By Thanda Win on Friday, December 14, 2012 at 10:02am
- ဆရာနေ၀င်းမောင်ရဲ့ စာပေဟောပြောပွဲကို နားထောင်ကြည့်တော့ Neocolonialism ခေတ်သစ် ကျွန်ပြုခြင်းဆိုတဲ့ စကားတလုံးကို အတိုချုပ်ရှင်းပြသွားပါတယ်။ “ခင်ဗျားတို့ မပြင်ဆင်ထားရင် ကိုယ့်နိုင်ငံထဲမှာပဲ ကျွန်ပြန်ဖြစ်သွားမယ်” တဲ့။ နဲနဲပိုပြီး အသေးစိတ်သိရအောင် အင်တာနက်ထဲမှာ ရှာဖတ်မိပါတယ်။ ဖတ်မိတော့မှပဲ မြီးညှောင့်ရိုးထဲ စိမ့်သလိုလို ဖြစ်လာပါတော့တယ်။ သူငယ်ချင်းများလဲ သိရအောင်နားလည်သလောက် ဝေမျှပါတယ်။
- မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပြီတို့၊ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ကျုးကျော်ခြင်းတို့၊ သူ့ကျွန်မခံပြီတို့ ကြားဖူးနေကျပါ။ မူလလက်ဟောင်းကျွန်ပြုခြင်းမှာ အဆင့် သုံးဆင့်ရှိပါတယ်။
(၁) ပထမအဆင့် - သာသနာပြုအဖွဲ့တွေ စေလွှတ်တယ်။
(၂) ဒုတိယအဆင့် - ကုန်သည်တွေ စေလွှတ်တယ်။
(၃) တတိယအဆင့် - စစ်တပ်ကြီးတွေကို
လွှတ်လိုက်ပါတယ်။
- လူမြင်သူမြင် စစ်တပ်ကြီးသုံးပြီး ကျွန်ပြုတယ်ဆိုတာ ဒိတ်အောက်နေပါပြီ။ ငွေကုန်ကြေးကျလည်းများ၊ လူတွေလည်းသေ၊ နာမည်လည်းပျက်၊ သမိုင်းမှာလည်း မှတ်တမ်းတင်ခံရ။ အခန့်မသင့်ရင် အစိုးရတောင် ပြုတ်ကျနိုင်တာကလား။ (ဒါတောင်မှ ငယ်ချစ်ဦးကို မပစ်နိုင်သူများ ဒီနေ့အထိရှိတုန်းပါပဲ။) ဒီလောက် အရင်းအနှီးများတဲ့ စစ်ပွဲများကို ဘာကြောင့်ဆင်နွှဲကြသလဲဆိုတာ အရင်းစစ်လိုက်ရင် တခုထဲပါပဲ။ အမြတ်ထွက်ချင်လို့ပါ။ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဘိန်းစစ်ပွဲ၊ ဓါတုလက်နက်ရှာဖွေရေး၊ ဒီမိုကရေစီနိုင်ငံ ထွန်းကားရေး စတဲ့ စကားလုံးအမျိုးမျိုး ဘယ်လိုသုံးသုံး၊ ခေါင်းစဉ်ဘယ်လိုတပ်တပ် လိုရင်းကတော့ အဲဒီနယ်မြေကို ကျွန်ပြုဖို့ပါပဲ။ အဲဒီနယ်မှာ ရစရာ လိုချင်စရာ သိမ်းပိုက်စရာ တကြောင်းမဟုတ် တကြောင်းရှိနေလို့ပါ။
- ၁၉၇၀ နောက်ပိုင်းမှာ ခေတ်သစ် စနစ်သစ်ဆိုတော့ ကျွန်ပြုတာကလည်း ပုံစံသစ် နည်းလမ်းသစ်နဲ့ ဖြစ်လာပါတယ်။ ဒီဇိုင်းအသစ်တွေနဲ့ တနေ့တမျိုးမရိုးရအောင် တီထွင်ဖန်တီးပြတာကိုက မော်ဒန်ကျွန်ဇတ်လမ်းရဲ့ ကျောရိုးစစ်စစ်ဖြစ်ပါတယ်။ ဘယ်လိုပဲ အ၀တ်အစားပြောင်းပေမယ့် ကိုယ်ခန္ဓာကတော့ အဟောင်းဆိုသလိုပဲ ကျွန်ပြုရခြင်းရဲ့ အဓိကရည်ရွယ်ရင်းကတော့ အမြတ်ထုတ်ချင်လို့ပါပဲ။ နမူနာပုံစံတွေကတော့ ပါဝါအမာဖြစ်တဲ့ စစ်တိုက်ခြင်းရဲ့ ဆန့်ကျင်ဘက် ပါဝါအပျော့ ငြင်သာသိမ်မွေ့သောနည်းတွေချည်းပါ။
