26 December 2012 |By 8 Days
ဇာတ်ကား ရိုက်တာ (၁၂) ကားမှာ ဘယ်လို ဇာတ်ရုပ်က စည်ဖြိုးအတွက် ပိုအဆင်ပြေ
လဲ။
ဇာတ်ကားရိုက်တာ များလာလေ စည်ဖြိုးမသိတာ ပိုများလာလေပဲ။ ကိုယ်ပိုအသုံးမကျပါလားဆိုပြီး သိလာတယ်။
အဲဒီလို အားမရတဲ့ အပိုင်းတွေအတွက် စည်ဖြိုး ဘယ်လိုပြင်ဆင်လဲ။
စည်ဖြိုးကတော့ ကျဆုံးခြင်းကို လှေကားထစ်လို သဘောထားတယ်။
တက်သစ်စ လူတစ်ယောက်အနေနဲ့ ကျရှုံးခြင်းဆိုတာ ဘာကို ဆိုလိုချင်တာလဲ။
ကျရှုံးခြင်းဆိုတာ လူတစ်ယောက်ရဲ့ ယုံကြည်မှုပေါ်ပဲ မူတည်တယ်။ တချို့အတွက် ကျရှုံးခြင်းဆိုတာ စာမေးပွဲမှာ စာမေးပွဲကျတာက ကျရှုံးခြင်းဖြစ်ပေမယ့် တချို့အတွက်က အမှတ်တစ်မှတ် လျော့သွားတာကလည်း ကျရှုံးခြင်းလို့ သတ်မှတ်ပြန်ပါတယ်။
စည်ဖြိုးကရော စည်ဖြိုးရဲ့ သရုပ်ဆောင်မှုတွေမှာ ဘယ်လို ကျရှုံးခြင်းလို့ သတ်မှတ်ထားလဲ။
ကျွန်တော်က အမှတ်တစ်မှတ် လျော့သွားတာပါ။
စည်ဖြိုးရဲ့ အနာဂတ်ကို ဗေဒင်ဆရာမ ET က ကြိုတင်ဟောကိန်း ထုတ်ဖူးလား။
အဲဒါက မဆွေရဲ့ ဇာတ်လမ်းမှာ ကြည့်လိုက်ပါလို့ ပြောချင်တယ်။ အဲဒီမှာ စည်ဖြိုးအကြောင်း တော်တော်များများ သိပါလိမ့်မယ်။ မဆွေက စည်ဖြိုးရဲ့ဘဝကို စည်ဖြိုး အမေ့ဗိုက်ထဲမှာ (၂) လသား အရွယ်လောက်ကတည်းက ဟောထားခဲ့ပြီးသား။
စည်ဖြိုးကို လူတွေ စိတ်ဝင်စားတာ ဘာကြောင့်လို့ထင်လဲ။
စည်ဖြိုးဇာတ်ကား (၇) ကားလောက်ရိုက်ပြီး ကြော်ငြာ (၄) ခုလောက် ရိုက်ပြီးမှ ET တူမှန်း စည်ဖြိုးကို နာမည်နဲ့လူ တွဲမိကြတာပါ။ အနုပညာလောကက လူတွေက စည်ဖြိုးကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။
စည်ဖြိုးခန္ဓာကိုယ်မှာ တက်တူးထိုးတာ တွေ့ရတယ်နော်။
ဟုတ်ကဲ့ ကျွန်တော် ဇာတ်ကားရိုက်ရင် မပြင်ရဘူးလို့ ထင်တဲ့ လွယ်တဲ့နေရာမှာ တက်တူး (၇) ခု ရပါတယ်။ စည်ဖြိုး တက်တူး ဘာကြောင့်ထိုးလဲ ဆိုရင် လူပြိန်းအတွေးပဲ ပြောမလား မသိဘူး။ ငယ်ငယ်က အမေတို့ပြောတာ ကြားဖူးတယ်။ လူသေရင် အလောင်းမှာ အင်္ကျီ၊ ရွှေတတ်နိုင်တဲ့သူက သူ့ရဲ့ လက်စွပ်လေးတွေ ဝတ်ပေးလိုက်ကြတယ်။ အဲဒါတွေကို တချို့ သုဘရာဇာတွေက ချွတ်ယူကြတယ်တဲ့။ သူတို့ ချွတ်ယူလို့မရတာ ခန္ဓာကိုယ်က တတ်တူးလေ။
