By တို့ဗမာအစည်းအရုံး
Dobama Asiayone on Thursday, December 13, 2012 at 7:51am
·
“နိုင်ငံရေးဆိုတာ ကုသိုလ်တပဲငရဲတပိသာ” ဆိုတဲ့
စကားလုံးကိုငယ်ငယ်ကတည်းကကြားဖူးတာပါ။ မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာမှာလည်း ဒီစကားလုံးကို တွေ့ရတော့
ပိုပြီးစိတ်ဝင်စားမိခဲ့ပါတယ်။ နိုင်ငံရေးလောကထဲ ဒီစကားလုံး ဘယ်သူတင်သွင်းခဲ့သလဲ၊
ဘာကြောင့်လည်း၊ ပြောသူကိုယ် တကယ်ယုံကြည် ကျင့်သုံးခဲ့သလား။
ဗိုလ်ချုပ်အခေါ် ဦးသိမ်းမောင်ကြီးဆိုသူမှာ ၁၉၀၆
တွင်တည်ထောင်ခဲ့သော ဝိုင်အမ်ဘီအေ (ခေါ်) ဗုဒ္ဒကလျာဏယုဝအသင်းကြီး (့Young Men’s
Buddhist Association) ကိုအစပျိုးခဲ့သူများတွင်ပါဝင်ခဲ့သူဖြစ်သည်။ ဦးသိမ်းမောင်ရဲ့
ပညာထူးချွန်မှုကတော့ ချီးကျူးလောက်ပါတယ်။ ၁၉၀၆ တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး၌
ပထမရရှိကာ အောင်မြင်ခဲ့သည်။ အဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် နှင့်
လင်ကွန်းအင်းတို့မှ ဥပဒေဘွဲ့ နှင့် မဟာဝိဇ္ဇာဘွဲ့များကိုလည်း ရရှိခဲ့သည်။
ထိုပြင်ထိုခေတ် ပညာထွန်းချွန်သူများကို သုံးနှစ်တကြိမ် ချီးမြှင့်လေ့ရှိသော
ဘီဂန်းဒက် ရွှေတံဆိပ်ဆု ကိုလည်းရရှိခဲ့သည်။
ဦးသိမ်းမောင်သည် ပြည်ရွှေဆံတော် ဘုရားရှိ
“ဗြိတိသျှလူမျိုးများ နှင့် ဥရောပ လူမျိုးများမှ အပ မည်သူမျှ ဖိနပ်မစီးရ“ ဟူသော
ဆိုင်းဘုတ်ကို ပယ်ဖျက်၍ ”မည်သူမျှ ဖိနပ်မစီးရ“ ဟူသော ဆိုင်းဘုတ်အသစ်ကို
ဦးဆောင်စိုက်ထူသည်။ ဦးသိမ်းမောင်သည် ထိုဖိနပ် ကိစ္စကို ၁၉၁၇ ခုနှစ်၊
ပျဉ်းမနားမြို့တွင် ကျင်းပသော ပဉ္စမမြောက် ပြည်လုံးကျွတ်
ညီလာခံသို့တင်ပြခဲ့သည်။
၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့ ရွှေမောဓေါ စေတီပေါ်သို့
ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖိနပ်စီး၍ တက်ရောက်ခြင်း အပေါ်ပြည်သူတို့
မကျေမနပ်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့ ဂျုဗလီဟော၌
လူထူအစည်းအဝေး ပြုလုပ်ခဲ့သည်။ ဦးသိမ်းမောင်ကြီးက သဘာပတိအဖြစ်
ဆောင်ရွက်ခဲ့သည်။နောက်ပိုင်း အင်္ဂလိပ် အစိုးရက ဘုရား၊ ကျောင်းကန်များ တွင် ”မည်သူမျှ
ဖိနပ်မစီးရ“ အမိန့်ကို ၁၉၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင်
ထုတ်ပြန်ပေးခဲ့ရသည်။
ထိုအချိန်ကစ၍ ဝတ်လုံတော်ရ ဦးသိမ်းမောင်
အားပြည်သူများက ”ဖိနပ်သိမ်းမောင်” ဟုချီးကျုးဂုဏ်ပြုကြသည်။
ဒါပေမယ့် ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အာဏာ နဲ့ ငွေကြောင့်ပြည်သူ့ သြဘာ
ပျောက်ခဲ့ရပါတယ်။မြန်မာ့သမိုင်းတလျှောက် ခေါင်းဆောင်တွေဟာ အာဏာ၊ ငွေ ကြောင့်
