Burma-Newselite
"အာမခံ" ၏အစ
(ဆဲဗင်းဒေး သတင်းစာပါ အာမခံအကြောင်း အချပ်ပိုဆောင်းပါး)
အန္တရာယ်ကို မျှဝေယူသည့် သဘောဟု အကြမ်းအားဖြင့် အာမခံကို နားလည်နိုင်သည်။ လူများက ပိုင်ဆိုင်မှုများရှိလာသောအခါ ယင်းပိုင်ဆိုင်မှု များ ဆုံးရှုံးသွားမည့် အန္တရာယ်ကို စိုးရိမ်လာသည်မှစ၍ အာမခံ လုပ်ငန်း စတင်လာသည်။
ပထမဆုံး စာထက်အက္ခရာတင်ထားသော အာမခံကို ၁၈ ရာစုတွင် အရှေ့အလယ်ပိုင်းရှိ ဘေဘီလုံနီယန်ဘုရင် ဟာမူရာဘီ၏စာများတွင်
တွေ့ရသည်။ သမိုင်းအရ ၁၃ ရာစုနှစ်များကပင် အာမခံပုံစံ စနစ်တမျိုး စတင်သည်ဟု ဆိုသည်။ ထိုစဉ်က ကုန်သည်များနှင့် ၎င်းတို့၏ ဈေးဝယ်သူ များကို ပစ္စည်း ပျောက်ဆုံးလျှင် လျှော်ကြေးပေးသည့် အာမခံများ ဖြစ်သည်။
ငွေရှင်များက ကုန်သည်များ၊ လုပ်ငန်းရှင်များကို ငွေချေးငှားပြီး အတိုး အပြင် အပိုငွေထပ်ဆောင်းပေးလျှင် ၎င်းတို့၏ကုန်များ လမ်းတွင်ပျောက်ဆုံး
ပျက်စီးလျှင် အရော်ပေးသည့် စနစ်ကို စတင်ခဲ့သည်။ အလယ်ခေတ်တွင်
လက်သမား၊ ပန်းပဲသမားများတွင် အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်သည့် စနစ်တခု ရှိခဲ့သည်။ ပညာသင်များက သူတို့ငယ်ရွယ်ချိန်တွင် လက်မှုပညာကို ဆရာများထံတွင် အခကြေးငွေ အနည်းအကျဉ်းသို့မဟုတ် လုံးဝမရဘဲ ပညာရှာကြရသည်။ ၎င်းတို့ကိုယ်တိုင် ဆရာတဆူဖြစ်လာချိန်တွင် အဖွဲ့ဝင်ကြေးပေးရပြီး ၎င်းတို့ကိုယ်ပိုင် ပညာသင်သားများကို ခေါ်ယူ သင်ကြားပေးနိုင်သည်။ အဖွဲ့က ကြီးမားသည်နှင့် အမျှ အဖွဲ့ကြေးငွေ ကိုလည်း အများအပြား စုဆောင်းရရှိသည်။ ယင်းငွေကို အာမခံသဘော ထားရှိသည်။
သစ်သားအဆောက်အဦများသည့် အလယ်ခေတ်တွင် မီးအိမ်များ အသုံးပြုသဖြင့်လည်း မီးလောင်မှုများလည်း ရှိရာ လက်မှုဆရာ တဦး တယောက်၏ အလုပ်ရုံမီးလောင်ခဲ့သည်ရှိသော် ယင်းရံပုံငွေဖြင့် ပြည်လည်
တည်ဆောက်ပေးသည်။ အကယ်၍ လက်မှုဆရာက ဓားပြတိုက်ခံရသော် ရံပုံငွေမှ ၎င်းလုပ်ငန်းပြန်လည်လည်ပတ်နိုင်သည့် အထိ ကူညီထောက်ပံ့
ပေးသည်။ လက်မှုဆရာ ရုတ်တရက် နေမကောင်းဖြစ်လျှင် သို့မဟုတ်
အသတ်ခံရလျှင် အဖွဲ့ကရံပုံငွေဖြင့် သူနှင့် သူ့မိသားစု ကို ပံ့ပိုးပေးသည်။ ဤကဲ့သို့သော လုံခြုံမှုကွန်ယက်သည် လယ်သမားများကို ကုန်သွယ်မှု လုပ်ငန်းတွင်းသို့ ၀င်ရောက် လုပ်ကိုင်ရန် အားပေးခဲ့သည်။
ယင်းအဖွဲ့ရံပုံငွေနှင့် အလားသဏ္ဍန်တူသော အာမခံစနစ်မျိုးကို ယနေ့ခေတ်တွင် အဖွဲ့လိုက်အာမခံများ အဖြစ် ဆက်လက်တွေ့ရှိရသည်။
၁၇ ရာစုအစပိုင်းတွင် ဗြိတိသျှအင်ပါယာသည် အရှေ့တိုင်းကမ္ဘာသစ်ကို
တွေ့ရှိခဲ့ပြီးသည့်နောက် ၎င်းဒေသများမှ ကုန်ပစ္စည်းများကို ရေကြောင်း မှတဆင့် သယ်ယူလိုမှုများ များပြားလာသည်။ အရှေ့တိုင်းမှရသည့် လက်ဘက်ခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်သည် ထိုခေတ်က အရေးကြီးလှသည့် ကုန်ဖြစ်သည်။ ကုန်သည်များနှင့် ကုမ္ပဏီများကလည်း ယင်းကုန်များကို သယ်ယူရန်အတွက် ငွေရှင်များထံမှ အရင်းအနှီးရယူ လာကြသည်။
