ကိုငွေပေါ
အူဝဲ ကတည်းက ယခုအသက် ၄၀ ကျော် အထိ နေထိုင် ကြီးပြင်းလာ သည့် ဆင်ခြေဖုံး ရပ်ကွက်
ကလေး၏ အမည် နာမမှာ ဇောတိကဟု ခေါ်ပါသည်။
ဇောတိက အမည်ကို မည်သူ စတင် မှည့်ခေါ် ခဲ့မှန်း မသိရ
သော်လည်း “ငွေပေါ”အမည်ကိုမူ သားမွေး မွေးချင်း မုဆိုးဖို ဖြစ်ရှာသူ ဖခင်ကြီးမှ
တစ်ပါး အခြား မဖြစ်နိုင် ကြောင်း ကိုငွေပေါ အတိအကျ တွက်ဆ သိနိုင် ခဲ့သည်။
ဇောတိကနှင့် လိုက်ဖက်အောင် “မောင်ငွေပေါ”ဟု ဖခင်က အတိတ်ကောင်း နမိတ် ကောင်းယူ
မှည့်ခဲ့ဟန် ရှိသည်။ သို့သော် အခုထိ ငွေကို ထားစရာ မရှိအောင်
အိပ်မက်ထဲ မှာပင် ကိုငွေပေါ မကိုင်ဖူး သေးသလို ဇောတိက အမည်ရှိ ရပ်ကွက် အဟောင်း
စားကြီးမှာ လည်း ခုတိုင် ဖွံ့ဖြိုးဆဲ ရပ်ကွက် အဆင့်ကို ရောက် ရန် ယက်ကန် ယက်ကန်ပင်
မမြင် ရသေးချေ။ အနည်းငယ် ချောင်လည် သွားသူများ သည် ဇောတိက ရပ်ကွက် ကို ခြေစုံကန်
စွန့်ခွာ ပြေးတတ်ကြပြီး အခြေအနေမဲ့ မျှော်လင့် ချက်မဲ့ သူ လူတန်း စား စီးပွားကျပ်
များသာ တစ်စတစ်စနှင့် တိုးပွားစည်ပင် လာသည်မှာ ဇောတိက ရပ်ကွက်၏ ထူးခြား ချက်ပင်
ဖြစ်သည်။ ဤလို ကျိန်စာသင့် ရပ်ကွက်မျိုးတွင် တစ်ဖ၀ါး မခွာ သစ္စာရှိရှိ သံယောဇဉ်
ကြီးကြီး နေထိုင်လာသူ ကိုငွေပေါသည် မည်သူ စွန့်ခွာ စွန့်ခွာ (ရပ်ကွက်မပျက် သရွေ့)
မိဘများ ခေါင်းချ ရာမှ အခြား တစ်နေရာဆီ ပြောင်းရွှေ့ရန် ဘယ်သော အခါမျှ စိတ်မကူး
ခဲ့ဘဲ ရာသက်ပန် နေထိုင် သွားရန် ဆုံးဖြတ်ထားလေသည်။
ဇောတိက ရပ်ကွက်နေ အိမ်ထောင်စု အသီးသီး၏ မိသားစု
ဝင်တို့ အလုပ် အကိုင်မှာ ယေဘုယျ အားဖြင့် “ရော့ ပတ္တမြား၊ ရော့ နဂါး”ဖြစ် သည်။
လက်တွေ့ ကျသည်။ လက်ငင်း ယုံသည်။ တစ်နည်း ဆိုရလျှင် အကြမ်းထည် ဆန်သည်။ ကာယ အားကိုး
သည်။ ထို့ကြောင့် မိမိခွန်အား ဗလကို အခကြေး ငွေပေး ကမ်းငှား ရမ်းသူတို့ထံ အသုံး ချ၍
အပြန်တွင် ဆန်ထုပ် လက်က ဆွဲကာ ရပ်ကွက်အ တွင်း အလျှိုလျှို အိပ်တန်းပြန် ကြသူတွေ
ချည်းသာ။ သူများ လက်အောက်၊ သူများလက် ညှိုးထိုးခံ အဖြစ် ၀ါသနာမပါ သူ တချို့လည်း
ရှိသည်။ သူတို့က ကိုယ်ပိုင် လုပ်ငန်း ထူ ထောင်၍ လုပ်ငန်းရှင် အမည် ခံယူကာ
လက်ငင်းငွေ ပေါ် သော “ဖရဲသီးချိန် ဖရဲ၊ မြေပဲ ချိန် မြေပဲ”စသည့် မုန့်ပဲ သရေစာ
လေးများ၊ “မုန့်စိမ်း ပေါင်း၊ မုန့် လက်ဆောင်း၊ သာကူ၊ ပဲကတ္တီပါပြုတ်” စ သည့်
မျိုးစုံ အမယ်စုံ အဆာပြေ စားသောက်ဖွယ် တို့ကို ဦးထိပ်မှာ ရွက်၍ လမ်းလျှောက် အော်ဟစ်
ရောင်းချ ကြသည်။ ယောက်ျား လုပ်ငန်းရှင် တို့ကမူ တွန်းလှည်း၊ စက်ဘီး၊ ထမ်း
ဆိုင်းတို့ကို အသုံးပြုကာ ရပ် ကွက်တကာ လှည့်လည် တတ် ကြသည်။
“ပညာ မတတ်၍ ဆင်း ရဲသည်လား။ ဆင်းရဲ၍ ပညာ မတတ်သည်
လား”မေးခွန်း မေးကြည့်လျှင် ဇောတိက သားတို့ ခေါင်းယမ်း ကြလိမ့် မည်ဟု ကိုငွေပေါ
ထင်သည်။ ဘယ်လို ဖြေရမှန်း မသိ၍ ခေါင်းယမ်းခြင်း ဖြစ်ပေ လိမ့်မည်။ မသိသည် ကိုက ပညာ
မတတ်ကြောင်း ထင်ရှား သည်။ မှန်ပါသည်။ ဇောတိက ရပ်ကွက်နေ သူတိုင်း ခေတ် အဆက်ဆက်
အခြေခံ ပညာ အလယ်တန်း အဆင့် ထိပ်ဆုံး ရောက်သည် ထိ ဘယ် သူမျှ ကျောင်းမနေ ဖူးကြပါ။
ကိုငွေပေါ ကိုယ်တိုင် လက်တွေ့ဝင်ငွေကို ယုံကြည်သော အများ မိဘများ နည်းတူ ဖခင် ကြီးက
ကျောင်းထုတ်၊ ပြင်ပ အလုပ်လုပ် စေသဖြင့် ၆ တန်း ဖြင့် ပညာရေးကို ၀မ်းနည်းငို ကြွေး၍
လမ်းခွဲခဲ့ ရသည်။ မိမိ သဘောဆန္ဒ မပါဘဲ မလွန် ဆန်ဝံ့၍သာ ကျောင်း ထွက်ခဲ့ရ သော
ကိုငွေပေါသည် ထိုစဉ် က အများကလေး တို့ကျောင်းသွား သည်ကို မြင်တိုင်း လက်ကလေး
နောက်ပစ်၍ မျက်စိ တစ်ဆုံး ငေးမော ကျန်ရစ်ခဲ့ သည့်အဖြစ်ကို ယခုတိုင် မြင်ယောင်တိုင်း
ကြေကွဲ နေရ ဆဲဖြစ်သည်။
သို့ဖြစ်စေကာမူ အခြေခံ ပညာ ဆဋ္ဌမတန်း အရည်အချင်း
မျှဖြင့် ကျောင်းက နုတ်၍ လုပ်ငန်းခွင် တစ်ခုကို ၀င်ရောက် လုပ်ကိုင် စေခဲ့သူ ဖခင်ကို
ကိုငွေပေါ အလွန်ကျေးဇူး တင်ပါသည်။ အကြောင်းမူ ကျောင်းက ထွက်၍ နှစ်နှစ် နီးပါး
အကြာတွင် ဖခင်ကြီး ရုတ်တရက် ဆုံးပါး သွားခဲ့ သည်။ သူ့ကိုယ်သူ သေမည်မှန်း
ကြိုသိနေသည့် အလား တစ်ဦးတည်းသော သားကို ဘ၀ ၀မ်းကျောင်း တက်စေရန် စီမံပေး သွားခဲ့သော
ဖခင်ကို ငြူစူခဲ့ မိသော နောင်တတို့ဖြင့် ညစဉ် ကန်တော့ တောင်းပန်ခဲ့ သည်။ နှစ်စဉ်
ကုသိုလ် ကောင်းမှုပြု၍ အမျှအတန်း ပေးဝေခဲ့သည်။
ဖခင် မျက်ကွယ် ပြုပြီး နောက် ဆွေမဲ့မျိုးမဲ့
တစ်ကောင် ကြွက်ဘ၀နှင့် ပင်ပန်း ဆင်းရဲ စွာ ရုန်းကန် ခဲ့ရသည်။ လူဆို သည်မှာ အသက်ရှင်
နေနိုင် သမျှ နေလိုသော သတ္တ၀ါ ပီပီ အရိုက်အပုတ် ပြင်းထန်သော ဘ၀ လှိုင်းကြမ်းတွင်
စုံးစုံး မြုပ်မသွား အောင် သူ့ကိုယ်သူ ထိန်းရင်း အရက် သေစာ၊ လောင်းကစား၊ ဣတ္ထိယ
အပျော်အပါး စသည့် လောကီ ရေးရာ မကောင်းမှု မှန်သမျှကို မမြည်းစမ်း ကြည့်မိ စေရန်
ရှောင်ရှား၍ မဟုတ်သောနည်း လမ်းဖြင့် အသက် မွေးဝမ်း ကျောင်း မပြုမိ စေရန် အထူး သတိ
ပြုခဲ့သည်။ ကျောင်း ပညာ ငတ်မွတ်မှု နေရာ၌ ပြင်ပ စာပေကို လက်လှမ်းမီ သလောက် ရှာကြံစား
သောက်၍ ဦးနှောက်ကို အစာ ကျွေးခဲ့သည့် အကျိုး ကျေးဇူး ကြောင့်ပင် သမုဒ္ဒရာ ၀မ်းတစ်
ထွာထဲသို့ “ငါ့ဝမ်းပူဆာ မနေ သာ၊ ငတ်မရှက်” တို့စကား လုံးများဖြင့် ဆင်ခြေဖုံး၍
ငရဲမီး မလောင်ရဲ ခဲ့ခြင်းဖြစ် လိမ့်မည်။