(၁) ဘာသာစကားအားသာချက်ကို
အသုံးချခြင်း
- ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာမတတ်ရင် ခေတ်မမီတော့သလိုကို ဖြစ်နေပါပြီ။ တရုတ်စာ၊ ဂျပန်စာ စသဖြင့် များများတတ်လေကောင်းလေပါပဲ။ ဒီလို ဘာသာစကားကြွယ်ဝမှုဟာ ဗဟုသုတတိုးဖို့၊ လေ့လာသင်ယူဆည်းပူးဖို့အတွက် ရေခံမြေခံကောင်းကြီးပါ။ တဖက်ကကြည့်ရင်တော့ တရုတ်၊ ဂျပန်၊ဂျာမဏီ၊ပြင်သစ်စတဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းပြတဲ့နိုင်ငံများက အင်္ဂလိပ်စာကို သူတို့ပြည်တွင်းမှာ အသုံးပြုမှီခိုမှုနဲရလေအောင် ကြံ့ကြံ့ခံခဲ့ကြတာကို တွေ့ရပါတယ်။ လိုအပ်တဲ့ ပညာရပ်များနဲ့ စာအုပ်စာတမ်းများကို မိခင်ဘာသာစကားကို တိုက်ရိုက်ပြန်ဆိုဖြန့်ဝေပြီး ကလေးတွေကို သင်ပေးကြပါတယ်။ ဒီလိုမျိုး မိမိဘာသာစကားကို အမြတ်တနိုးဂုဏ်ယူထိန်းသိမ်းခြင်းအားဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို လက်ဆင့်ကမ်းနိုင်ပါတယ်။ ဘိုးဘွားဘီဘင်က ဆင်းသက်လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်များဟာ မိခင်ဘာသာစကားနဲ့ တိုက်ရိုက်ဆက်သွယ်ဖော်ပြထားတာမို့ အမျိုးသားယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဘာသာစကားချင်းတူလျှင်တောင် ဝေါဟာရများပြီး စကားလုံးကြွယ်ဝတဲ့ ဘာသာက ပိုပြီးတိုးတက်ထွန်းကားတဲ့လူမျိုးကို ကိုယ်စားပြုတယ်ဆိုတာမို့ မိမိဘာသာစကား ထွန်းကားအောင်သာ ကြံဆောင်ကြတာတွေ့ရပါတယ်။ ( ဥပမာ - ဒီနေ့အထိရှိနေသေးတဲ့ အင်ဒိုနီးရှားလူရိုင်းအချို့မှာ ဘာသာစကားရှိပေမယ့် ဝေါဟာရ အလွန်နည်းတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ပါဠိစာပေဟာ ရဟန်းတော်များကသာ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ )
- ဒါတောင်မှ အင်တာနက်ခေတ်မှာ အင်္ဂလိပ်စာကသာလျှင် မင်းမူလွှမ်းမိုးထားတာမို့ ကျန်နိုင်ငံများက အမှီလိုက်ဖို့မှာလည်း အင်္ဂလိပ်စာကသာ ထိပ်တန်းဦးစားပေးဖြစ်လာပါတယ်။ အင်တာနက်ထဲမှာပါ ဘာသာပြန် အသုံးပြုကြတာကိုလည်း တွေ့နိုင်ပါတယ်။ ခေတ်သစ်ကျွန်စနစ်မှာ ဘာသာစကား အားသာချက်ကြောင့် အရင်တုန်းကထက်ပိုပြီး လက်ခမောင်းခတ်နေနိုင်တာ အထူးပြောစရာလိုမယ်မထင်ပါဘူး။
- မြန်မာနိုင်ငံမှာတော့ အထက်ပါလူမျိုးကြီးများလို အင်္ဂလိပ်ဘာသာစကားကို ပြည်တွင်းမှာ တော်လှန်နိုင်ခွင့်ရှိမနေပါဘူး။ လေ့လာသင်ယူလိုသမျှတိုင်းမှာ ဘာသာစကားမျိုးစုံကို တတ်ကျွမ်းလေ၊ တပမ်းသာလေပါပဲ။ တဖက်မှာတော့ မိမိကိုယ်ပိုင်ဘာသာစကားကို ဘာကြောင့်ထိန်းသိမ်းစောင့်ရှောက်သင့်တယ်၊ လက်ဆင့်ကမ်းအမွေအဖြစ် ထားရစ်သင့်တယ်ဆိုတာကို ကောင်းစွာနားလည်ပြီး မိမိမျိုးဆက်ရဲ့ ရှေ့ရေးကို မျှော်တွေးတတ်ဖို့လိုပါလိမ့်မယ်။
- တဆက်တည်းမှာပဲ မြန်မာပြည်တွင်းက တိုင်းရင်းသားမောင်နှမများက ပြည်နယ်စာသင်ကျောင်းများမှာ ကိုယ်ပိုင်ဘာသာစကား သင်ကြားခွင့် တောင်းဆိုနေတာကို ဆက်စပ်စဉ်းစားမိပါတယ်။ ဗမာလူမျိုးကြီးဝါဒကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားစာပေနဲ့ ဘာသာစကားကို ဖျောက်ဖျက်ခဲ့တယ်လို့ အချို့က ဆိုပါတယ်။ ရှေ့ဆက်လျှောက်ကြမယ့် အမျိုးသားရင်ကြားစေ့ရေးမှာ ဘာသာစကားဟာ ဘာကြောင့်အရေးပါနေသလဲဆိုတာကို လူများစုဖြစ်တဲ့ဗမာများ နားလည်ကြဖို့လိုပါတယ်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ခေတ်သစ်ကျွန်စနစ်ထဲကို တမြေထဲနေတဲ့ သွေးချင်းများ မ၀င်လိုကြတာ သဘာဝကျလှပါတယ်။
(၂)
ယဉ်ကျေးမှုထိုးဖောက်ဝင်ရောက်ခြင်း
- ရိုးရာယဉ်ကျေးမှုထိန်းသိမ်းဖို့ဆိုတာ ဖန်တရာတေနေတဲ့စကားလုံးပါ။ ဒါပေမယ့် အတိမ်အနက်ကို မှန်းဆဖို့တော့ခက်လှပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ မြန်မာပြည်မှာ ခေတ်စားနေတဲ့ ကိုရီးယားဇတ်လမ်းတွဲများပါပဲ။ ဒီဇတ်လမ်းများမတိုင်ခင်က တရုတ်သိုင်းဇတ်ကားများကို မြန်မာ့ရုပ်သံမှာ ပြသခဲ့တာမို့ သီတင်းကျွတ်ပွဲတော်တွေမှာ ဗန္ဓုလဦးထုပ်တွေပျောက်ပြီး ကျန်ကျောင်းဦးထုပ်တွေ ရောင်းကောင်းခဲ့တာမှတ်မိကြမယ်ထင်ပါတယ်။ အခုလည်း ကိုရီးယား ၀တ်စုံ၊ ကိုရီးယားအစားအစာ၊ ကိုရီးယားအသုံးအဆောင်များဟာ မြန်မာပြည်ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ကြီးကို နေရာယူထားနေပါပြီ။ ကိုရီးယားမင်းသမီးတောင် ရုပ်ရှင်ပွဲတော်ကို ဒုတိယအကြိမ်လာဦးမယ်တဲ့။