ရေကြောင်းသွားလာမှုအတွက် အရင်းအနှီးကြီးလှရာ ငွေရှင်များသာမက ကုန်သည်များ၊ ကုမ္ပဏီပိုင်ရှင်များကလည်း ဆုံးရှုံးမှုအတွက် စိုးရိမ်ကြသည်။ အန္တရာယ်ကို တွက်ချက်ပြီး ကုန်သည်များ၏ ရေကြောင်းမှ သယ်ယူသည့် ကုန်များအတွက် ကြားမှ အာမခံပေးသည့် လုပ်ငန်းများပေါ်လာသည်။ ကုန်ပစ္စည်းများလမ်းခရီးတွင် ပျောက်ဆုံးပျက်စီးခဲ့သော် အာမခံကုမ္ပဏီ က ပေးလျှော်သည်။ အာမခံကြေးပေးခြင်းက အမြတ်ကိုနဲသွားစေသော် လည်း အားလုံးဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ကို ရှောင်လွဲနိုင်သဖြင့် ကုန်သည်များနှင့် ကုမ္ပဏီများက အာမခံထားလာကြသည်။ အာမခံလုပ်ငန်းလည်း တွင်ကျယ်လာသည်နှင့် အမျှ လုပ်ငန်းများစွာထံမှ ထိုက်တန်သော အခကြေးငွေရရှိထားခြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သော် အာမခံလုပ်ငန်းများက လျှော်ကြေးပေးနိုင်သည့် အနေအထားတွင် ရှိလာသည်။
၁၆၆၆ ခုနှစ်တွင် လန်ဒန်မြို့မီးအကြီးအကျယ်လောင်ပြီး အိမ်ပေါင်း တသောင်း လေးထောင်ပျက်စီးသွားခဲ့သည်။ ယင်းမတိုင်ခင်တနှစ်ကလည်း ပလိပ်ရောဂါဖြစ်ပြီး လူများနလံမထူနိုင်ခင် မီးလောင်ခဲ့ခြင်းဖြစ်သောကြောင့်
လူများ ချွတ်ခြုံကျခဲ့ရသည်။ ဤအခြေအနေကို အကြောင်းပြုပြီး
နောက်ပိုင်းတွင် ရေကြောင်းအာမခံပေးသည့် သူများက မီးအာမခံ၊ အသက်အာမခံတို့ကို စတင် ပြုလုပ်လာသည်။
ယနေ့ခေတ်တွင် အာမခံအမျိုးမျိုး ပေါ်လာပြီး အဓိကအားဖြင့် ဖြစ်ပေါ် လာနိုင်သည့် ဆုံးရှုံးမှု အန္တရာယ်ကို ခုသာခံသာရှိအောင် အကာအကွယ် ယူခြင်းပင်ဖြစ်သည်။ ကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ အိမ်၊ ကား၊ လုပ်ငန်း၊ စသဖြင့် အာမခံလုပ်ငန်းအမျိုးမျိုး ပေါ်လာရာတွင် တချို့ အာမခံများကို မထားမနေရ အာမခံများအဖြစ် နိုင်ငံများအလိုက် ဥပဒေပြဌာန်းသည်များရှိလာသည်။ ဥပမာ နိုင်ငံအတော်များများတွင် ကားအာမခံမထား၍ မရပါ။
ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သော် မှားယွင်းသော ယာဉ်မောင်း၏ အာမခံက သတ်မှတ်ထားသော စည်းမျဉ်းအတိုင်း ပေးလျော်မည်ဖြစ်သည်။ သို့သော် ယင်းယာဉ်မောင်း၏ အာမခံကြေးကလည်း တိုးလာမည်ဖြစ်သည်။ ထိုနည်းအားဖြင့် ပျက်ဆီးဆုံးရှုံးမှုများကို ခုသာခံသာရှိအောင် ထိန်းသိမ်း ထားနိုင်သည်။
တချိန်ထဲမှာပင် များပြားစွာ ထပ်တိုးလာသည့် အာမခံ ကုမ္ပဏီများ၏ အရာအားလုံးကို အာမခံထားရန် ကြော်ငြာနေခြင်း များက လည်း ယနေ့ခေတ်၏ စီးပွားရေးလုပ်ငန်းကြီးဖြစ် လာသည်။ အိမ်များ၊ ကားများ၊ လုပ်ငန်းများနှင့် အသက်အာမခံတို့ မကတော့ဘဲ ဆိုင်တွင် ၀ယ်ယူသည့် ပစ္စည်းများအားလုံးနီးပါးအတွက် အာမခံဝယ်မလားဟုသော ကမ်းလှမ်းမှု များရှိလာနေသည်။ ဖိနပ်၊ အသုံးအဆောင်၊ စက်ပစ္စည်းကအစ ကလေးများအတွက် ကစားစရာအဆုံး သက်တန်းမပြည့်ခင် ပျက်စီးလျှင် အစားထိုးပေးမည်ဟူသော ဆွဲဆောင်မှုများဖြင့် အာမခံပေါင်းစုံကို
ရောင်းချနေသည့်အထိ လွန်လွန်ကျူးကျူး အာမခံများလည်း ရှိလာနေ သည်ကို ယနေ့ အာမခံဈေးကွက်တွင် တွေ့နေရပါတော့သည်။
ခင်မေဇော် (၀ါရှင်တန်ဒီစီ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။