အချိန်တန် အရွယ် ရောက် လူပျိုလား မြောက်ပြီး မလွန့်
တလွန်တွင် ကိုငွေပေါ နှင့် ခေါင်းရွက် ဗျပ်ထိုးပန်း သည် မကြင် ဖူးစာ ဖက်ဆုံ ပြီး
အကြင် လင်မယား ဖြစ် သွားကြသည်။ ဘ၀တူ မိမစုံ၊ ဖမစုံ တစ်ကောင်ကြွက်ချင်း ပေါင်း
ဖက်ကြ၍ သမီးနှစ်ဦး ကို အကောင်အထည် လက်ထက်ပွား ရှေ့ဆင့် နောက်ဆင့် ပြနိုင်ပြီးနောက်
မိဘ နေရာ သူတို့နှစ်ဦး ရောက်လာလေသည်။
“မကြင်ရေ ငါ့အဘိုးက စာမတတ် ဘူးတဲ့။ ငါ့အဖေက
ဘုန်းကြီးကျောင်း စာကို သင်ပုန်းကြီး ကုန်အထိ သင်ခဲ့ရ တယ်တဲ့။ ငါ့အလှည့် ကျတော့
တန်း ကျောင်း မကုန် လိုက်ရဘူး။ ငါ့သမီး နှစ်ယောက် ကိုတော့ တန်းကုန် ဘွဲ့ရ အထိ
ထားမယ်ကွာ။ ဟောဒီ ဇောတိက ရပ်ကွက်ရဲ့ပထမဆုံးသော ပညာတတ် သမီး တွေရဲ့ မိဘတို့ ဖြစ်စေရ
မယ်ကွာ။ တို့မိဘ တွေ ခုကတည်းက သူတို့လေး တွေအတွက် အဘက်ဘက် က ပြင်ဆင်
ကြစို့ရဲ့”
အားတိုင်း ဘုတ်အုပ် ကြီး တကားကားနှင့် အိမ် သာထဲ
မရှောင်၊ ဒွာရပေါက် က မစင်ခြောက် သည်ထိ ထိုင်တတ်သော လင်ဘုရား“စာတို ကိုပေါ” စကား
မဆုံးခင် မှာပင် မကြင်က ထုံးစံအတိုင်း“တော့် သဘော”ပြောပြီး
ဖြစ်လေသည်။
ကိုငွေပေါ သမာ အာဇီဝ အလုပ် မှန်သမျှ လောဘတ ကြီး
လုပ်သည်။ သစ်ခုတ်၊ အုန်းပြင်၊ မီးသွေးသယ်၊ မြေ တူး၊ မြက်ရှင်း၊ သံကြွပ်ထု စသည်
ဆက်မိ သည့်အလုပ် မှန်သမျှ မိုးရွာရွာ၊ နေပူပူ၊ နှင်းဖုံးဖုံး နေရာမရွေး၊ အချိန်
မရွေး တရစပ်လုပ်သည်။ နေ့ စားအလုပ်ထက် လုပ်နိုင်သ လောက် လုပ်အား တန်ဖိုးရ သော
ပုတ်ပြတ် အလုပ်ကို ပိုအားသန်သည်။ ထိုအလုပ်မျိုး လက်ခံ ရရှိလျှင် အခြားသူ ၅ ရက်၊ ၆
ရက် လုပ်ရသော လုပ်ကွက်ကို သူက ၂ ရက် တည်းနှင့် ပြီးချင် ပြီးတတ် သည်။ အလုပ်ကို
အစောကြီး သွား၊ စားသခိုက် အချိန်သာ နားပြီး ညဘက် အချိန်မှ အိမ် ပြန်ရောက် တတ်မြဲ
ဖြစ်သည်။ အစားအချိန် မမှန်၊ အအိပ် အချိန် မမှန်၊ အလုပ်အချိန် မမှန် သော်လည်း
ငွေအချိန် မှန် စုဖြစ်ဆောင်းဖြစ် နေသည် မို့ ကိုငွေပေါ
ကျေနပ်သည်။
“ငွေပေါ အလုပ်တွေ လုပ်လှ ချည်လား။ နာမည်နဲ့
လိုက်အောင် ငွေကို သဲကြီးမဲ ကြီး ရှာနေတာ ပေါ့လေ။ ဒီ ဇောတိက ရပ်ကွက်က ငွေ
များများကိုင် နိုင်တဲ့ သူဆို နှင် ထုတ်တတ် တယ်နော်”
ငယ်စဉ် ကတည်းက အတူတူ လည်ပင်းဖက်ပေါင်း လာသည့်
သူငယ်ချင်း ကံချွန်က ကိုငွေပေါကို လှမ်းနောက် သည်။
“ငွေပေါ နာမည်နဲ့ သူဌေးလုပ် ချင်လို့ မဟုတ်ဘူး ကွ။
သမီး အကြီးမက ကိုး တန်းရောက်နေပြီ။ ဘွဲ့ရတဲ့ အထိ ထားဖို့ ကျောင်းစရိတ် စုနေတာ။
အငယ်မက ခုနစ် တန်းဆိုတော့ နှစ်ယောက်စာ ကြိုရှာ နေတာ”
ကိုငွေပေါက ဂုဏ်ယူသံ ဖြင့်
ကြွားလိုက်သည်။
ထိုသို့ သူငယ်ချင်း နှစ်ယောက် အပြန်အလှန် ပြောပြီး
ရက်များ မကြာမီ ကိုငွေပေါ ဆေးရုံတက် လိုက်ရသည်။ အလုပ်လုပ် နေရင်းမှ မူးလဲ သတိလစ်ကာ
ဆေးရုံပေါ် ရောက်လာခြင်း ဖြစ်သည်။
ဆရာဝန်က ကိုငွေပေါ ၏ ပိန်လှီသော ကိုယ်ခန္ဓာကို မသင်္ကာ
ဖြစ်ပြီး ဆီး၊ ၀မ်း၊ သွေး၊ သလိပ်စစ်ကြည့်သည်။ ရောဂါ ရှာမတွေ့။ ဓာတ်မှန် ဖြင့်
စစ်ကြည့်ပြီး အစာအိမ် အနည်းငယ် ရောင်နေသည်ဟု ဆိုသည်။ အသားထိုးဆေး၊ အကြောထိုး ဆေး၊
စားဆေး စသည်ဖြင့် လိုအပ်သော ဆေး ၀ါးများကို ရေးပေးကာ လူနာရှင် ဇနီးသည်အား ဆေးဆိုင်
နာမည်ပြော၍ ၀ယ်ခိုင်းသည်။
ဇနီးသည် ၀ယ်ပြန်လာ ၏။ ရေးပေး လိုက်သော ဆေး များ
မှန်မမှန် မေးရာ ဆရာဝန် က စစ်ကြည့်ပြီး ဟုတ်မှန် ကြောင်း ပြော၏။ သတိရနေ ပြီးဖြစ်သော
လူနာ ကိုငွေပေါ ကို ဆေးဝါး ကုသမှု ပြုလုပ် နေရင်း လူနာခေါင်းရင်း ဆေးဗီရို အသေးစား
လေးပေါ်မှ ဆေးဝယ် ဘောင်ချာ စာရွက် ကို မြင်သွားသည်။
ဆရာဝန် မျက်နှာ တစ်မျိုး ပြောင်းသွားပြီး ဇနီးသည်
မကြင်ကို ပညာတတ် မပီသစွာ ငေါက်ငမ်း နေသည်ကို ကိုငွေပေါ နားမဆံ့အောင် ကြားလိုက်
ရသည်။ ဆရာဝန် ထွက်ခွာ သွားတော့ ကိုငွေပေါ က ဆရာဝန် ဘက်မှ လိုက် ကာ ဇနီး မကြင်ကို
ကူငေါက် လေသည်။ မကြင် မျက်နှာ ငိုမလို ဖြစ်သွားသည်။
“သူ ပြောတဲ့ ဆေးဆိုင် နာမည်က ပြောလိုက်တာ အင်္ဂလိပ်
နာမည်ပဲ ဆိုတော့ ကျုပ်က အင်္ဂလိပ် လိုမှ မတတ် တာ။ လမ်းမှာ တွေ့တဲ့ လူတစ်ယောက် ကို
အင်္ဂလိပ်လို နာမည်နဲ့ ဆေးဆိုင် ဆိုပြီး မေး ကြည့်တော့ သူ့လက်ညှိုးထိုး ပြတဲ့ဆိုင်ဝင်
ဝယ်ခဲ့တာ ပဲတော်။ ဆေးဆိုင် နာမည်လေး မှားဝယ်မိတာ။ ဆေးမှားဝယ် တာမဟုတ် ဘဲနဲ့။
ဒီဆရာဝန် ကလည်း ဟိန်းလိုက်ဟောက် လိုက်တာ တကတဲ”
“အဲဒီဆရာဝန်က အဲဒီ ဆေးဆိုင်နဲ့ ချိတ်ထားတာလေ။
သူချိတ်တဲ့ ဆိုင်က မ၀ယ်တော့ သူ့ကိုတာ (Quota) လျော့ပြီး နှာကစ် ငေါက်သွား
တာပေါ့”
အနီးခုတင်မှ ပညာ တတ်ဖြစ်ဟန် ရှိသော ပညာတတ် လူနာက
ပြောပြီး နှာ ခေါင်းရှုံ့ ခေါင်းယမ်း နေတော့ သည်။
ဆေးရုံပေါ်မှာ ထိုနေ့ တစ်နေ့လုံး အစာအိမ် နာကျင် မှုက
အသည်းဆီ ကူးပြောင်း သွားသလို ကိုငွေပေါ ခံစား လိုက်ရသည်။
သမီးနှစ်ယောက် အပေါ် မျှော်မှန်းသော ဘွဲ့ရ ဖြစ်ရေး
သည်လည်း တိကျ ပြတ်သား သွားသည်။ ကိုငွေပေါ၏ သမီးနှစ်ယောက် ရသော ဘွဲ့သည် ဆေးပညာ
ဘွဲ့သာ ဖြစ်စေ ရမည်။ စေတနာ ဆရာဝန် အစစ်အမှန် ဖြစ်စေရမည်။
ဖတ်ဖူး ကြားဖူး သမျှ ဆေးကျောင်းတက်ဖို့ ၁၀ တန်း
အမှတ်မြင့် ရသည်။ သည်အချက်ကို ကိုငွေပေါ မမှု။ သမီးနှစ်ယောက်၏ ဉာဏ်ရည်နှင့်
