ်လာရတာပါ။
Q. မြန်မာလူ့အဖွဲ့အစည်းထဲမှာ Rape Case တွေ မဖြစ်လာအောင် ဘယ်လိုတားဆီးကာကွယ်သင့်ပါသလဲ။
A. အဓိကကတော့ အသိပညာလိုအပ်တယ်။ အန်တီတို့ကိုယ်တိုင် နာရေးကူညီမှုအသင်းလုပ်တော့ မသေသင့်ဘဲနဲ့သေတဲ့သူတွေ အများကြီးတွေ့ရတယ်။ ငွေကြေးအဆင်ပြေပြီး တတ်နိုင်လို့ဆေးကုလို့ရှိရင် သူတို့ရောဂါတွေက ပျောက်နိုင်တယ်။ သူတို့ရောဂါတွေက မသေသင့်တဲ့ရောဂါတွေပဲ။ အန်တီတို့ အခမဲ့ဆေးခန်းဖွင့်တော့ ဘာတွေထပ်တွေ့ရလဲဆိုရင် အချို့ရောဂါတွေက ဖြစ်ကိုမဖြစ်သင့်ဘူး။ အသိပညာရှိရင် အစားအသောက်၊ အနေအထိုင်ဆင်ခြင်ရင်၊ ဗဟုသုတရှိရင် HIV ဆိုလည်း မကူးအောင်၊ ဆီးချို၊ သွေးတိုးရောဂါ တွေမဖြစ်အောင်၊ ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်လို့ရနိုင်တယ်။
ရောဂါကို ကြိုတင်ကာကွယ်ဖို့ အသိဥာဏ်ရှိဖို့လိုတယ်။

အသိဥာဏ်မှာလည်း Knowledge နဲ့ Wisdom ဆိုပြီးရှိတယ်။ Knowledge ကျတော့ ဆရာဝန်၊ အင်ဂျင်နီယာစသည်ဖြင့် ဘ၀အတွက် အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတွေပေါ့။ အသိပညာ Wisdom မှာကျတော့ Rape Case ဆိုရင်လည်း လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာ ခွဲခြားနိုင်တဲ့ အသိပညာပေါ့။ ဒါကတော့ အကုသိုလ်၊ ဒါကတော့ ကုသိုလ်။ အကုသိုလ်ကို ဘယ်လို ရှောင်မလဲ၊ ကုသိုလ်ကို ဘယ်လိုဆောင်မလဲ ဆိုတာတွေ၊ အမှား အမှန်၊ အကောင်းအဆိုးကို အကြောင်း အကျိုးနဲ့ ဝေဖန်ပိုင်းခြားနိုင်မှုတွေ လူတွေရင်ထဲ များများရောက်သွားဖို့ လိုအပ်တယ်။ ဗုဒ္ဓဘာသာရဲ့အဆုံးအမမှာ အကြောင်းတရားနဲ့ အကျိုးတရားကို ပြောထားတာ။ မကောင်းတဲ့ အကြောင်းလုပ်လို့ရှိရင် မကောင်းတဲ့ အကျိုးခံစားရမယ်။ ကောင်းတဲ့အကြောင်း လုပ်လို့ရှိရင် ကောင်းတဲ့အကျိုး ခံစားရမယ်။ ဗုဒ္ဓဘာသာ ရဲ့အဆုံးအမလမ်းနဲ့လည်း သွားလို့ရတယ်။ ပညာရေးလမ်းနဲ့လည်း သွားလို့ရတယ်။ အဲဒီလို အသိပညာတွေ လူတွေရင်ထဲ များများရောက် သွားဖို့ပဲ အရေးကြီးတယ်။
ဘာသာတရားဆိုတာကလည်း ကိုယ်ကျင့်တရားရဲ့ အဆုံးအမပဲ။ ကိုယ်ကျင့်တရားတွေကို လက်တွေ့ကျင့်သုံးဖို့ အရေးကြီးတယ်။ ဘာသာရေးရဲ့ အဆုံးအမကို လက်တွေ့လုပ်လာတဲ့အဆင့် ရောက်လာပြီး ကိုယ်တိုင်ကျင့်ကြံအားထုတ်လာကြရင်တော့ Rape case ကျူးလွန်ခံနေ ရတာတွေလည်း ငြိမ်းသွားမှာပါ။ အဲဒီတော့ ဘာသာရေးလမ်းကြောင်း နဲ့လည်း ဆုံးမရမယ်။ အသိပညာတွေလည်း ပေးရမယ်။ Sex ကိစ္စကတော့ သဘာဝပဲ။ ဒါပေမဲ့ သဘာဝကြီးကို ထိန်းချုပ်နိုင်တာက အသိဥာဏ်ပဲ။ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ရဲ့ဆန္ဒတွေကို ဘာသာရေးရဲ့ အဆုံးအမတွေ၊ အသိဥာဏ်တွေ နဲ့ ထိန်းချုပ်နိုင်ရင်တော့ Rape Case ကျူးလွန်မှုတွေကလည်း လျော့နည်းသွားမှာပါ။ အဲဒီတော့ အသိဥာဏ်ရှိဖို့ အရေးကြီးတယ်။
Eternal Light Magazine
December 2013
“အေးချမ်းပါစေ မိန်းကလေးရေ”
December 2013
“အေးချမ်းပါစေ မိန်းကလေးရေ”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။