- ဒါကိုတန်ပြန်တိုက်ထုတ်ဖို့ ကြိုးစားတဲ့အကွက်လေးကလည်း လှပါတယ်။ ဟိုတလောက မြန်မာအစိုးရ၀န်ကြီးများနဲ့ တရုတ်ကုမ္ပဏီများ စာချုပ်ချုပ်ဆိုရာမှာ မြန်မာ့ရုပ်သံမှာ တရုတ်ဇတ်လမ်းတွဲများပြသရမယ်ဆိုတဲ့ အချက်တချက်ပါဝင်ပါတယ်။ ကိုယ်တို့ကတော့ ဘာလာလာ ဒေါင်းတာပဲလို့ လက်ခံလွယ်သူများအတွက် ဒေါင်းဆိုတာ အင်္ဂလိပ်လို လျော့ပါးနိမ့်ဆင်းသွားတာဖြစ်ကြောင်း သတိပြုမိစေလိုပါတယ်။ မြန်မာ့ရုပ်သံက အမျိုးသားယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးလို့ အကျယ်ကြီး ခဏခဏအော်နေပေမယ့်လို့လည်း ခုတ်ရာတခြား ရှရာတလွဲတွေဖြစ်နေတာ ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။
- ဒီနေရာမှာလည်း မြန်မာပြည်တွင်း တိုင်းရင်းသားများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးမှာ ကိုယ်ပိုင်ယဉ်ကျေးမှုထွန်းကားရေးကို တောင်းဆိုထားတာမို့ တရားမျှတတဲ့ တောင်းဆိုမှုတခုလို့ မြင်ပါတယ်။
(၃) ကျောင်းအိပ်၊ ကျောင်းစား
စာသင်ကျောင်းများဖွင့်လှစ်ခြင်း
- ခေတ်ဟောင်းက ခရစ်ယာန်သာသနာပြုကျောင်းများဖွင့်လှစ်ခဲ့တာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကလေးငယ်များကို စာပေသင်ကြားရာမှာ အမျိုးသားစာပေနဲ့ အမျိုးသားယဉ်ကျေးမှုကို နောက်တန်းပို့ထားတတ်ပါတယ်။ မိရိုးဖလာကိုးကွယ်မှုလည်း ပျောက်ကွယ်နိုင်ပါတယ်။ ဒါ့အပြင် သင်ကြားပေးသူ ဆရာ၊ ဆရာမများရဲ့ လူမျိုး၊ နိုင်ငံကို အထင်ကြီးစိတ်များလည်း ပေါ်ပေါက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်လက်ထက်က အမျိုးသားကျောင်းများကို အမြော်အမြင်ကြီးကြီးနဲ့ တည်ထောင်ခဲ့တာပါ။ ဒီလိုဆိုတော့ နိုင်ငံခြားကျောင်းများကို ဆန့်ကျင်တားဆီးရမယ်လို့တော့ မဟုတ်ပါဘူး။ ကမ္ဘာကြီးက ရွာကြီးဖြစ်နေတာကို ထည့်မတွက်ပဲ ခွဲခြားကန့်သတ်ဖို့ ကြိုးစားရင် ကြိုးစားသူရဲ့ အမှားပါပဲ။ ကိုယ့်ကိုယ်ပိုင်ကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းနဲ့ သူများထံမှ သင်ယူလေ့လာခြင်းကို အချိုးညီအောင် ပေါင်းစပ်နိုင်ဖို့သာ လိုရင်းပါ။