ကြိုးစားအား ထုတ်မှုကို ယုံသည်။ သမီးနှစ် ယောက်လုံး ပြင်ပကျူရှင် မယူဘဲနှင့် နှစ်စဉ်
နှစ်တိုင်း ပညာရည်ချွန် ဆုပေးပွဲတွင် ပထမ၊ ဒုတိယ အမြဲတက်ယူ နေကျ ဖြစ်သည်။ တတိယ
ဆုပင် မရဖူး သေးကြောင်း၊ အိမ်မှာ ချိတ်ထားသော ဓာတ် ပုံ သက်သေခံ ရှိသည်။ အမြင့်
ဆုံးဘွဲ့မို့ အမြင့်ဆုံးငွေ အမြင့် ဆုံးအချိန် ပေးဆပ်ရမည်ကို ကိုငွေပေါ သဘောပေါက်
ထားသည်။ နောက်တစ်နှစ် သမီးကြီး ၁၀ တန်းရောက် လျှင် ပညာ ၀န်ဆောင်မှု ကောင်းသော
ဘော်ဒါဆောင် ကိုထားရန် ကိုငွေပေါ ဆုံး ဖြတ်ချက် ခိုင်ခိုင်မာမာ ချ မှတ်လိုက်၏။
ငွေရှာဖို့ရာ သူ့ တာဝန်၊ ဆရာဝန် ဖြစ်ရေးသည် သမီးတို့ တာဝန်။
ရည်မှန်းချက် အတိုင်း ကိုငွေပေါ သမီးကြီးကို
ဘော်ဒါဆောင် တစ်ခုတွင် ငွေသိန်း တန်အုပ်များ လမ်းခင်း၍ တတ် စေသည်။ ရှစ်တန်း သမီးငယ်
အလှည့်က နောက်နှစ်ကျော် မှ။
ဇောတိက ရပ်ကွက် တွင် ကိုငွေပေါတို့ သတင်း တောမီးအလား
ချက်ချင်းပျံ့ နှံ့သွားလေ၏။ တချို့က ကိုငွေပေါကို ရူးနေပြီ ဆိုသူဆို၊ ဖင်မနိုင်ဘဲ
ပဲကြီး ဟင်းစား သည် ပြောသူပြော၊ ကဲ့ရဲ့ သင်္ဂြိုဟ် ပြုကြသည်။ တချို့ က အာဂမိဘပဲ ဟု
အံ့သြချီး ကျူးဆိုသည်။
မည်သို့ဆိုစေ ကိုငွေပေါ ဂရု မစိုက်။ ဇနီးသည်နှင့်
သမီးငယ် ကိုလည်း မည်သူ စောင်းမြောင်း ငြူစူ ကဲ့ရဲ့ ပါစေ၊ မည်ဝါ ချီးမွမ်း
မြှောက်ပင့် ပါ စေ မတုံ့ပြန်ဖို့၊ အလိုက် အထိုက် ပုံမှန် နေဖို့၊ နားချပြော
ဆိုရသည်။ သူတို့လည်း မိန်း မတွေမို့ မိန်းမ စိတ်ကလေး တော့ ရှိမည်သာ။ ကိုငွေပေါ
ကြောင့်သာလျှင် အောင့် အည်း သည်းခံ နေရမှန်း ကိုငွေ ပေါ သဘော ပေါက်သည်။ သူတို့ထက်
ပညာအရည် အချင်း သာလွန်လာ ကတည်းက အမြဲ ပုတ်ခတ်လာ ခဲ့သော ကိုယ့် ထက်သာ မနာလို
စိတ်ကြီး သူတို့ ယခုလို အခါမျိုးတွင် ပိုဆိုး လာမည်မှန်း ကြိုတင် သိရှိထား
သော်ကြောင့်လည်း ရန်ကို ရှောင်ကွင်း နိုင်ခြင်းဖြစ် သည်။ ဘယ်အကြောင်း နှင့်မှ
သမီးတို့ ပညာလမ်း ကြောင်း ကိုငွေပေါ အသွေ ဖည်မခံနိုင်။
ကိုငွေပေါ အလုပ်ကို ယခင်က ထက် ပို၍လုပ် သည်။
ဇနီးနှင့် သမီးငယ်က သူ့ကျန်းမာရေး ထိခိုက်မှာစိုး ၍ တဖွဖွ သတိပေး နေသည့် ကြားက
ရွှေထွက်သည်ဟု ရေပန်းစား နေသော ရွှေမှော် ရှိရာသို့ အဆက်အသွယ် ရပြီး စွန့်စွန့်စားစား
တက်သွားသည်။
၆ လကျော်အကြာ၌ ကို ငွေပေါ စစ်ကျောပိုး အိတ်တစ်
လုံးလွယ်လျက် ခွေယိုင်သော ခြေလှမ်းများဖြင့် ဇောတိက ရပ်ကွက်တွင်းဝင်လာသည်။ နဂိုဖြူ
သော အသားအရေက ပြောင်းပြီး နီဖျော့ဖျော့၊ မျက် လုံးပြူးကြောင်ကြောင်၊ စစ်
ဘောင်းဘီအနားဖွာဖွာနှင့် စုတ်တီးစုတ်ပြတ် ဖြစ်နေသော ကို ငွေပေါကို စမြင်သူ များ
ရုတ် တရက်မမှတ်မိကြ။ “အိမ်တွဲ ပို့ပေးပါ”ဆိုမှ မနည်း ရုပ်ဖမ်း ကြည့်မိပြီး
ကိုငွေပေါမှန်း သိ လိုက်ကြရသည် ဆို၏။ အိမ် ရောက်တော့ ဇနီးသည်နှင့် သမီးအငယ်မ
တို့ပင် ကိုငွေပေါ ကို အတန်ကြာ ကြောင်ငေး ကြည့်နေကြသည်။ လိုက်ပို့ သူပြောမှ
ခင်ပွန်းမှန်း၊ ဖခင် မှန်းသိပြီး ဖက်၍ ကြူကြူပါ အောင် ငိုကြတော့သည်။
“ဒီဟန်းကော ချိုင့်လေး က ငါ ဟိုမှာ ရွှေရှာရင်းနဲ့
ချက်ပြုတ် စားခဲ့တဲ့ အသက် ဆက်ချိုင့်လေး၊ သူ ရှိနေလို့ ငါ ထမင်း စားရတာ။ မကြင်
ငါ့ထင်းရှူး သေတ္တာထဲ စာအုပ်တွေ နဲ့အတူ အမှတ်တရ ထားလိုက်”
ကိုငွေပေါ အိမ်ထဲတွင် လိုက်ပို့သူ နှင့်အတူ စပ်စု
သတင်းဖြန့် ၀ါသနာရှင် အများအပြား စုရုံး ရောက်ရှိ နေကြသည်။
“ကျုပ် ဒီမှာပဲ လုပ်ကိုင် စားရ အဟုတ်သားဗျာ။
အထင်ကြီး တက်သွား မိလို့ ဒုက္ခရောက် ချက်ကတော့ စု မိဆောင်းမိ တာလေး ညီအစ် ကိုလို
ယုံကြည်ရ သူလို့ ထင်ပြီး အပ်ထားမိ ပြန်တော့ အဲဒီလူက ပေါ်မလာဇာတ် ကား ရိုက်သွားတယ်။
ငှက် ဖျားမိလို့ ဆေးရုံ ဆင်းကုရ တာကို တစ်လ ကျော်ကြာ တယ်။ တော်ပါပြီဗျာ။ နောက်ကို
ရွှေတော ဆိုရင် အသံတောင် မကြားချင်တော့ ပါဘူး”
ရောက်ရှိ လာသော ရပ်ကွက် သတင်းထောက်များ အား ဘာမှ
မမေးမြန်း ရသေးခင် ကိုငွေပေါက လိုရင်းတိုရှင်း ပြောပြီး အိပ်ရာပေါ်လှဲ ကာ မျက်စိကို
မှိတ်ထားလိုက် သည်။ သူတို့ပြန် သွားမှ ကို ငွေပေါ မျက်လုံး ဖွင့်ကြည့် သည်။
အနားတွင် ဇနီးနှင့် သမီးက စိုးရိမ် အားငယ်စွာ ဖြင့် စိုက်ကြည့် နေသည်ကို တွေ့ရသည်။
ကိုငွေပေါက သမီးငယ်ကို အနားတိုး ခဲ့ရန် လက်ယပ်ခေါ်သည်။
သမီးငယ်က ကိုငွေပေါ ၏ ပြူးကြောင်ကြောင်မျက်
လုံးများကို ခဏ စိုက်ကြည့် ရင်း မရဲတရဲ တိုး၏။ ကိုငွေ ပေါက သမီး လက်ကိုဆုပ် ၍
ရင်ဘတ် ကပ်ရင်း အိမ် အမိုးဆီ မမှိတ် မသုန် ကြည့် သည်။
“မကြင် ငါ ဟိုသွားနေတဲ့ အချိန် နောက်ပိုင်းက နင်တို့
ဒုက္ခ ရောက်နေမယ် ဆိုတာ နင့် နားက နားကပ် မရှိတော့တာ က သက်သေခံ နေပါတယ် ဟာ။ ငါ အဲလို
နားကပ်မျိုး ၁၀၀ မက ပြန်လုပ် ပေးနိုင် ပါတယ်။ သမီးတွေ ကိုလည်း အားပေးစမ်းပါ။
သမီးတို့ အဖေ့ ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ ၁၀ တန်းကို ထူးထူး ချွန်ချွန် အောင်အောင်
ရည်မှန်း ချက်ထားကြ။ ဆရာဝန် ဖြစ်အောင် လုပ်ကြ။ ပညာသင် ရေးစရိတ် အတွက် အားမငယ် နဲ့။
စိတ်မပူနဲ့လို့။ ဟား... ဟား... ငွေပေါ ရွှေသူဌေးပါ ကွ။ သမီးတွေကို နိုင်ငံခြား အထိ
ကျောင်း ထားပေး နိုင်တဲ့ ကောင်ပါကွ။ ဇောတိကရပ် ကွက်ရဲ့ ဇောတိက သူဌေး ငွေပေါ။
ဆရာဝန်မ ကြီးတွေ ရဲ့ အဖေ ငွေပေါ...”
