We Love Music
မို့မို… ညို့ညို့ညိုလွင်…
မြန်မာစကားမှာရှည်ရှည်ရွတ်ရတဲ့အသံ၊ တိုတိုဖြတ်ရွတ်ရတဲ့အသံ၊ လေးလေးရွတ်ရတဲ့အသံ၊ ပေါ့ပေါ့ရွတ်ရတဲ့အသံ၊ တင်းတင်းရွတ်ရတဲ့အသံ၊ လျော့လျော့ရွတ်ရတဲ့အသံ၊ ပုဒ်စပ်ပြီးရွတ်ရတဲ့အသံ၊ ပုဒ်ဖြတ်ပြီးရွတ်ရတဲ့အသံ၊ ဖွင့်ပြီးရွတ်ရတဲ့အသံနဲ့ ပိတ်ပြီးရွတ်ရတဲ့အသံဆိုပြီးသဒ္ဒါဆယ်ပါးရှိသတဲ့…။ ဒီသဒ္ဒါဆယ်ပါးနဲ့အညီ မြန်မာစာ၊ မြန်မာစကားကိုဖတ်ရွတ်ရမယ်လို့ ရှေးပညာရှိကြီးများကအစဉ်တစိုက် မိန့်ဆိုခဲ့ကြတယ်။ မြန်မာစာ၊ မြန်မာစကားကိုမှန်မှန်ကန်ကန်ရွတ်ဆိုအသံထွက်နိုင်မှ မြန်မာသံ၊ မြန်မာသီချင်းကိုလည်း စည်းဝါးအရာ၊ သံကျအရာ၊ ဟန်ထားအရာမှာမှန်ကန်ကောင်းမွန်ပါမယ်။
ဒီလိုမှန်ကန်ကောင်းမွန်ဖို့အတွက် ပိုလို့အရေးကြီးတာကဒီသီချင်းရဲ့ရေးရတဲ့အကြောင်းရင်း၊ ဗျုပ္ပတ်နဲ့တကွ သီချင်းရေးဆရာရဲ့ မူလရေးသားခဲ့တဲ့ စကားလုံး(၀ါ)စာကိုလည်းဂဃသေချာစွာသိရပါမယ်။
အခုလိုရှည်ရှည်လျားလျားနိဒါန်းချီနေရတာကလည်းလွန်ခဲ့တဲ့ သုံးရက်လောက်က ကြည့်လိုက်ရတဲ့ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကြောင့်ပါ။ ပြိုင်ပွဲဝင်မယ့်အဆိုဝါသနာရှင်လေးကို သီချင်းလေ့ကျင့်ပေးတဲ့ဆရာက မြန်မာသံသီချင်းတစ်ပုဒ်ကိုကျနစွာသင်ကြားပေးနေပါတယ်။ ဒီဆရာလေ့ကျင့်ပေးတာတွေကိုအမြဲလိုလိုသတိထား ကြည့်မိတယ်။ တော်ပါတယ်။ စံနစ်ကျပါတယ်။ ဒါပေမယ့် အခုသီချင်းမှာတော့ ပမာဒလေခသွားပုံရတယ်။ မူရင်းသီချင်းရေးဆရာရဲ့ "မူမှန်"စကားလုံး ၂ လုံးကိုသတိမထားမိဘူးတူရဲ့…။ မူမှန်စကားလုံးအတိုင်းပြောပြသင်ကြားသွားတာမကြားလိုက်မိဘူး။ ဒီလိုပါ…
ဆရာမြို့မငြိမ်းရဲ့ ဘ၀ဇာတ်သိမ်းဟာ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းသလိုအလွန်လည်းနာကျည်းစရာကောင်းလှပါတယ်။ အဖိုးတန်လှတဲ့ ဒီအနုပညာရှင်ကြီးရဲ့ အသက်ကိုဘယ်သူကနှုတ်ယူသွားတာလဲ…။ ကောင်းပါပြီ။ ဒီနေရာမှာဒီကိစ္စကိုအဓိကထားပြီးမပြောတော့ပါဘူး။ ပြောချင်တာကဆရာမြို့မငြိမ်း အသက်ဝိဉာဉ်ကိုမဆုံးရှုံးမီ နောက်ဆုံးနေ့ရက်တွေမှာဖန်ဆင်းသွားတဲ့ အနုပညာပစ္စည်းတွေအနက်က "တိမ်လွှာမို့မို(မို့မို့ မဟုတ်ပါ)လွင်"အမည်ရှိတဲ့ သီချင်းအကြောင်းပါ။ ဒီသီချင်းဟာဆရာမြို့မငြိမ်းရဲ့ နောက်ဆုံးလက်ရာသီချင်းဟုတ်မဟုတ် ငြင်းခုန်ကြသေးရဲ့…။ ဒီ "တိမ်လွှာမို့မိုလွင်"သီချင်းရဲ့ တေးသွားအတိုင်း "ခါတော် နှစ်သစ်ကူးတွင် နူးစိတ်ကြည်လင်…"အစချီတဲ့ သင်္ကြန်သီချင်း။ "ခါတော်နှစ်သစ်ကူးတွင်၊ နွှဲလို့ပါဝင်"အစချီတဲ့ "စစ်သွေးမောင်"သင်္ကြန်သီချင်းတွေရှိခဲ့ဖူးတယ်။ စစ်ကြီးအပြီး ၁၉၄၇ နဲ့ ၁၉၅၀ ၀န်းကျင်မှာ ရေးခဲ့တာ…။ ဒါကြောင့် ဆရာငြိမ်းကွယ်လွန်ခါနီးရေးခဲ့တဲ့ "တိမ်လွှာမို့မိုလွင်"က တေးသွားအနေနဲ့ ရှိပြီးသားမို့ နောက်ဆုံးရေးခဲ့တဲ့သီချင်းလို့ မဆိုနိုင်ဘူးလို့လည်းပြောဆိုနိုင်ပါတယ်။ ဒါတွေလည်းမငြင်းခုံချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးဟာဆရာမြို့မငြိမ်းရဲ့အနုပညာပစ္စည်းချည်းပါပဲ။ သေချာတာကတော့ ဆရာမြို့မငြိမ်းဟာ "တိမ်လွှာမို့မိုလွင်" သီချင်းကို မန္တလေးရုပ်ရှင်ရဲ့ မင်းသမီး ကြည်ကြည်မေအတွက် ရေးပေးခဲ့တဲ့ "အမျှော်စိုက်" သီချင်းဆိုတာပါပဲ။ ဇာတ်ဝင်သီချင်းပေါ့။ အမျိုးသမီးသီဆိုမယ့်သီချင်းမို့ "မြင်လှည့်ချစ်သူရယ်ရှင်"ဆိုတဲ့စာသားလေးပါတာပါ။ (နောက်ပိုင်းဒီသီချင်းကို ရုပ်ရှင်မင်းသားကြီး ၀င်းဦးအပါအ၀င် အမျိုးသားတွေသီဆိုကြတော့ သူတို့သဘောနဲ့သူတို့ "မြင်လှည့်ချစ်သူရယ်ခင်"လုပ်ပစ်လိုက်ကြတာကလည်းရင်နာစရာပါပဲ။)
ဆရာမြို့မငြိမ်းက မြန်မာစာ၊ မြန်မာဝေါဟာရကြွယ်ဝတယ်ဆိုတာကို ထူးပြောစရာမလိုတော့ပါဘူး။ ဒီလို ကြွယ်ဝသလို… သီချင်းစာသားရဲ့စကားလုံးတစ်လုံးစီကိုလည်းအထူးဂရုစိုက်ပြီးကပ်သီးကပ်သပ်လေးတွေ ရေးဖွဲ့လေ့ရှိတယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ ကသစ်ပန်းသီချင်းမှာ "တိမ်ခိုးယှက်၊ မိုးသက်ကလေးတွေဖြာ ဝေဆာ…"တဲ့။ "ကိုယ်တို့မေမြို့"မှာ "ဝေကျူးသီခေါင်၊ ရီမှောင်ပြာလဲ့၊ ညို့ဆိုင်းဆိုင်းမှိုင်းလို့နေ"တဲ့။ "ကျားဆိုသောကျား"သီချင်းမှာ"ပြုံးမယောင် မျက်မှောင်ကြုတ်ကာ…"တဲ့။ "ကြင်ဆုယူ"မှာ "မှတ်ယူစွဲပိုက်၊ စိတ်ထဲ၌… ကြင်ဆုရွယ်ကာလှူ…"တဲ့။ "ခင့်အိပ်မက်"သီချင်းမှာ "လေပြည်လေညှင်း၊ ဆော်သွင်းရိုက်ချီ၊ တရွေ့ရွေ့မိုးဝေ့... ဆော်ခဲ့သည်"တဲ့။ "ချစ်ကြည်သံ"မှာ "မီးရှူးတန်ဆောင်၊ ပညာရောင် ပါရမီ"တဲ့။ "နွယ်စိမ်း"မှာ "မုန်တိုင်ငယ်ဆင်၊ ဘယ်လိုပင်ကြမ်း၊ မညှိုးနွမ်းဘဲအစဉ်"တဲ့။ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။
ဒီလိုသီချင်းတွေထဲကမှ ဆရာမြို့မငြိမ်းရဲ့ "တိမ်လွှာမို့မိုလွင်"ဟာစာသားစကားလုံးအရအလွန်နူးညံ့သလိုအနုစိပ်လည်း ခြယ်မှုန်းခဲ့တဲ့ သီချင်းပါပဲ။
"ပြာရီမှိုင်းကာမို့မို၊ ညို့ညို့ညိုလွင်"တဲ့။