(၄) သဘောတူညီမှုများ
ပြုလုပ်ခြင်း
- နိုင်ငံငယ်များအတွက် နိုင်ငံကြီးများကို တနည်းမဟုတ်တနည်း မှီခိုရလေ့ရှိပါတယ်။ ဥပမာ - စစ်အေးခေတ်အတွင်းက အယူဝါဒကို အခြေပြုပြီး အမေရိကန်ကို မှီခိုကြရတဲ့ အုပ်စုများက တစု၊ ဆိုဗီယက်ပြည်ထောင်စုကို မှီခိုကြရတဲ့အုပ်စုများက တစုရှိခဲ့ပါတယ်။ အခုခေတ်မှာတော့ ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနဲ့ မြောက်ကိုရီးယား စစ်အာဏာရှင်များကို ကုလသမဂ္ဂအထိ အကာအကွယ်ပြုပေးခဲ့ပါတယ်။ ပြည်တွင်းရေးဝင်မစွက်ဘူး ဆိုတဲ့ မူနဲ့ပါ။ တကယ်ကတော့ ဒီသဘောတူညီချက်အပေါ်မှာ တရုတ်အစိုးရ ဘယ်လောက်အမြတ်ထွက်သွားသလဲဆိုတာ ကိုယ်တွေ့ခံစားထားရတာမို့ အားလုံးသိပြီးဖြစ်ပါတယ်။
(၅)
စီးပွားရေးနယ်ချဲ့ခြင်း
- နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေဝင်လာရင် ပြည်တွင်းစီးပွားရေးလုပ်ငန်းလေးတွေ မယှဉ်ပြိုင်နိုင်တဲ့အခါ ပျက်စီးပျောက်ကွယ်မယ်လို့တော့ သိထားကြပါတယ်။ တကယ်တမ်းကတော့ အဲဒီထက်အများကြီးပိုနက်ရှိုင်းပါတယ်။ ပါဝင်တဲ့အဆင့်များမှာ -
(က) အုပ်ချုပ်ရေးစနစ်ကို အရင်းရှင်စနစ်သို့
ပြောင်းလဲစေခြင်း
(ခ) ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အာမခံစေခြင်း (
ဥပဒေပြုစေခြင်း)
(ဂ) နိုင်ငံခြားမြေယာပိုင်ဆိုင်မှုကို
တိုးချဲ့ခြင်း
(ဃ) ကမ္ဘာသုံးငွေကြေးစနစ်သို့
ပြောင်းလဲစေခြင်း
- ဒီမိုကရေစီဆိုတာနဲ့ တွဲလျက်ပါလာတဲ့ ယှဉ်ပြိုင်နိုင်မှုကို ဦးစားပေးရတဲ့ စီးပွားရေးစနစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးရပါတယ်။ မြန်မာနိုင်ငံမှာတော့ အခွင့်ထူးခံများသာ ရရှိခဲ့တဲ့ ပါမစ်စီးပွားရေးကနေ နိုင်ငံသားမှန်သမျှ လုပ်နိုင်သူမှန်သမျှ ၀င်ရောက်ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ တရားမျှတတဲ့ စီးပွားရေးစနစ်ကိုတော့ နိုင်ငံသားအားလုံးက လိုလားကြတာပါပဲ။ တကယ်တမ်းမှာတော့ တံခါးတွေဖွင့်လိုက်တဲ့အတွက် နိုင်ငံခြားသားများပါ ပြိုင်ကွင်းထဲကို ၀င်ရောက်လာပါတယ်။ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ၀န်ဆောင်မှု စတာတွေက မယှဉ်နိုင်လောက်အောင်ကွာခြားတာမို့ ပြည်တွင်းခရိုနီများတောင် တုန်လှုပ်ကြတာ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ကန့်သတ်ဖို့ကြိုးစားကြတာကို တွေ့ရပါတယ်။ ဒါက လက်ကြီးသမား ခရိုနီများအတွက် အဓိကစိန်ခေါ်မှုပါ။