အရပ်အနား မရှိ တရစပ် ပြောနေသော ကိုငွေပေါကို
ကြည့်ရင်း ဇနီးသည်နှင့် သမီး မျက်ရည် စက်လက် ခေါင်း ယမ်းပြီး သက်ပြင်း အကြိမ်
ကြိမ်ရှိုက် ကြလေသည်။
ညက တစ်ညလုံး ကို ငွေပေါ အိပ်မက်တွေ မက် သည်။ အိပ်မက်
အားလုံး သူ ပြန်မှတ်မိနေ၏။ ယခင်မနက် တိုင်း အိပ်ရာနိုး ဖြစ်နေကျ မလှုပ် မရှားချင်
အောင် ကိုယ် လက်ကိုက်ခဲ၍ ရင်အောင့် ခေါင်းခဲ ဝေဒနာက ယနေ့ မနက်၌ ဘယ်လွင့်စဉ်သွား
သည်မသိ။ သူ့စိတ်သည် အထူး ရွှင်မြူးနေ၏။ သူ့ဦး ခေါင်းသည် အမှန်ပင် ပေါ့ပါး
ကြည်လင်နေ၏။ အိပ် မက်ကောင်း မက်၍ထင့်။
အိပ်မက်က သမီးကြီး နှင့် သမီးငယ် နှစ်ယောက် နား
ကြပ်ကိုင်လျက်၊ ဂျူတီ ကုတ် အဖြူဝတ်လျက် ဆရာဝန်မ ကြီးတွေ ဖြစ်နေကြသည်။ သူတို့
နှစ်ဦးနောက် တွင် သူနာ ပြုများ ခြံရံလိုက် ပါလာကြ ပြီး ပြုံးချို မျက်နှာထား
ကိုယ်စီဖြင့် နွမ်းပါး လူနာတို့အား တရင်းတနှီး ပြောဆိုကာ မမောနိုင် မပန်းနိုင်
ဆေးဝါး ကုသ ပေးနေကြသည်ကို ကို ငွေပေါတို့ လင်မယားနှင့် ဇောတိက ရပ်ကွက်က လူများ
လက်ခုပ်တီး အားပေးနေကြ သည်ဟု မြင်မက်သည်။
နောက်အိပ်မက် တစ်ခု က ကိုငွေပေါက သူဌေးကြီး ဦးငွေပေါ
ဖြစ်နေကာ ဇောတိ က ရပ်ကွက်ရှိ ကလေးသူ ငယ်များကို စုရုံး ခေါ်လာပြီး သူ လှူဒါန်း
ဆောက်လုပ် ထားသော စာသင်ကျောင်း ထဲ သွင်းသည်။ လူငယ်လူ ရွယ်များကို သူ မတည်ထား သော
စာကြည့် တိုက်ထဲ ၀င်စေသည်။ သက်ကြီး ရွယ်အို များကိုမူ ဓမ္မာရုံ သစ်ကြီးထဲ သွားကြရန်
လမ်းညွှန်ပြသ ပေးနေသည်ဟု မက်သည်။
နောက်ဆုံးမက်သော အိပ်မက်ကမူ အံ့သြစရာ ကောင်း၍
ရယ်စရာလည်း ကောင်းသည်။ အံ့သြစရာက သူငယ်ချင်း ကံချွန်နှင့်သူ အပြင်မှာ နှစ်ယောက်
တည်း စကားလက်ဆုံ ကျလျှင် ရယ်စရာ ပေါက်ကရ စကားများ ပြောဆိုရယ်မော ကြသည့် အတိုင်း
အိပ်မက်ထဲတွင် ပြောကြ ရယ်ကြ၏။ သို့သော် အိပ်မက်ထဲက ရယ်စရာ စကားများမှာ အသစ်အဆန်း
တွေ ဖြစ်နေသည်။ အပြင်မှာ သူတို့နှစ် ယောက် ပြောဖူး ရယ်ဖူးသော အကြောင်း အရာများ
မဟုတ်သည်မှာ ဆန်းနေ သည်။ အိပ်မက်ထဲက ကံချွန်နှင့် သူ ပြောသော အကြောင်း အရာ တစ်ခုကို
ဆွဲထုတ်၍ ဘေးလူကို ပြောပြလျှင် ကံချွန် ကပင် ယုံနိုင်မည် မထင်။
“ဟေ့ကောင် ကံချွန်၊ မင်းမိန်းမ နဲ့မင်း ရန်ဖြစ်
နပန်း လုံးကြတော့ မင်းက အထက် က ရင်ဘတ်ခွ စီးပြီး မင်းမိန်း မကို လက်သီး တွေနဲ့
တရစပ် ထိုးတယ်ဆို”
“ဟေ့ ငွေပေါ...ငါ့လှေ ငါထိုး ပဲခူး ရောက်ရောက်
ကွ”
“ပြီးတော့...ခွစီးရင်း ဆံပင်ဆွဲ ကြမ်းပြင်နဲ့
တဒိုင်း ဒိုင်းဆောင့် တယ်တဲ့”
“ငါ့မြင်း ငါစိုင်း စစ် ကိုင်းရောက်ရောက်ကွ၊ ငွေ ပေါ
မင်းနဲ့ ဘာဆိုင်လဲ”
“မဆိုင် ပေမဲ့ မင်းနဲ့ငါက သူငယ်ချင်း၊ မင်းမိန်းမ
နာမည်နဲ့ ငါ့မိန်းမ နာမည်က လည်း တိုက်တိုက်ဆိုင်ဆိုင် “မကြင်”ဆိုပြီး လာတူ
နေတယ်လေ”
“အေး အဲဒီ ကိစ္စလည်း ရှင်းရဦးမယ်။ မင်းနဲ့ငါ မင်း
အိမ်ငါ့အိမ် စကား ပြောကြလို့ “မကြင်”ဆိုတာ ပါရင် မင်း မိန်းမက ငါ့လှည့်ကြည့်၊
ငါ့မိန်းမက မင်းကို ယောင် ထူးလိုထူးနဲ့ ရှုပ်တယ်။ မင်းမိန်းမ ဖြစ်ဖြစ်၊ ငါ့မိန်းမ
ဖြစ်ဖြစ် တစ်ယောက် ယောက် နာမည်ပြောင်းမှ ဖြစ်မယ်”
“ဒါများ ကံချွန်ရာ ပြောင်းစရာ မလိုပါ ဘူးကွ၊
မင်းမိန်းမ မကြင်က ငါ့မိန်းမ မကြင်ထက် အသက်ကြီး တယ်။ ဒီတော့ မကြင်အကြီး ကို
“ကြင်ကြီး”လို့၊ ငါ့မိန်းမ မကြင်အငယ်ကို “ကြင်ငယ်” လို့
ခေါ်မယ်ကွာ”
“ထွီ...ငွေပေါရာ မင်း ဟာက “ကြင်ကြီး” “ကြင်
ငယ်”ရယ်လို့”
ရှုံ့ရှုံ့မဲ့မဲ့ ပြောရင်း တံ ထွေး တထွီထွီလုပ်နေသော
ကံချွန်ကို ကြည့်ကာ သူတ ဟားဟား ရယ်တော့သည်။
“အယ် အဖေရယ်။ ဒီမနက် ထူးထူး ဆန်းဆန်း ပြုံးလို့ရယ်
လို့တော်”
သူ ဆတ်ခနဲ လန့်သွား ပြီး အိပ်မက် ပုံရိပ်တို့ ကိုယ်
ဖျောက်ပျောက် ကွယ်သွား သည်။ ကျောင်းဝတ်စုံနှင့် သမီးငယ်က မျက်နှာသစ် ခွက်ကိုင်ကာ
သူ့အနား လာ ထိုင်သည်။
သူ အိပ်ရာမှ ပေါ့ပါး စွာ ငုတ်တုတ် ထထိုင်သည်။
သမီးငယ်က သူ့ကို မျက်လုံး ၀ိုင်းလေးနှင့် တအံ့တသြ ကြည့်သည်။ အကူ မပါဘဲ ထနိုင်သော
သူ့ကိုယ် သူပင် အံ့သြချင်သည်။
မျက်နှာသစ် အပြီး သမီး ငယ် ဇွန်းနှင့်ခွံ့တိုက်သော
ဆန်ပြုတ်၊ နှစ်ပန်းကန် ကုန် အောင်သူသောက်နိုင်သည်။ အာသီသ မပြေသေး။ ပန်းသီး
ထပ်တောင်း လိုက်သည်။ ထိုပန်းသီးစိတ် လည်း တစ်စိတ်မကျန် သူ အငမ်းမရ ၀ါးစားပစ်
လိုက်သည်။ စား ပြီးမှ သူ စိတ်မကောင်း ဖြစ် သွားသည်။ သူ စားသည်ကို မျှော်ငေးကြည့်
နေရှာသော သမီးငယ်အား “စားပါဦး” တစ်ခွန်း မပြောမိသည့် သူ့ ပါးစပ် သူ ခွင့်မလွှတ်ချင်
အောင် မုန်းတီး နာကြည်းသွား သည်။ အကင်းပါးသော သမီးငယ်က ပြုံးရယ်ကာ သူ့ လက်ကို
ဆုပ်ကိုင်ဖျစ်ညှစ် သည်။
“သမီး ၀မ်းသာလိုက် တာ အဖေရယ်။ အဖေက အရမ်း
ခေါင်းမာလွန်းလို့ ဆေးခန်း သွားရအောင် ဆိုလိုက် တိုင်း သမီးတွေ ဆရာဝန်ဖြစ် မှ
ဆေးကုခံ မယ်ချည်း ပြော ပြောနေတာ။ အမေကဆို အဖေ အစား မ၀င်တော့ဘူး။ လက်လွှတ် ရတော့မယ်
ထင် ပါရဲ့တဲ့။ အိမ်နောက်ဖေး သွားထိုင်ပြီး ကျိတ်ကျိတ် ငိုနေ ရှာတာ။ ဒီနေ့တော့