ကနဦးစာသားကိုပဲကြည့်ပါဦး။ လွင့်မျောနေတဲ့တိမ်လွှာလေးတွေနဲ့ ကောင်းကင်ကြီးရဲ့မြင်ကွင်းကိုစဖွဲ့လိုက်တာကကျစ်လျစ်အားကောင်းတဲ့ စကားလုံးတွေကိုသေချာသုံးစွဲလိုက်တာပါပဲ။ အပျိုလေးတစ်ယောက်ရဲ့ "အလွမ်း"ကိုဖော်တော့မှာလေ…။ ရွာလုလုမိုးရဲ့ ကနဦးကောင်းကင်ကြီးက ပြိုမလိုညို့ဆိုင်းလို့…။ အဲဒီတိမ်ရဲ့ပုံသဏ္ဌာန်အထိအတွေ့… "မို့မို"။
ဒီနေရာမှာ "မို့မို"မဟုတ်ဘဲ "မို့မို့"ဆိုရင်ဖြင့် တိမ်တွေကမာကျောအေးခဲသွားပါပြီ။ ရပ်တန့်ခိုင်မြဲသွားပါပြီ။ လှပနူးညံ့တဲ့သဘောဆောင်သော်လည်းထိတွေ့နိုင်တဲ့ သဘာဝဖြစ်သွားပါပြီ။ "သူမ၏ ရင်သားမို့မို့"၊ "မြေပြင်ထက်မှ တောင်ကုန်းမို့မို့"ဆိုတာမျိုး ဖြစ်သွားပါပြီ။
ဆရာမြို့မငြိမ်းရဲ့ "တိမ်"တွေကအဲလိုမှမဟုတ်ဘဲ…။ "တိမ်"ဆိုမှတော့ ဘယ့်နှယ်ပုံသဏ္ဌာန်အသေ ဖြစ်မှာလဲ။ တည်မြဲဆုတ်ကိုင်လို့ရတဲ့အရာမှမဟုတ်ဘဲ။ ပြိုမလိုညို့နေတဲ့ကောင်းကင်မှာမိုးသက်လေနှင်လို့ တရွေ့ရွေ့ပြေးနေတဲ့တိမ်တွေရဲ့သဏ္ဌာန်က "မို့မို"လေ…။ "မို့မို"ဆိုတဲ့စကားလုံး။ အသံထွက်အရကိုကလှုပ်ရှားနေတာ။ ပြောင်းလဲနေတာ။ ဒြပ်ဝတ္ထုမဟုတ်တဲ့သဘောကိုဆောင်တာ…။ နူးညံ့သိမ်မွေ့လွင့်မျောစေတဲ့ အဓိပ္ပာယ်ကိုဆောင်တာ။
တစ်ခါ အသံသဘောအရလည်းကောင်းကင်ကြီးရဲ့ "ညို့ညို့ညို့"နေတဲ့အသွင်နဲ့ ပိုမိုလိုက်ဖက်စေတာ။ "ညို့"ရုံမက "ညို့ညို့ညို"နေတဲ့စာသားတွေကိုဂရုတစိုက်လေ့လာပြီးတန်ဖိုးထားကြပါ။ ဆရာရဲ့နာမည်ကျော် "တိမ်လွှာမို့မိုလွင်"သီချင်းကိုသီဆိုကြတိုင်း၊ သီချင်းခေါင်းစဉ်စာသားရေးထိုးတိုင်း၊ သီချင်းစာသားဖေါ်ပြတိုင်း၊ ဒီသီချင်းနဲ့ပတ်သက်ပြီးပြောဆိုရေးသားကြတိုင်း… "တိမ်လွှာမို့မိုလွင်" မဟုတ်ဘဲ "တိမ်လွှာမို့မို့လွင်"လို့ချည်း ဖြစ်နေကြတာကလည်း စိတ်မကောင်းဝမ်းနည်းစရာပေပဲ။ တီဗွီချန်နယ်တစ်ခုမှာနာမည်ကြီးဒါရိုက်တာကြီးတစ်ဦးက"မို့မို"နဲ့ "မို့မို့"အတူတူပါပဲ။ နှစ်ခုလုံးမှန်တယ်လို့ လွယ်လင့်တကူပြောသွားတာကြားရတော့လည်းအထူး ၀မ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဆရာမြို့မငြိမ်းရဲ့ ဂီတရောင်းရင်းကြီး၊ မြို့မအသင်းနာယကကြီးတောင်မြို့ဦးကိုလေး(ယခုကွယ်လွန်)က ပြောဖူးတယ်။ "ကိုငြိမ်းကစကားပြောရင်ကိုပဲစကားလုံးအထပ်လေးတွေကိုအဓိပ္ပာယ်ပါပါ၊ လေးလေးနက်နက် ပြောတတ်တယ်။ သူ့တပည့် အဆိုတော် ဖွေးလက်ကိုဘစိန်ကသူမှုတ်နေတဲ့ ထရန်းပက်ကိုခပ်ကြမ်းကြမ်းလေးကိုင်တာမြင်တော့ "ကိုဘစိန်ရယ်… သာသာ့၊ သာသာလေးများကိုင်ပါဦး"လို့ပြောတာ။ "သာသာ့ သာသာ"ဆိုတာ နူးညံ့သလောက် လေးနက်တယ်လေ…"တဲ့…။ ။
Written By ဆူးငှက်
#Article #WeLoveMusic

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။