- မြန်မာနိုင်ငံမှာ မြေယာများကို နိုင်ငံခြားသားအမည်ပေါက်ဝယ်ယူခွင့်ကို လုံးဝပိတ်ပင်ထားခဲ့တာ ဆိုရှယ်လစ်ခေတ်ကတည်းကပါ။ နိုင်ငံခြားသားများအနေနဲ့ မြန်မာနာမည်ခံပေးမယ့်သူကို အားကိုးရပါတယ်။ ဟိုတလောက စသုံးလုံးရုံးခန်းက ခုန်ချသေဆုံးသွားတဲ့ တိုင်းရင်းသူအမျိုးသမီးနဲ့ တရားစွဲခံထားရတဲ့ ဂျပန်အမျိုးသားအမှုဟာ ဒီမြေယာကိစ္စပါ။ နာမည်ခံထားတဲ့ မြန်မာက အပိုင်စီးတာ၊ ပြသနာတက်တာတွေလည်း မကြာခဏကြားနေရပါတယ်။ လှိုင်သာယာမြို့နယ်က န၀ဒေးအိမ်ယာမှာဆို လူသတ်မှုအထိတောင် ဖြစ်ပွားခဲ့ပါတယ်။ ဒီကြားထဲကပဲ စွန့်စားဝယ်ယူကြတာမို့ တရုတ်လူမျိုးများလက်ထဲမှာ မဖွံ့ဖြိုးသေးတဲ့ မြေပါမစ်တွေ အများကြီးရောက်နေပါပြီ။ အခြားလူမျိုးများလည်း ၀ယ်ကြပေမယ့် တရုတ်တွေလောက်တော့ ဘယ်သူမှ မရင်းပါဘူး။ သိရသလောက်မှာတော့ ရန်ကုန်မှာ ကျုးကျော်လို့ သတ်မှတ်ထားတဲ့ မြေတွေ ( ပိုင်ဆိုင်မှု ဂရမ်လုံးဝမရှိ၊ အရပ်စာချုပ်သာရှိ )ကိုလည်း သိန်းရာချီပေးဝယ်ယူကြပါတယ်။ ( ဒီလောက်ငွေကို အဆုံးခံနိုင်တာက ဘိန်းလုပ်ငန်းကရတာမို့ ငွေဖြူလုပ်ချင်တာလို့လည်း ပြောကြပါတယ်။ ) နောက်တဆင့်ကတော့ မြို့တော်စည်ပင်မှာ ပိုက်ဆံပေး၊ အမည်ပေါက် ဂရမ်ထုတ်ပစ်လိုက်တာပါပဲ။ ဂရမ်နာမည်ပေါက်သွားတဲ့အခါ မြေဈေးက နှစ်ဆဖြစ်သွားပါတယ်။ ဒီဈေးကွက်ထဲကို ထုံးစံအတိုင်း အခွင့်ထူးခံများနဲ့ နောက်ခံနိုင်ငံခြားသားငွေရှင်များ ၀င်ရောက်ခြယ်လှယ်နေခဲ့ပါတယ်။ မူလနေထိုင်သူများကတော့ ဈေးနှိမ်အ၀ယ်ခံကြရပါတယ်။ စည်ပင်သာယာဝန်ထမ်းများ ပြုတ်ကုန်တဲ့အထဲမှာ မြေယာဌာနဆိုတာနဲ့ ဒီအမှုပါပဲ။
- မြန်မာပြည်မှာ မြေဈေးက ပြည့်စုံဖွံ့ဖြိုးပြီးသား ဟောလိဝုဒ်ဈေးနဲ့ တန်းတူဖြစ်နေတာမို့ နိုင်ငံခြားသားရင်းနှီးမြှပ်နှံသူများက မ၀ယ်နိုင်လို့ ဈေးလျှော့ချပေးဖို့ တောင်းဆိုကြတာဖတ်မိမှာပါ။ တကယ်တမ်းခေါင်ခိုက်နေတဲ့ဈေးဟာ ခရိုနီများနဲ့ နောက်ကွယ်နိုင်ငံခြားသားငွေရှင်များလက်ထဲမှာ ဈေးကစားနေတာကြောင့်သာဖြစ်ရတာပါ။ နိုင်ငံသားအများစုအနေနဲ့ မြေဈေးကွက်ထဲမှာ ၀င်ကစားနိုင်တဲ့အခြေအနေမရှိပါဘူး။ နိုင်ငံခြားသား အမည်ပေါက် မြေ၀ယ်ယူခွင့် ဥပဒေကို ပြဌာန်းပေးဖို့ တောင်းဆိုတာကိုလည်း တွေ့ကြမှာပါ။ ဒီအပေါ်မှာ အကျိုးအမြတ်ရမယ့်သူတွေက ဘယ်သူတွေလည်းဆိုတာ ဗေဒင်မေးဖို့ မလိုပါဘူး။
- ဈေးကွက်စီးပွားရေးစနစ်ဖြစ်လာတာကြောင့် မြန်မာငွေတမျိုးတည်းနဲ့ရပ်တည်လို့မရတော့ပါဘူး။ နိုင်ငံတကာသုံးငွေကြေးများနဲ့ ချိတ်ဆက်ရပါတယ်။ လက်ရှိအစိုးရက ကြိုးစားနေတာဒီအချက်ပါ။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တို့က ချေးငွေရယူခြင်းဖြင့် သူတို့ရဲ့ လွှမ်းမိုးမှုကို ခံကြရပါတယ်။ စီးပွားရေးမူဝါဒတွေကို သူတို့အကြံပြုတဲ့အတိုင်း ပြောင်းလဲဖော်ဆောင်ရတတ်ပါတယ်။ ဥပမာကတော့ အတိုးနဲ့ ပိုက်ဆံချေးထားပြီး ပြန်မဆပ်နိုင်ရင် ကြွေးရှင်အလိုကျ သမီးထိုးပေးရတာမျိုးတွေ ဖြစ်တတ်တာကို ဆိုလိုပါတယ်။ မှတ်တမ်းများအရ ကမ္ဘာ့ဘဏ်က ထုတ်ချေးငွေထက်ပိုတဲ့ အတိုးငွေတွေဟာ ဘဏ်ထဲကို ပြန်ဝင်နေတယ်၊ ချမ်းသာတဲ့နိုင်ငံတွေပဲ ပိုပိုပြီး ချမ်းသာလာတယ်လို့ ဆိုပါတယ်။ ဟိုတနေ့က သတင်းထဲမှာတော့ တရုတ်ကချေးငွေကို နိုင်ငံငယ်များက ပိုသဘောကျတဲ့အကြောင်း၊ ပြန်မဆပ်ပဲ နေလို့ရတဲ့အကြောင်းဖတ်ရပါတယ်။ အစာကိုသာမြင်ပြီး ငါးမျှားချိတ်မမြင်တာမျိုးကို ရှောင်ရှားကြဖို့လိုပါလိမ့်မယ်။
- ခေတ်သစ်ကျွန်ပြုခြင်းမှာ နိုင်ငံခြားမြေယာပိုင်ဆိုင်မှုကို တိုးချဲ့မယ်။ စက်ရုံအလုပ်ရုံများဝင်ရောက်လာမယ်။ ဒေသခံတွေရဲ့ လုပ်အားကို ဈေးချိုချိုနဲ့ ရယူမယ်။ ရင်းနှီးမြှပ်နှံခြင်း၊ ငွေချေးခြင်း၊ အလှူငွေ ( NGO + INGO ) ပေးကမ်းခြင်းတို့ဖြင့် တုပ်နှောင်မယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံခြားဈေးကွက်၊ နိုင်ငံခြားငွေကြေးတို့ကိုသာ မှီခိုနေရတဲ့အတွက် ပြည်တွင်းအစိုးရကော ပြည်သူပါ နှောင်ကြိုးများနဲ့ ရစ်ပတ်ချည်ပြီး မလှုပ်နိုင်တဲ့အချိန်မှာ လိုသလိုပုံသွင်းမယ်လို့ ဆိုပါတယ်။ နောက်ဆုံးပစ်မှတ်ကတော့ ထုံးစံအတိုင်း သဘာဝသယံဇာတနဲ့ ဒေသခံတို့ရဲ့ လုပ်အားကို ခေါင်းပုံဖြတ်သွားတာပါပဲ။ သေနတ်တချက် ဖောက်စရာမလိုပဲ ရယူနိုင်တဲ့နည်းတွေပါ။