သမီးကို ကျောင်းအတင်း မလွှတ်နဲ့နော်။ အမေ ဈေးရောင်းက ပြန် လာရင် ၀မ်းသာ သွားအောင်
သမီး ပြောပြချင် လွန်းလို့။ အဖေရယ်လို့ ဒီမနက်မှာ ထူး
ထူးခြားခြား”
သူ လက်ကာပြလိုက် သဖြင့် သမီးငယ် အသံ ရပ်
သွားသည်။
“အခု အဖေ ကျန်းမာ ပြီလေ။ အခု သမီးမျက်မြင် ပဲ။
မပြောဘူးလား။ အဖေ့ ရောဂါ ဝေဒနာက အာဂန္တုပါ၊ ခဏပါလို့။ ဒါ့ကြောင့် သမီး အမေကို
ဈေးအပြန် ဘာ ဓာတ်စာ ဘာမုန့်မှ မ၀ယ်ခဲ့နဲ့ ငွေပို အကုန်မခံ ပါနဲ့ဆိုတာ။ မနက်ဖြန်၊
သန်ဘက်ခါ ဒီ ထက် ကျန်းမာရင် အဖေ မြို့ ထဲသွားမယ်။ ရွှေဆိုင်မှာ သမီး အမေ အတွက်
နားကပ် အကြီးကြီး တစ်ခု၊ ပြီးတော့ သမီးတို့ ညီအစ်မ နှစ်ယောက် အတွက် ဆွဲကြိုး
တစ်ကုံးစီ၊ လက်စွပ် တစ်ကွင်းစီ လုပ်ခိုင်း မယ်။ သမီး အမေကို ပန်း မရောင်းခိုင်း
တော့ဘူး”
“တော်ပါတော့ အဖေ ရယ်။ အဖေ့ သူငယ်ချင်း လေးလေး
ကံချွန်က ဒါကြောင့် ပြောတာ။ စာတွေ နင်းကန် ဖတ်ပြီး စိတ်ကူးတွေ ယဉ်ပြီး ယဉ်ယဉ်လေး
ရူးနေ တဲ့သူဆိုလား၊ အခု အဖေက ပြန်လာခါစ ကလောက် ရွှေ စကား သူဌေး စကားတွေ
သိပ်မပြောတော့ ပါဘူးနော်လို့ သမီး လေးလေးကံချွန်ကို ပိတ်ပြော
ထားတာ”
ရယ်သံနှော၍ ပြောနေ သော သမီးငယ်ကို သူ ပြုံး ၍
ကြည့်နေ လိုက်သည်။
“ကဲ သမီးငယ် ကျောင်းတော့ သွားရမယ်။ တစ်ရက်တောင်
ကျောင်း ပျက်မခံ နိုင်မှန်း သမီးငယ် အသိနော်။ လေးလေး ကံချွန် အဖေ့ဆီ နေ့တိုင်း
လာကြည့် နေကျ။ အဖေ့အတွက် နောက် ဆံမငင်နဲ့။ သွားနော်”
ချော့မော့ လွှတ်လိုက် တော့ သမီးငယ် ကျောင်း
လွယ်အိတ်ကလေး ဆွဲလွယ် ကာ လေးကန်စွာဖြင့် ထ သွားသည်။ အိမ်တံခါးဝ အရောက်၊ နောက်လှည့်၍
ညှိုးငယ်သော မျက်နှာကို အတင်း ပြုံးကာ ထုံးစံအတိုင်း သူ့ကို လက်ပြ နှုတ်ဆက်သွား
သည်။
သမီးငယ် သွားတော့မှ သူ့စိတ်က သူငယ်ချင်း ကံချွန်ဆီ
ရောက်သွားသည်။
“ဒီကောင် ကံချွန် ငါ့ဆီ လာနေကျ မလာတာ ၃ ရက် တောင်
ရှိပြီ။ နေမကောင်း တာလား၊ အရက်နာ ကျပြီး မလာနိုင် တာလား၊ မကြင် ပန်းရောင်း
ပြန်မေးတိုင်း “ကံ ချွန် ငါ့ဆီလာ တယ်လေ။ နင်နဲ့ လမ်းမှာ မဆုံလိုက်ဘူး လား။ ခုပဲ
နှုတ်ဆက် ထပြန် သွားတာ ဘာညာ”ဆိုပြီး မကြင်ကို လိမ်ပြောရတာ ၃ ခါတောင် ရှိပြီပဲ။
ဒီနေ့ကော ငါ့ဆီ လာပါ့ မလားမသိ။ မူး လည်း လာတဲ့ ကောင်ပါ။ နေမကောင်း တာပဲ ဖြစ်မယ်။
ငါ့ကျ တကူးတက လာပြီး သူ့ကျ သတင်းလေး သွား မမေးရင် ငါ သူငယ်ချင်း ကောင်း မဟုတ်ရာ
ကျမှာပေါ့။ ဟုတ် တယ် ငါသူ့ဆီ သွားမယ်”
သူ အိပ်ရာမှ ထသည်။ ခေါင်းက ခေါင်းအုံးပေါ် ဘုန်းခနဲ
ပြန်ကျ၏။ ထပ် ထကြည့်သည်။ ပြန်ကျ ၏။ နောက်ထပ် ကြိုးစားကြည့် သည်။ အချည်းနှီး။ ပက်
လက်မှ ၀မ်းလျား မှောက်ကာ ကုန်းထ ကြည့်သည်။ မရ။ လက်က မထောက်နိုင်။ သူ ချွေးစေးများ
ပြန်လာ၏။ သူ့ကိုယ်မှ ခွန်အားများ တစ် စက်မှ မကျန်အောင် တစ်စုံ တစ်ဦးက ဆွဲစုပ်ယူ
သွားသလို ခံစားလိုက် ရ၏။ ၀မ်းလျားမှ ပက်လက် မူလအတိုင်းရောက် အောင်လှည့်ကြည့်သည်။
ကိုယ်တစ်စောင်း ကြွပြီး မှောက် လျက်ပင် ပြန်ကျ သွားသည်။
“ကံချွန့်အိမ် ငါ ရောက် အောင်သွားရမယ်။ သွားကို
သွားရမယ်”
သူ အသံတိတ် ကြွေး ကြော်ရင်း ထထိုင် နိုင်ရန်
အမျိုးမျိုး ကြိုးစား၏။ မအောင်မြင်။ မောဟိုက်လွန်း သဖြင့် အသက်ရှူ သံကြီးက
ဖားဖိုဆွဲ သည့်အလား တရှူး ရှူး။ ရုတ်တရက် ကျောထဲ က စိမ့်ခနဲဖြစ်ကာ ကြက်သီး
ဖြန်းဖြန်းထ လာပြီး တစ်ကိုယ် လုံးရှိသမျှ အကြောအခြင် အားလုံး တုန်တုန် ယင်ယင်ဖြစ်
လာကာ ဆတ်ခနဲ ဆတ်ခနဲ ရုန်းကန် လာ၏။ ဦးခေါင်း တစ်ခုလုံး မူးဝေ နောက်ကျိ လာပြီး
ရင်ခေါင်းဆီမှ အပ် နှင့် ဆောင့်ထိုး လိုက်သလို စူးပြီး အောင့်လာ၏။ နောက်
သူ့လိပ်ပြာက သူငယ်ချင်းဆီ ပြန်သွား လေတော့သည်။
“ဟာ ဟေ့ကောင် ငွေပေါ လာကွ။ ငါမပြော လား၊ မင်းက
အလုပ်တွေ တအား လုပ်ပြီး ငွေကိုင်နိုင် လာတော့ ဟောဒီ ရပ်ကွက် ကြီးက မင်းကို လက်မခံ
တော့ပါဘူးဆို။ ဒါ့ကြောင့် မင်း ရွှေတော တက်သွားရ တာပေါ့။ ဟော ပြန်လာတော့ စုတ်တီး
စုတ်ပြတ်နဲ့။ ရွှေတော တက်တာ စားပြီး သောက်ပြီး ငှက်ဖျား ကျန်တယ် မဟုတ် လား။ မွဲမှ
ဒီရပ်ကွက်က လက်ခံတာ”
“ကံချွန် ငါ မွဲပြန်လာ တယ်လို့ မင်း
ထင်လား”
“အထင် မဟုတ်ဘူး အမြင် အမြင်။ မင်း ဟို တက် သွားတုန်း
ငါ့ သမီး အကြီးမ က ကားစပယ်ရာ ကောင်လေးနဲ့ လိုက်ပြေးတယ်”
“ဟာ မင်းရဲ့သမီး လက်ဖျား ငွေသီး(ညှပ်)တဲ့ သူကို
ရှာယူ တတ်သားကွ”
“နောက် နှစ်လပဲကြာ တယ်။ သားတော်မောင်က သူနဲ့ သက်တူ
ရွယ်တူ ပျံတံ တံ ကောင်မလေး အိမ်ခိုး လာတယ်။ ကိုင်း ငယ်ငယ် ရွယ်ရွယ်နဲ့ ဘာလုပ်
ကိုင်စား ကြမလဲ။ ငါ စိတ် ညစ်တယ် ငွေပေါ ရာ။ မောင်နှမ နှစ် ယောက် စလုံး စောစော
စီးစီး ရှေ့ဆင့် နောက်ဆင့် မိုက်လုံး ကြီးကြတာ”
“ကံချွန် စကား ကို သူ့ နေရာနဲ့သူ ခွဲခွဲ ခြားခြား
ပြော ရတယ်ကွ။ မင်းသား အိမ် ထောင်ပြုတာကို မိုက်လုံး ကြီးတယ် ပြောတာ မှန်ပါ တယ်။
မင်းသမီး ကျတော့ မိုက်တွင်းနက် တယ်လို့ ပြောရ တယ်ကွ”
သူငယ်ချင်း မျက်နှာ ရဲခနဲဖြစ်သွားပြီး သူ့မျက်နှာ
ကို လက်သီး ဖြင့်ထိုးသည်။ လက်သီးက သူ့မျက်နှာထဲ ကျွံဝင် သွား၏။
သူငယ်ချင်း က လက်သီးကို တစ်လှည့် သူ့မျက်နှာကို
တစ်လှည့် မယုံ နိုင်စွာ ကြည့်၏။ နောက် သူ့ နားရင်းကို ဘယ်ပြန်ညာ ပြန်ရိုက်၏။
သူငယ်ချင်း လက်က သူ့ဦးခေါင်း ထဲ အကြိမ်ကြိမ် ဖြတ်ဝင် သွား၏။ နောက် သူ့ကို
မျက်လုံးကြီး ပြူးကာ စိုက်ကြည့် ပြီးနောက် ငယ်သံပါအောင် အော်၍ ထွက်ပြေး
သွားတော့သည်။
“ဟေ့ကောင် ကံချွန် ပြန် လာပါကွ။
ကံချွန်”
သူ တကြော်ကြော် အော်ခေါ်စဉ် ရပ်ကွက်လူ ကြီး အနား
ရောက်လာသည်။
“ကိုငွေပေါ ဘာလို့ ဒီ လောက်အော် နေရ တာလဲဗျ။
ရွေးကောက်ပွဲ ရှိတယ်နော်။ မဲထည့်ပြီးပြီလား”
“လူကြီး ကလည်းဗျာ။ ကျွန်တော်က မဲထည့်တာ ထက်
မဲနှိုက်တာပဲ ၀ါသနာ ပါတာဗျ။ ဗလာမပါ ကံစမ်း မဲ ပြောတာနော်။ ဦးရှင်ကြီး နှိုက်တဲ့
မဲမျိုးပြောတာ မဟုတ်ဘူး”
“ကိုငွေပေါကလည်း ဗျာ။ နောက်ရော့မယ်။ ဒါနဲ့ ခင်ဗျား
ဘယ်ပါတီကို ကြိုက် လဲဗျ”
“လူကြီး ကျွန်တော် ရိုး ရိုးသားသား
ရိုးရိုးရှင်းရှင်း နေတတ်တဲ့ လူမှန်း ခင်ဗျား အသိနော်။ ကျွန်တော် ပြော မယ်။
ဘယ်ပါတီမှ စိတ် မ၀င်စားဘူး။ ဘယ်ပါတီမှ မကြိုက် ဘူးဗျာ။ အဲ ဒါပေမဲ့ ဟိုပါတီတော့
ကြိုက်တယ်။ ဘာပါတီ ပါလိမ့်။ ဟို ဂျုံနဲ့ လုပ်ထားတာ ၀ိုင်းဝိုင်းလေး ဗျာ။ အဲ
မှတ်မိပြီ။ မှတ်မိပြီ ချပါတီ။ ဟုတ်တယ် ချပါတီ ကို အလွန်
ကြိုက်ဗျ”
ကာတွန်းထဲက အရုပ် လို ရပ်ကွက်လူကြီးက တိန်
ခနဲအော်ပြီး ပက်လက် လန်သွား ကာ ဖျတ်ခနဲပျောက်သွား၏။
“ဟာ လူကြီး ကလည်း ဒီမှာ စကား ပြောဖော် မရှိလို့
ပါဆို။ ဘယ်ပျောက် သွား တာလဲ”
သူ ခေါင်းကုတ်နေမိ၏။ (သူ့ခေါင်းသူတော့ ကျွံမ၀င် ဘဲ
ကုတ်၍ရ၏)
“မင်း ဟာ မင်း ပြော နေပေါ့ကွ”
ဘယ်အရပ် ကလာ သည် ခန့်မှန်း ရခက်သော သတ္တုသံ
အက်အက်ကြီး တစ်လုံးချင်း ပဲ့တင်ထပ်ထွက် ပေါ်လာသည်။ သူ လှည့်ပတ် ကြည့်သော်လည်း ကိုယ်
ထည်ကို ရှာမတွေ့။
ထို့နောက် သူ ပြောခဲ့ဖူး ပြီးသော စကားများ။ မပြော
ဖူးသော်ငြား၊ ခေါင်းထဲ ရင်ထဲမှ အသံတိတ် ပြောဖူး နေသော စကားများ နှုတ်ဖျား
ပေါ်ရောက်လာကာ ကရား ရေသွန် တရစပ်လျှောက် ပြောလေတော့သည်။
“သူဌေးကို မလေးမစား လုပ်တာ မဟုတ်ရ ပါဘူးဗျာ။
သူဌေးလို့ အခေါ်မှာ အာက ယားပြီး ချောင်းဆိုး သွားလို့ သူခိုးဆိုပြီး အသံထွက်သွား
တာပါ”။ “ဒီဘော အသင်း နိုင်နေ ပါလျက် လပေါ်သ ရေကန်လို့ သရေ ကျတာ”။ “ဘာလို့
တိရစ္ဆာန်ရုံ သွား ကြည့်ရမှာလဲ၊ ကျုပ်က တိရစ္ဆာန်ရဲ့ ပရိသတ် အဖြစ် မခံနိုင်ဘူး”။
“ရုံးစာရေးကြီး က ဒီနေ့တနင်္ဂနွေကို လာဘ် ပိတ်တဲ့ နေ့ပဲဆိုပြီး ညည်းညူ နေလေရဲ့”။
“သူများ အိမ်ငှား နေတဲ့ မိန်းမက သူ့ကိုယ်သူ အိမ်ရှင်မပါတဲ့”။ “ရုပ်ရှင်မင်း သား
လူမင်း အိမ်ထောင်ပြု တော့ လူအို လူမင်းပေါ့”။ “ဆောင်းတွင်း ရေချိုးတာ အေးမှာ
ကြောက်ရင် စောင် ပတ်ချိုးလေ”။ “ဆင်းရဲသား မျက်နှာမွဲ ဆိုရင် ခင်ဗျားတို့
သူဌေးတွေကိုတော့ လူချမ်း သာ မျက်နှာပြောင်လို့ ခေါ် သင့်တယ်”။ “(သူ့ပါးစပ်က ပိတ်၍
မရ၊ အာခေါင်တွေ ခြောက်သွေ့ပူလောင် နေသော် လည်း အသံက သူ့အလိုလို တရစပ်
ထွက်နေသည်)
“နေပါဦး သူပြောသွား တာ “နောက်ဖေး”ဆိုတာ လည်းပါရဲ့။
“ဘူ”ခနဲ အသံ လည်း ကြားမိရဲ့။ နောက် ဖေးစား သွားမယ် အဲအဲ။ အနောက် ဘက်ဆိုင်မှာ ဘူဖေး
စားသွားမယ်တဲ့”။ “ကျုပ် လူလို မပြောတတ်တာ မဟုတ်ဘူး။ လူပြိန်းနား လည်အောင်
မပြောတတ်တာ ဗျ ရှင်းလား”။ “ရတနာဦး ဆိုတဲ့ လျှပ်စစ် ချွေတာရေး သီချင်းလေး တီဗီက
လာရင် အစအဆုံး နားမထောင် လိုက်ရ ဘူးဗျာ၊ မီးပျက် သွားလို့”။ “လက်ခုပ်တီး တယ်ဆိုတာ
လက်ဝါးချင်း ရိုက်တာပဲကွ”။ “လက်ခေါက် မှုတ်မလို့ မဟုတ်ပါဘူး။ သွားကြား ညှပ်တာ
ဆွဲထုတ် နေတာပါ”။ “ကပ်ပါးရပ် ပါးက ပြုတ်သွားတော့ ဖား ပြုတ်ကြီး ဖြစ်သွားတာပေါ့
နော”။ (တော်ပါတော့ တော် ပါတော့ဟု သူ့ပါးစပ်ကြီးကို သူ ပြန်တောင်းဆို နေမိသည်။
သို့သော် ဆက်ပြောဆဲ)
“ငါ့သမီးတွေကို ငါ ဆရာဝန်ဘွဲ့ ရတဲ့အထိ ထား မယ်။ ငါဟာ
ရွှေသူဌေး ငွေပေါ။ ရပ်ကွက်ထဲက မိဘ လို ငတ်တာ အကြောင်း ပြုပြီး သားသမီးကို ကျောင်းက
ထုတ်၊ ငွေရှာခိုင်းမဲ့ ခပ်တိမ် တိမ် ခပ်ညံ့ညံ့ မိဘမျိုး ငါ မဖြစ်စေ ရဘူး။
ဆရာဝန်ကြီး ရေ ကျွန်တော်က အာဟာရ ချို့တဲ့ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်လို့
အားနည်းပြီး သတိလစ် လဲကျတာ တဲ့လား။ အစာအိမ် ကလည်း ရောင်နေ တယ်။ အစာ မာမာ မစားနဲ့။
များများ မစားနဲ့။ ကောင်း ကောင်းအနား ယူပြီး အာဟာ ရ ပြည့်အောင် စားရမယ်တဲ့ လား။
ခုတော့ ဆန်ပြုတ် နှစ်ပန်းကန်နဲ့ မကြင် ၀ယ်လာ တဲ့ ပန်းသီးတစ်လုံး စား တယ်ဗျာ။
ဘာဖြစ်လဲဗျ။ ဆရာဝန်ကြီး မကြင်ကို ပြော တဲ့ဆေးဆိုင်က မ၀ယ်လို့ ငေါက်တာ ခုထိ
မမေ့ဘူးဗျ။ ဒါပေမဲ့ ဗျာ။ ဆရာဝန်ကြီး ကို ရော သန့်ရှင်း သပ်ရပ်ပြီး ဆေး ၀ါးနံ့
တစ်စက်မှ မနံတဲ့ ဆေးရုံကြီး ကိုပါ ကျေးဇူး ကျေးဇူး”
“တော်သင့်ပြီ ငွေပေါ”
အကောင် အထည် မမြင် ရသော သတ္တုတုန်ခါ သံကြီး က
တစ်လုံးချင်း အက်ကွဲကွဲ ထွက်ပေါ် လာပြန်သည်။
“င့ါ နောက် အပြီး လိုက်ခဲ့တော့”