သမိုင်းမလှ ဖြစ်ကြရပါတယ်။ ဦးနု ရဲ့ ပြည်ထောင်စု ပန်းတိုင်
စာအုပ်တွင်လည်း အမျိုးသားကောင်းတွေကို လမ်းမှားစေသော အဓိကအချက်မှာ မိန်းမ၊ ငွေ၊
အာဏာ ဖြစ်သည်ဟု ရေးခဲ့သည်ကိုသတိရမိပါတယ်။
၁၉၂၂ မှာ အဂလိပ် အစိုးရက ချကစားလိုက်သော
ဒိုင်အာခီ(Dyarchy) (၁၉၂၃-၁၉၃၇) ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ
မြန်မာ့အသင်းချုပ်ကြီး (GCBA) ခေါင်းဆောင်များ အချင်းချင်း သဘောကွဲခဲ့ရသည်။
အဖွဲ့ကြီး ကွဲခဲ့ရသည်။ ခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့တွင် ဦးသိမ်းမောင်
ပါဝင်ခဲ့သည်။ ထိုအဖွဲ့သည် ဒိုင်အာခီ(Dyarchy) ကိုလက်ခံပြီး လူအများဆန္ဒ နှင့်
ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ ဦးသိမ်းမောင်ကြီး ရာထူးယူရေးလမ်းစဉ် ကိုလိုက်တော့သည်။
ထိုခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့သည်
ဒိုင်အာခီ(Dyarchy) ရွေးကောက်ပွဲတွင် နေရှင်နယ်လစ် ပါတီ (Nationalist) အမည်ဖြင့်
ရွေးကောက်ပွဲ ဝင်ခဲ့ရာ အမတ်နေရာ ၂၈ နေရာရခဲ့သည်။ သို့သော် ဘုရင်ခံ ၏
မျက်နှာသာပေးခြင်း မရခံပါ။ ၁၉၂၅ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဂျုဗလီဟော ၌မြန်မာပြည်
သရာဇပါတီ ကကြီးမှုး၍ ရွေးကောက်ပွဲ ဝင်သော်လည်း ကောင်စီတွင် လစာမယူရေး ဆွေးနွေးရာ လခ
ယူလိုသော ၂၁ ဦးအဖွဲ့ဝင်တို့က အစည်းအဝေးကို ဖျက်လိုဖျက်ဆီးလုပ်လာခဲ့သည်။အထူးသဖြင့်
အဆိုးဆုံးမှာ အများက သမာဓိ ရှိသည်ဟုယူဆသော ရွှေတိဂုံဂေါပက အဖွဲ့ဝင် ၂၁ ဦးပါတီမှ
ဝတ်လုံ ဦးသိမ်းမောင်ကြီး ဖြစ်သည်။
နောက်ဆုံး ဦးသိမ်းမောင် ၏ ဖျက်လိုဖျက်ဆီး စကားကို
သံဃာထုက မခံမရပ် နိုင်ဖြစ်ကာ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်နေ ဦးရေဝတ
ကထိုင်ရာမှ ထ၍ ကုလားထိုင် ဖြင့် ပေါက်လေတော့သည်။ ဦးသိမ်းမောင် လဲကျ၍
အိမ်သို့ပြန်ပို့ လိုက်ရသည်။ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ တွင်မြန်မာနိုင်ငံ အား
အိန္ဒိယနိုင်ငံ နှင့် ခွဲရေးတွဲရေး အတွက် ပြည်သှူ့ဆန္ဒခံယူ ပွဲကျင်းပခဲ့သည်။
ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည် ခွဲရေးဘက်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ခွဲရေးဘက်တွင် အလင်္ဂလိပ် အလိုတော်ရိ ဖြစ်သော ဆာဂျေ အေမောင်ကြီး၏ ရွှေတောင်ကြား ပါတီ
(ခေါ်) အင်ဒီပင်းဒင့် ပါတီ လည်းပါသည်။ ဆင်ခြင်တွေးယူကြပါ။
ထိုခေတ် ခွဲရေးတွဲရေး ရွေးကောက်ပွဲ အခြေအနေ
ကို သခင်ဘသောင်း၏ ရန်ကုန်တက္ကသိုလ်
ကျောင်းသားသမဂ္ဂ္ဂ တွင်ပြောကြားခဲ့သော စကားအရ ခန့်မှန်းသိနိုင်သည်။
သခင်ဘသောင်းက..