- နိုင်ငံခြားစက်ရုံ၊ အလုပ်ရုံ နဲ့ လုပ်ငန်းများဝင်ရောက်လာတဲ့အခါ မြန်မာနိုင်ငံသားအများစုဟာ မြေပိုင်ဆိုင်မှုလည်းမရှိ၊ ငွေအရင်းအနှီးလည်းမရှိတာမို့ ကာယအား၊ ဥာဏအားကိုသာ အားကိုးအားထားပြုကြရမှာဖြစ်ပါတယ်။ ဒါကတော့ ဆရာနေ၀င်းမောင် အဓိကပြောသွားတဲ့အချက်ပါ။ ပညာမတတ်တဲ့အတွက်၊ ဘာသာစကားမကျွမ်းကျင်တဲ့အတွက် အောက်ခြေသိမ်းအလုပ်များမှာပဲ နိဂုံးချုပ်ရလိမ့်မယ်လို့ သတိပေးသွားပါတယ်။ အပေါ်ပိုင်းရာထူးကြီးများကို နိုင်ငံခြားသားများကသာ စိုးမိုးသွားမှာကို ဆရာက စိုးရိမ်ပါတယ်။ ဒီအတွက် နိုင်ငံသားများအနေနဲ့ သက်ဆိုင်ရာနယ်ပယ်မှာ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် ဆရာတဆူဖြစ်ဖို့၊ ဘာသာစကားတတ်မြောက်ဖို့တွေကို အားသွန်ကြိုးပမ်းကြရမယ်လို့ မှာခဲ့ပါတယ်။
- တံခါးတွေကဖွင့်လိုက်ပြီမို့ ပြန်ပိတ်လို့တော့ မရတော့ပါဘူး။ အစိုးရအနေနဲ့ ပြည်တွင်းအလတ်စားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဥပဒေတွေ၊ ထောက်ပံ့ငွေ၊ ချေးငွေတွေပေးဖို့ ပညာရှင်များက တိုက်တွန်းနေကြပါတယ်။ ပြည်တွင်းအလုပ်သမားအခွင့်အရေးများကိုလည်း အပြည့်အ၀ရရှိအောင် ဥပဒေနဲ့ ပံ့ပိုးရပါမယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေမှာလည်း ကနဦးမှာ ပြည်တွင်းအလုပ်သမား၂၅% ခန့်ရမယ်။ နောက်ပိုင်းမှာ ၇၅%ထိခန့်ပေးရမယ်ဆိုတာတွေ ထည့်သွင်းထားပါတယ်။ ခန့်တဲ့လူက ခန့်ပေးတာတောင် လုပ်မယ့်လူက အရည်အသွေးမပြည့်ရင် ပေးကားပေးဧ။် မရတွေ ဖြစ်နိုင်ပါသေးတယ်။
- အချုပ်ဆိုရရင်တော့ ငွေအား၊လူအား၊ပညာအား အပြတ်အသတ်သာတဲ့ သူတွေနဲ့ ယှဉ်ပြိုင်ရတော့မယ့် ကစားကွင်းထဲကို ၀င်ချင်သည်ဖြစ်စေ၊ မ၀င်ချင်သည်ဖြစ်စေ ရောက်နေပြီမို့ ကိုယ်ခံအားကောင်းသူများ၊ ကိုယ့်အားကိုယ်ကိုးသူများ၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသူများသာ အောင်ပွဲခံနိုင်မယ်ဖြစ်ပါကြောင်း။
( လုံးဝမကျွမ်းကျင်တဲ့ ဘာသာရပ်ကို နားလည်သလို
ပြန်ရေးထားတာမို့ တတ်သိသူများ ထောက်ပြပြုပြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ကျေးဇူးတင်ပါတယ်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။