တက်တူးကို ငယ်ငယ်ကတည်းက ထိုးခဲ့တာလား။ မနာဘူးလား။
စည်ဖြိုး တက်တူးထိုးရင်း ဝင်သက်ထွက်သက် မှတ်ရတာကို ကြိုက်တယ်။
ဘာသာတရားကို ဘယ်လောက်ထိ လေ့လာဖြစ်လဲ။
စည်ဖြိုးခန္ဓာကိုယ်မှာ တက်တူးအပြည့်၊ နားပေါက်တွေလည်း အများကြီးပဲ။ ဒါပေမဲ့ စည်ဖြိုးဘဝမှာ ခုချိန်ထိ သင်္ကြန်ဆိုတာ ဘာမှန်းမသိဘူး။ သင်္ကြန်ဆိုရင် ငယ်ငယ်ကတည်းက ကိုရင်ဝတ်ရင်ဝတ် မဟုတ်ရင် တရားစခန်း ဝင်နေရတယ်။
လာမယ့်သင်္ကြန်မှာရော ဘယ်လို ဖြတ်သန်းမယ် စိတ်ကူးလဲ။
အဲဒါ အမေနဲ့ ခု စီးချင်းထိုးနေရတယ်။
မိဘတွေ အရမ်းထိန်းချုပ် ခံထားတဲ့ လူငယ်တစ်ယောက် အနေနဲ့ ဘယ်လိုခံစားရလဲ။
အဖေနဲ့အမေက ငယ်ငယ်တည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး နေတတ်အောင် သင်ပေးတယ်။ အဲဒါကြောင့်လည်း စည်ဖြိုး ၁၄ နှစ်နဲ့ တစ်ယောက်တည်း စင်္ကာပူမှာ နေခွင့်ပြုတယ်။ ပြီးတော့ သြစတြေးလျမှာ ကျောင်းသွားတက်တယ်။
ဘယ်မှာနေရတာ ပိုသဘောကျလဲ။
စည်ဖြိုး မြန်မာနိုင်ငံမှာ နေရတာ ပိုကြိုက်တယ်။ နိုင်ငံခြားမှာ ဆံပင်ဝါဝါတွေကို စည်ဖြိုး မကြိုက်ဘူး။ မြန်မလေရှုရတာ ပိုကြိုက်တယ်။ ဟိုမှာ တစ်ပတ်ပဲ ပိတ်ပိတ်၊ တစ်ရက်ပဲပိတ်ပိတ် ဒီကို ရောက်အောင်ပြန်လာတယ်။
ချစ်သူထားခဲ့မယ်ဆိုရင် မြန်မာမလေးကို ထားမှာပေါ့။
မပြောတတ်သေးဘူး။
စောင့်ကြည့်နေမယ့် ပရိသတ်တွေကိုရော ဘာတွေပြောချင်လဲ။
စည်ဖြိုး ဇာတ်ရုပ်စုံ သရုပ်ဆောင်ချင်တယ်။ စည်ဖြိုး အဲဒီလိုလုပ်ချင်လို့ပဲ အနုပညာလောကထဲကို ဝင်လာခဲ့တာ။ ဘဝစုံကို ခဏတာ ပိုင်ဆိုင်ခွင့်ရတာ သရုပ်ဆောင် အလုပ်လေ။ စည်ဖြိုးကို အားပေး ဝေဖန်စေချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။