``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။ ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာကြိုက်ပါတယ်။´´
အဘိုး သခင်ကိုယ်တော်မှိုင်း ကလည်း ”ကျောင်းသားများထံသို့”
ဟူသော စာတွင်လည်း
"ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။ ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလည်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော် အစည်းအဝေး အပျော် လာကြတာဘဲ…"
ဟု ဆိုထားသည်ကို သတိရမိပါတယ်။
အာဏာမမက်သော အတွေးရှင်း၊ အမြင်ရှင်းသော
ပြတ်သားသည့် သခင်တို့၏ စိတ်ဓါတ်ကား လေးစား အားကျဖွယ်ပင်။ ယခုခေတ် မှာလည်း အာဏာရှင်
တွေက ရွေးကောက်ပွဲ လို့ အသံပေး၊ အနံ့ပေး ရုံရှိသေး အာဏာပိုး စွဲကပ်နေသူများ
အမြီးတနှံ့နှံ့ ဖြစ်လာကြသည်။ သခင်စိတ်ကြိုက် ဝိုင်းအူ ပေးကြရသည်။ အာဏာရှင်တို့
အတွက် သူတို့ တတ်သိသော စကားဆန်း၊ မာယာဆန်း ကလေးများကို သီအိုရီဆန်ဆန်၊ ဗျုဟာဟန် ဆင်
ခင်းကျင်းကပြကြသည်။ အခွင့်အရေး မျှော်သူများ ကလည်း ပါးစပ်ဆိုင်းတီးပေးကြသည်။
ကျောကွဲ ဝမ်းပိန် ပြည်သူတွေ ရဲ့တကယ့် ဝေဒနာ၊ အသံတွေကို လျစ်လျုကြသည်။
ဒီနေရာမှာ အမေရိကန်လူမျိုး ပညာရေးပါရဂူ
ဘတ်တလာ ရဲ့စကား ကိုဖော်ပြပါရစေ။ သူက တဲ့။အလေးထား
ဆင်ခြင်စရာပါ။"
ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူတန်းစားမျိုးဖြစ်သွားတတ်တယ်.."
၁၉၃၆ နိုဝင်ဘာလ တွင် ၉၁ ဋ္ဌာန အုပ်ချုပ်ရေး အတွက်
ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည်အခြားအဖွဲ့များနှင့်
ပူးပေါင်း၍ ဦးသိမ်းမောင် အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ
တွင်အနိုင်ရခဲ့သည်။ ဦးသိမ်းမောင် လည်း ပညာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၅၀၀၀
စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဘဘေ ခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့ ရာထူးအဝေ
မတည့်သောကြောင့် သတ်မှတ်ချိန် အတွင်း အစိုးရမဖွဲ့နိုင်၍ အယုံအကြည် မရှိ
အဆိုတင်သွင်း ခံရကာ ပြုတ်ကျ ခဲ့ပါတော့ တယ်။
ဦးသိမ်းမောင် က
“ ဥပဒေပြုအဖွဲ့ တွင် ကျွန်တော် နှင့် ဦးဘဘေ ၏ အပေါ်တွင် အယုံအကြည် မရှိဟူသော အဆိုအောင်မြင်၍ ကျွန်တော်များ ရာထူးမှ နှုတ်ထွတ်ခဲ့ကြရပါသည်။အင်မတန်မှ စေတနာ၊ မေတ္တာ နှင့် နိုင်ငံအကျိုး ကိုဆောင်ရွတ်မည်ဟု လာသော သူကို ရင်ဘတ်မှာ ခြေဖြင့် စုံကန်လိုက်သကဲ့သို့ ခံစားရပါသည်။ ဆက်လက်၍ ဆောင်ရွက် ပြန်လျှင်လည်း ”ကုသိုလ်တစ်ပဲ၊ ငရဲတပိသာ” ဆိုသလိုဖြစ်မည့် အကြောင်းလက္ခဏာများ ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်များ သံဝေဂ ရပြီးလျှင် ဥပဒေပြုအဖွဲ့ ၏ အပြင်အပ မှပင် နိုင်ငံ အကျိုးကို ဆောင်ရွက်ပါတော့မည်”