ရုပ်မမြင် အသံကြား ကြီး၏ စကားအဆုံး သူ့ ခန္ဓာ သည်
ဝါဂွမ်းစ လေးပမာ အထက်သို့ တလွင့်လွင့် တငြိမ့်ငြိမ့် စီးမျော မြင့်တက် သွားသည်ကိုသာ
သူနောက် ဆုံး အနေဖြင့် ခံစား သိရှိလိုက် သည်။
ကိုငွေပေါကား အနိစ္စ ရောက်ချေပြီ။
ကြွင်းကျန်ရစ်သော ကိုငွေပေါ ရုပ်ကလာပ်ကို သုသာန်သို့
ပို့ဆောင် သင်္ဂြိုဟ် ရန် လိုက်ပါ ပို့ဆောင်မည့်သူ များ တဖွဲဖွဲ
ရောက်လာကြသည်။
အိမ်အတွင်း ခုတင် တစ်လုံးပေါ်တွင် ကိုငွေပေါ ၏
အသက်မဲ့ ခန္ဓာကို အရပ် ထုံးစံ အတိုင်း ပြင်ဆင်ထား ၏။ ခုတင် အနားတွင် ကျန်ရစ် သူ
ဇနီးနှင့်သမီးတို့ တရှုံ့ရှုံ့ ငိုနေကြသည်။
အသုဘလာ ပရိသတ် တို့မှာ အိမ်ရှေ့ အရိပ်စင် အောက်၌
ဖျာပေါ် ထိုင်သူ ထိုင်၊ စားပွဲ ကုလားထိုင်နှင့် အကျအန ထိုင်သူ ထိုင်၍ စကားပြောရင်း
သင်္ဂြိုဟ်မည့် အချိန်ကို စောင့်ဆိုင်း နေကြသည်။
“ဟယ် ဟုတ်လား ငါဖြင့် ရိုးရိုး ငှက်ဖျားနဲ့ ဆုံး
တယ်ထင်တာ။ ဖြစ်နေတာ ကြာပြီ ဟုတ်လား”
မိန်းမ တစ်ယောက်က တအံ့တသြ ဆိုရင်း ထိတ်လန့် ဟန်နှင့်
ပခုံးကို ကျုံ့ မျက်လုံး ပြူးပြသည်။
“သေမဲ့ မနက်ကျမှ ထ ထိုင်ပြီး အစားတွေ နင်း ကန်စားတာ
ဆိုပဲ။ အဲဒါ ရိက္ခာ ယူတယ်လို့ ခေါ်တယ်”
အသက် ကြီးကြီး မိန်းမ ကြီးက အနားက အပျို ပေါက်မလေး
နှစ်ယောက်ကို ပြောပြီး “အင်း အနိစ္စ အနိစ္စ” ဟု ရေရွတ်၍ လက်ဖက်ပန်း ကန်ကို မကာ
သုံးဇွန်းဆက် တိုက် ခပ်စားသည်။
“ဖြစ်ရလေ သူငယ်ချင်း ရာ
အီးဟီးဟီး”
မောင်းကွဲသံကြီး ကြောင့် ပရိသတ်များ ခေါင်း ငေါက်ခနဲ
ထောင်ကာ လှည့် ကြည့်ကြသည်။ အလောင်း ကို ဖက်၍ တအီးအီး ငိုနေ သော အင်္ကျီတုံးလုံး
ကျွတ်နှင့် အရက်သမား ကိုကံချိန်ကို တွေ့လိုက်ကြရသည်။ ပရိသတ်များ ကိုကံချွန်
နောက်ကျောကိုကြည့်ရင်း အမူအရာ အမျိုးမျိုး ဖြစ်ကုန် ၏။ ဖျာကို လှန်မ၍ တံတွေး
ထွေးသူထွေး၊ ကြက်သီးထ ဟန်လုပ် သူလုပ်၊ နားကို မသိ မသာ လက်ညှိုးနှင့် ပိတ်သူ ပိတ်၊
နှာခေါင်းရှုံ့ ခေါင်းယမ်း သူ ယမ်းကြ လေသည်။ ထိုစဉ် ကိုကံချွန် နောက်မှ မိန်းမ
တစ်ယောက် ဘွားခနဲ ပေါ်လာပြီး ငိုနေသော ကိုကံချွန့် ပခုံးကို ခပ်ကြမ်း ကြမ်း
ဆောင့်ဆွဲ နေသည်။ သူ့ မိန်းမ မကြင်။
“သြော် ဘယ်သူများလဲ လို့
ငါ့မိန်းမကိုး”
လှည့်ကြည့် မတ်တတ် ရပ်၍ မျက်ရည် များကို သုတ် ရင်း
ကိုကံချွန် ပြောလိုက် ခြင်းဖြစ်သည်။ သေသူ၏ ဇနီးနှင့် သမီး နှစ်ယောက် အလောင်းဆီ
မှခွာ၍ ထို လင်မယားကို မော့ကြည်လေ၏။
“နင် အသိဉာဏ် မရှိဘူး မကြင်။ ငွေပေါ သမီးတွေ ပညာသင်
တာကို မနာလို မရှုစိမ့်တဲ့ သူတွေ ၀ါဒဖြန့် အပုပ်ချ တာကို ယုံတယ်။ နင် ငါ့ရှေ့က
မြန်မြန်သွား နော်။ ချက်ချင်းသွား။ ငါ့ အဆိုး မဆိုနဲ့”
ကိုကံချွန့် မိန်းမ မကျေ မနပ် ပွစိပွစိ ပြောရင်း
ခြေဆောင့် ထွက်သွားသည်။
“အလကား မိန်းမ။ ဒင်း ကြောင့် မသေခင် သုံးရက် လောက်
ငါ့သူငယ်ချင်း ဆီ မရောက်လိုက် ရဘူး။ ငှက်ဖျား ရောဂါ အရင်က အစာအိမ် ရောဂါလို့ ပြောနေ
တာကို သူက ဆရာဝန်မကြီး ကျနေ တာပဲ။ ဘာဖြစ် လိမ့်မယ်၊ ညာဖြစ် လိမ့်မယ်နဲ့ မဟုတ်
မဟတ်တွေ သူများပြော တိုင်း ငါ့လာပြော နေတယ်။ ဟေ့ ဒီမယ်” ကိုကံချွန်က ပရိသတ်ထဲ
ဟိုကြည့် သည်ကြည့် ကြည့် လိုက်ပြီးမှ “သင်္ဂြိုဟ်လို့ ငွေပေါ အလောင်းကို မ မရဲ ရင် မ
မကြနဲ့။ သောက်ဂရု မစိုက်ဘူး။ ငါကိုယ်တိုင် ခေါင်းထဲ မ ထည့်မယ်။ ငါတစ်ယောက်တည်း
ခေါင်း ကို ထမ်းပြီး နိဗ္ဗာန် ယာဉ်ပေါ် တင်မယ်ကွ အဟီးဟီး” အာခေါင်ခြစ်၍ ပြောလည်းပြော
ငိုလည်း ငိုသည်။ နောက် အလောင်း ခုတင်ရှေ့ ဒူးထောက် ခေါင်းမှောက်ပြီး အသံကွဲ
ကြီးနှင့် ဆက်ငိုလေ၏။
အသုဘ အခမ်းအနား လာသူများ၏ အကြည့်က ကိုကံချွန်ဆီ
စုပုံ နေကြ သည်။
“ဟေ့ ငါ့ပခုံး လာတို့ ပြန်ပလားကွ
ဟေ”
ပြောပြော ဆိုဆို လှည့် လိုက်ပြီး ကြည့်တော့
ကိုကံချွန် ကြောင်အအ ဖြစ် သွားသည်။
“သမီး ခေါ်တာပါ လေးလေးကံချွန်။ အဖေ့ အလောင်းကို
ဘာလို့ မ မရဲ တာတဲ့လဲ”
“ဟုတ်တယ် မေးမလို့ မေးမလို့နဲ့၊ မနေ့က အသည်း အသန်
ဖြစ်နေတုန်းက လည်း တော့် မိန်းမ အပါအ၀င် လူတွေ မလာကြဘူး။ ဆုံးတော့ အလောင်းရေချိုး
မယ် အလုပ်မှာ လာတဲ့ လူလေး ငါးယောက် ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ကြတယ်။
သူများတွေ သေကြတုန်းက ကျုပ် ခဏ ခဏ မြင်ဖူးပါတယ်။ ၀ိုင်းကြ ၀န်းကြနဲ့။ ကျုပ်
ယောက်ျား သေကာမှ ည အလောင်း စောင့် ဖဲဝိုင်းကလေး တောင် မရှိဘူး။ ဒါဘာ သဘောလဲ
ကိုကံချွန်ရဲ့။ တော် အခုနက ပြောတာတွေ ကလည်း မရှင်း မရှင်းနဲ့ ကျုပ်ကို ပြန်ပြောပါ
ဦးတော့်”
အသုဘရှင် သမီးနှင့် အမေက ၀မ်းနည်း နာကြည်း ဟန်
မေးခွန်း ထုတ်လေပြီ။ ကိုကံချွန် ပြောမလို့ ပါးစပ် ဟလိုက် နှုတ်ခမ်းကိုက် လိုက်၊
သက်ပြင်း ချလိုက် လုပ်နေပြီးမှ ခေါင်းကို ဖြည်း ညင်းစွာ ယမ်းသည်။
“ပြောစမ်းပါ လေး လေးရဲ့”
အငယ် သမီး ကပါ တောင်းဆို လာသဖြင့် သုံးမဲ တစ်မဲဖြင့်
ကိုကံချွန် အလျှော့ ပေးရတော့သည်။
“သ သမီးတို့ အဖေ ငွေပေါကို ရပ်ကွက်ထဲက ကုရာနတ္ထိ