ဟုပြောဆိုခဲ့သည်။
ရွှေတိဂုံ ဘုရားဂေါပကလူကြီး လည်းဖြစ်၊ သမာဓိ ရှိသော
ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အပြော နဲ့ အလုပ်ညီခဲ့ပါသလား။ ပြောပြီး နောက်
ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ ကမ်းလှမ်းလာ သည့် လစာ၂၀၀၀ ကျပ်စား
ရာထူး ခန့်ထားရေးဝန် အဖြစ်ဆောင်ရွက်သည်။ ထိုနောက် အစိုးရ ရှေ့နေချုပ်ရာထူးကို
ဆက်လက်ယူပါသည်။
ဒါကြောင့်လည်း ဦးသိမ်းမောင်ကြီး အပြောကို တို့ဗမာ
အစည်းအရုံး မှ အသက် ၂၅ အရွယ် မှ သခင် အောင်ဆန်း ကရေးသား ဝေဖန်ခဲ့သည်။ ၁၉၄၀
ဖေဖေါ်ဝါရီလ ထုတ် ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၄ မှာ သခင်
အောင်ဆန်း က
”…နိုင်ငံရေး သဘောတရားကို ဖော်ပြရာ၌ ဦးဘဘေကြီး ပြောသလို ”ညစ်ပတ်တဲ့ အလုပ်လားဆို့သည့်” မေးခွန်းကိုဖြေလို၏။ ဦးသိမ်းမောင်ကြီး ကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့။ သူကတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်းသား အားကျလို့ထင်၏။ အခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေး သည်လောကီရေးပင် ဖြစ်သည်။ နိုင်ငံရေးမှာ နိဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်းလောကုတ် ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည် နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။…
ဦးသိမ်းမောင်ကြီး တို့လို ပညာတတ်ကြီးများသည်
အာဏာနှင့် ငွေကို မမက်ဘဲ ပြည်သူ့ဆန္ဒ ကိုအလေးထားခဲ့ပါက မျိုးချစ်လူငယ်များ၏
ဝေဖန်ခြင်းခံရမည် မဟုတ်ပေ။
နိုင်ငံရေး ပရိယာယ်ကြွယ်ဝသော၊ ကောင်းကောင်း
ကစားတတ်သော ဦးသိမ်းမောင်ကြီး ၏ ဗျုဟာဆန်း များမှ နှောင်းလူတို့ သတိပြု
ဆင်ခြင်စရာများ လည်းတွေ့ရသည်။ ၁၉၃၆ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၉၁ ဋ္ဌာန အုပ်ချုပ်ရေး
ရွေးကောက်ပွဲ တွင် အနိုင်ရစေရန် ဦးသိမ်းမောင်ကြီး သည် မြန်မာမင်းမျိုးနွယ်
ဖြစ်သော မင်းသားကြီး ထိပ်တင်ဝကို သူပူးပေါင်းပါဝင်သော ငါးပွင့်ဆိုင်အဖွဲ့
၏ ဥက္ကဋ္ဌ အဖြစ်တင်မြောက်ခဲ့သည်။
”သခင်မျိုးဟေ့ ဒို့ဗမာ“ ဟုကြွေးကြော်
ဆန့်ကျင်နေသော တို့ဗမာအစည်းအရုံးကြီး ကို တုန်ပြန်လိုသော သဘောဖြစ်သည်။ ထိုပြင်
တမျိုးသားလုံး လေးစားကြည်ညို ရသော ဆရာတော်ဦးဥတ္တမ ကို ဦးသိမ်းမောင်ကြီး ကိုယ်တိုင်
အိန္ဒိယ သို့သွားရောက်ပြီး လေယာဉ်ပျံ ဖြင့်ပင့်ဆောင်ပြီး တရားဟောစေခဲ့သည်။ သူ၏