ဆေးမရှိတဲ့ လေး လုံး ရောဂါနဲ့ သေတာလို့ ပြောကြ တယ်ဟာ ဟီးအီး” ကိုကံချွန် ငိုသံပါ
ကြီးဖြင့် ရှင်း ပြအပြီး သမီး နှစ်ယောက်၏ ယူကျုံးမရ ပြောဆို ငိုသံများ ကျွက်ကျွက်
ညံသွား သည်။
အမေ ဖြစ်သူက သဘော မပေါက်။ ငိုနေသော သမီးနှစ်ယောက်
ဘက် ယောင်နန ကြည့်နေပြီးမှ ကိုကံချွန်ဘက်လှည့်ပြီး “ဘာတုံး ကုရာ နတ္ထိ ဆေးမရှိ တဲ့
လေးလုံး ရောဂါ”ဆိုတာ ဟု မေးသည်။
“အပါ့ မကြင်ရာ အေ အိုင် ဒီအက်စ် ရောဂါကို ပြော တာဟဲ့
ရှင်းပြီးလား”
“ဘာရယ် အမယ်လေး လေး ပြောရက်
လိုက်ကြတာ”
မကြင် အံ့သြ နာကျင် သံဖြင့် ရေရွတ်ပြီးနောက်
ခုတင်ကို ထောက်ကာ အားယူထ၍ ရပ်၏။
အေအိုင်ဒီအက်စ် ရောဂါဖြင့် ပိန်လိန်မွဲခြောက်
သေသောသူ ဤရပ်ကွက် အတွင်း ၁၀ ဦးထက်မနည်း တွေ့ဖူးကြုံဖူးနေသည်မို့ မိမိ ယောက်ျားကို
ဤရောဂါ အမည်အတပ်ခံလိုက်ရခြင်း အတွက် မကြင် ရင်ထဲ ဆတ် ဆတ်ခါ
သွားပုံရသည်။
မကြင် ထဘီကို ခပ် တင်းတင်းပြင် ၀တ်ပြီး အိမ် ပြင်ဘက်
မျက်နှာမူသည်။ လူပျောက် ရှာသလို ပရိသတ် ထဲ ဟိုသည် ကြည့်သည်။ ငို ထားသဖြင့်
မို့အစ်နီမြန်း နေသော မကြင် မျက်လုံးများ မီးထွက် မတတ် ရဲတောက်နေ သည်။ သမီးနှစ်
ယောက် အငိုတိတ်ပြီး သူတို့ အမေကို မော့ကြည့်လေ၏။
“ဒီမယ်တော့် ဒီမယ် ကျုပ်ရဲ့ယောက်ျား ကိုငွေ ပေါ။
သိကြတဲ့ အတိုင်း ဖဲ လောင်းကစား မလုပ်ဘူး၊ အရက် မသောက်ဘူး၊ ကွမ်း ဆေး မမြည်းဘူး၊
မိန်းမ အပျော်အပါး လိုက်စားတာ ကို မြင်ဖူးသူ ရှိရင် ကျုပ်ကို သက် သေပြကြ။ ဟုတ်ရင်
မှန်ရင် ပြတဲ့လူရှေ့မှာ ကျုပ်ကိုယ် ကျုပ် ဆွဲကြိုး ချပြီး သေပြရဲ တယ် တော့်။
သေတဲ့လူရဲ့ သိက္ခာတော့ မချကြပါနဲ့။ ကျုပ် ယောက်ျား ရည်မှန်း ချက်နဲ့ အလုပ်လုပ်
ငွေရှာပြီး သူ့သမီးသူ ကျောင်းထား တာ။ ဒါကို ကိုယ့်ထက်သာ မနာလို စိတ်နဲ့ အပုပ်
မချကြပါ နဲ့”
မကြင်က စကားကို နားပြီး ပရိသတ်ကို တစ်ဦး
ချင်းလိုက်ကြည့်သည်။ မိန်းမ တချို့နှင့် ယောက်ျား တစ်ဦး စနှစ်ဦးစ မကြင်နှင့်
မျက်လုံး အဆုံ မခံဘဲ တစ်နေရာဆီ အကြည့်လွှဲ ဖယ်ထားလေ၏။
“မနှစ်က ကိုငွေပေါ ဆေးရုံတက် လိုက်ရတယ်။ ဆီးရော၊
ဝမ်းရော၊ သွေးရော စစ်ခိုင်းလို့ စစ်ကြည့် ပြီးပြီ ဘာရောဂါမှ မရှိပါဘူး တဲ့။
ဓာတ်မှန်ရိုက် ကြည့်တော့မှ အစာအိမ်ဖြစ်ချင်နေ တယ်တဲ့၊ ရောင်နေ တယ်လို့ ဆရာဝန် ကြီး
ကိုယ်တိုင် ပြောတာ၊ မယုံ တဲ့လူ လာကြည့်၊ ကျုပ် သိမ်း ထားတဲ့ ဆေးစာအုပ်တွေ စာရွက်တွေ
ခုထိရှိတယ်။ ကျုပ်ယောက်ျားက နဂိုပိန် ရယ်ပါတော့်။ ငှက်ဖျား လည်း မိထားတဲ့
အခံရှိတော့ ပါးစပ်ပျက်ပြီး အစာမစား တာကြောင့် ပိုပိန်တာပါ။ ဟို ရောဂါကြီး ကြောင့်
မဟုတ် ရပါဘူးတော့် ယုံကြပါတော့်”
ပြောပြီး ၀မ်းနည်းလာ ကာ မကြင် မျက်လုံးမှ မျက်
ရည်များ ပိုးပိုးပေါက် ပေါက် ကျလာပြီး တစ်ချက် နှစ်ချက် ရှိုက်သည်။ ငိုသံမထွက် အောင်
ထိန်းရင်း ဆက်ပြောဖို့ ကြိုးစား သော်လည်း ရဟန် မတူ။
“အင့် ဟင့် ရွှတ် ကျုပ် ယောက်ျား ယောက်ျား ရွှတ် က
စာဖတ်တာက လွဲလို့ ဘာ ဆိုဘာမှ မကောင်းတာ မလုပ် တဲ့ သူတော် ကောင်းကြီးပါ တော်။ ကျုပ်က
ဆေးခန်း သွားရ အောင်လို့ အတန်တန် ပြောတာကို နားမ၀င်ဘူး။ ငွေကုန်မယ်တဲ့ တော့်။ ဟင့်
ဟင့် ရွှတ်။ တကယ်တော့ ကျုပ်မှာ သူသွားမယ် ဆိုလည်း ချေးငှား ပေါင်နှံရ မှာပါတော်။
ဒါကို သူသိပုံ ရတယ်။ မသွား ဘူး။ သူ့ခေါင်းထဲမှာ သမီး တွေ ပညာတတ်ဖို့ အရေးပဲ ရှိတာ
ပါတော့်။ ဆေးကုလိုက် ရရင် ပျောက်မှာ သိရက်နဲ့ မကုတာပါ။ တကယ်တော့ သူ သေရတဲ့ ရောဂါဟာ
ရွှတ် ရွှတ် ကုရာ နတ္ထိ ကုရာ နတ္ထိ ဆေးမရှိ ရောဂါ မဟုတ်ရပါ ဘူး တော်။ ကုရာနတ္ထိ ငွေမရှိ
ပါ ငမွဲရောဂါ ပါတော့ အော့ ဟော့ ဟော့ ဟီး”
မကြင် မတ်တတ်ငိုရင်း က အရုပ် ကြိုးပြတ် ခွေလဲ
ကျသွားသည်။
အော်သံ ဟစ်သံ အသံ မျိုးစုံ ဆူညံ သွားကာ အသုဘ
အိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ် သွားသည်။
ဆင်းရဲမွဲတေ ဘ၀မှ ထာဝရ လွတ်ငြိမ်း ချမ်းသာ
ခွင့်ရသွားသော ကိုငွေပေါ အား ဘာမှ မသိလို။
ရက်လည် ဆွမ်းသွတ် ပြီး ၂ ရက်အကြာ။
“အမေ အမေရေ ဒီမှာ လာကြည့်ပါဦး”
အလန့် တကြား အော် ခေါ်သော သမီး အငယ်မ အသံကြောင့်
မကြင် မီးဖို ချောင်မှ ပြေးလာ၏။ နောက် တစ်နေ့ ဘော်ဒါဆောင် ပြန် သွားမည့် သမီးကြီးက
လည်း ဘယ်ကမှန်း မသိ ပြေးလာသည်။
ကွယ်လွန်သူ ဖခင် ကြီး၏ စာအုပ်ထည့်သော ထင်းရှူး သေတ္တာ
ဘေးတွင် ဟန်းကော (စစ်ထမင်းချိုင့်) ချိုင့်ချလျက် တအံ့တသြ ပုံစံ နှင့် သမီးကို
တွေ့ရသည်။
“ဟောဒီမှာ ကြည့်ပါဦး အမေနဲ့ မမရဲ့။ ချိုင့်တစ်ဝက်
ကျော်တယ်တော့်”
ချိုင့်အတွင်း လက်နှိုက် ၍ ဖြန့်ပြလိုက်သည့် သမီး
ငယ်၏ လက်ဝါးထဲတွင် ရွှေမှုန် ရွှေစတို့ ဖိတ်ဖိတ်လက် ၀င်းထိန်
နေတော့သည်။
ဝင်းသော်တာအောင်
(ရွှေအမြုတေ
မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
http://shweamyutay.com/index.php?option=com_content&view=article&id=4570:2012-12-05-16-10-19&catid=98:2008-06-08-19-59-38&Itemid=689
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။