လုပ်ရပ်များကြောင့် ဆရာတော် ဦးဥတ္တမ ကို သခင်များက အထင်လွှဲပြီး ဆရာတော် သိက္ခာပါ
ထိခိုက်ခဲ့ရသည်။ နိုင်ငံရေး သင်ခန်းစာ ယူစရာပါ။
တကယ်တော့ ပညာတတ်များဟာ တရားကို စကားနဲ့လည်း
ကာတတ်ပါတယ်။ ဒါကြောင့်ရွှေပေါ်ကျွန်းဆရာတော်ကြီးက ”တရားကို
စကားနဲ့မကာပါနဲ့။ တရားက အတည့်သွား၍၊ စကားက လှည့်စား
တတ်ပါသည်” ဟုဆံုးမခဲ့ပါတယ်။
ဦးသိမ်းမောင်ကြီး သည် ဂျပန်ခေတ် တွင်ဦးဆောင်သော
မြန်မာ အစိုးရ အဖွဲ့တွင်လည်း တရားရေး ဝန်ကြီးအဖြစ် ဆောင်ရွတ်ခဲ့သည်။စစ်ပြီးချိန်
၁၉၄၅ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဖဆပလ
ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ဘုရင်ခံ ဆာဒေါ်မန် စမစ်
ပြန်ရောက်၍ စက္ကူဖြူစာတမ်း အုပ်ချုပ်ရေး စီမံကိန်း စတင်သောအခါ ဦးသိမ်းမောင်ကြီး သည်
ဖဆပလ ဗဟိုဦးစီးအဖွဲ့မှ နုတ်ထွတ်ပြီး ဘုရင်ခံ ခန့်အပ်သော ဟိုက်ကုတ် တရားဝန်ကြီး
ရာထူးကို လက်ခံ ခဲ့သည်။
၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ
ဦးသိမ်းမောင်ကြီး သည် လွှတ်တော်တရားရေး ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၅၇ တွင် နိုင်ငံတော်
ဝန်ကြီးချုပ် ရာထူးမှ အငြိမ်းစား ယူပါသည်။ ထိုအချိန်တွင် ဦးသိမ်းမောင်ကြီး ၏
အသက်မှာ ၆၇ နှစ်ရှိပြီဖြစ်၏။ တရားရေး ဋ္ဌာန မှဆက်လက်
အမှုထမ်းစေလိုသော်လည်းဦးသိမ်းမောင်ကြီး ကိုယ်တိုင်က
”မိုးညှင်းဆရာတော် ဘုရားကြီး ဆုံးမသကဲ့သို့ ခါးတောင်းကျိုက်မဖြုတ်ဘဲ
ခေါင်းထဲဝင်မည့်သူ မဖြစ်ပါရစေနှင့်ဟု” မေတ္တာရပ်ခံ
ကာအငြိမ်းစားယူခဲ့ခြင်းဖြစ်ပါတယ်။
သို့သော် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာ၍
ဦးသိမ်းမောင်ကြီး အား ဒုတိယ ဝန်ကြီးချုပ် ၊သာသနာရေး ဝန်ကြီး နှင့် ကျန်းမာရေး
ဝန်ကြီး တာဝန်များပေးအပ်သော အခါ ပြန်လည်ထမ်းဆောင်ပြန်သည်။ အာဏာပါဝါ ဆိုသည်မှာ
အာဏာပါဝါ ကိုခံစားဖူးသောသူများ၊ ခံစားလိုသောသူများ လူတချို့ အတွက် ဘဝ
နောက်ဆုံးအချိန်ထိ တမ်းတတုန်း၊ မက်မောမျှော်မှန်း
တုန်းပါလားလို့တွေးလျှက်…………။
ရည်ညွှန်း…….
၁။ တိုက်စိုး၊ဂျုဗလီဟော မြင်ကွင်း
၂။မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း
အဘိဓါန်
၃။မောင်ဇေယျာ၊စာပေသမိုင်း၊ပုဂ္ဂု
ိလ်ရေး အတွေးအမြင်များ
၎။ရွှေဥသြ၊ တချိန်က ထင်ရှားခဲ့သော
ပုဂ္ဂိုလ်ကြီးများ
၅။ဦးသိန်းမောင်
(နိုင်ငံခြားငွေ)၊မဟာလူသားပြော
စကား (ဒုတိယ တွဲ)
၆။အလင်းဆက်၊ တို့ခေတ်မှ ညံ့ကြတော့မှာလား
ကျောင်းသားတစ်ဦး
၂၅.ဧပြီလ.၂၀၁၀
အလင်းဆက်...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။