မဆုံးနိုင်တဲ့ ဘဝခရီးရှည် တွေထဲမှာ လူတစ်ယောက် အတွက်မရှိမဖြစ် နေ့ရက် များစွာ ပါဝင်နေပါလိမ့်မယ်။ မရှိမဖြစ် နေ့ရက်တွေထဲ မေ့ပစ်ချင်စရာ၊ နာကျင် ကြေကွဲစရာတွေ၊ ဆင်ခြင်စရာ၊ ပျော်ရွှင် ကြည်နူးဖွယ်ရာ၊ လွမ်းဆွေးတမ်းတစရာ အခြား အမှတ်ရစရာ နေ့များစွာ ရှိခဲ့ပါလိမ့်မယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော့်ဘဝမှာလည်း အမှတ်ရစရာနေ့ရက်တွေ အကြောင်းတွေးမိတဲ့အခါ . . .
ဩဂုတ် (၅) ရက
်
မရှိမဖြစ်နေ့ရက်တွေထဲမှာ ပထမဆုံး ကျွန်တော့်ကို မွေးခဲ့တဲ့ ဩဂုတ်(၅) ရက်ရောက်တိုင်း အတွေးတစ်ခုခုနဲ ကြည်နူးရတာ ချည်းပါပဲ။ အဲဒီနေ့မှာ ကိုယ်နဲ့အတူ မွေးဖွားခဲ့တဲ့ ကလေးတွေ တစ်ကမ္ဘာလုံးမှာ ဘယ်နှယောက်တောင်ရှိမလဲ။ ပြီးတော့ ညနေ (၄း၄၅) မှာ ကိုယ်နဲ့အတူ တစ်ပြိုင်နက် လူ့လောကကြီးကို ရောက်လာတဲ့ကလေး ဘယ်နှယောက်ရှိမလဲ။ အဲဒီအတွေးတွေက မရေရာပေမဲ့ ပျော်စရာကောင်းတယ်။
လွန်ခဲ့တဲ့ (၅၊ ၆) နှစ်လောက်ကတော့ ဩဂုတ် (၅) ရက်မှာ ကျွန်တော် အကြိုက်ဆုံးစာရေးဆရာ တာရာမင်းဝေဆုံးသွားခဲ့တယ်။ ကျွန်တော့်စိတ်တွေ မှိုင်းသွားခဲ့တယ်။ ကျွန်တော့်မွေးနေ့ ဩဂုတ် (၅) ရက်မှာ လူ့လောကကြီးထဲက လူတွေ ဘယ်နှယောက်လောက်ပြန်ထွက် သွားကြပြီးပြီလဲဆိုတဲ့ နောက်ထပ် အတွေးလေး တစ်ခုရခဲ့တယ်။ ခုနောက်ပိုင်း မွေးနေ့ရောက် ရင်သေခြင်းတရားအကြောင်းက မတွေးဘဲ ရောက်ရောက်လာတတ်တယ်။ အဲဒီနေ့မှာ လူတွေ အထူးသဖြင့် ကျွန်တော်ချစ်ခင်တဲ့သူတွေကို အချိန်တော်တော်ကြာတဲ့အထိ မြင်ချင်တွေ့ချင်နေမိတယ်။ တော်တော်နဲ့ ပျောက်ကွယ် မသွားစေချင်ဘူး။ အဲဒီလို အခါမျိုးဆို ကျွန်တော်ဟာ လုံးဝမရင့်ကျက်သေးဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိပ်မိစေတယ်။
၂၀ဝ၇ စက်တင်ဘာ
ရက်စွဲအတိအကျ မမှတ်မိ တော့ပေမယ့် ဘယ်တော့မှမမေ့မယ့် အဖြစ်မျိုး ရန်ကုန်မြို့လယ်လမ်းမ တွေမှာ ဖြစ်ခဲ့တယ်။ ကျွန်တော် ဗိုလ်ဆွန်ပက်လမ်းမှာ Auto CAD သင်တန်းတက်နေတဲ့အချိန် သင်တန်း ပိတ်လိုက်ပြီဖြစ်ကြောင်း ဆရာတွေက ပြောတဲ့အချိန်မှာ သင်တန်းလှေ ကားတွေကနေ အပြေးဆင်းခဲ့တယ်။ ဆူးလေမီးပွိုင့်ဆီ ကျွန်တော် တိုးကပ်သွားခဲ့တယ်။ နေရောင်ဟာ ဆူးလေစေတီတော်ကြီး ကိုထိခတ်ပြီး ကျွန်တော့်မျက်လုံးကို ဒိုင်းကနဲလာစူးတယ်။ ကျွန်တော့်မျက်လုံးတွေ အမြန်ပိတ်လိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်မြင်လိုက်ရတယ်။ အသေ အချာကို မြင်လိုက်ရတယ်။ အဲဒီနေ့က ကျွန်တော့်အိမ်ပြန်လမ်းဟာ ခါတိုင်းနဲ့မတူတဲ့စိတ်လှုပ် ခတ်မှုတစ်မျိုးနဲ့ရှိနေခဲ့တယ် ပြီးတော့ .. .
အဲဒီလိုနေ့နဲ့အဖြစ်အပျက် မျိုးဘယ်တော့မှ ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ထပ်မဖြစ်ပါစေနဲ့ တော့လို့ ဆုမတောင်းစဖူး ဆုတောင်း ရေရွတ်မိနေခဲ့ တယ်။
၂၀ဝ၈ မေ (၂) ရက်
ကိစ္စတစ်ခုကြီးကြီးကျယ်ကျယ် ဖြစ်ပြီဆိုရင် ကျွန်တော်မသိလိုက်ရ တာများတယ်။ နာဂစ်ပဲဖြစ်ဖြစ်၊ ဆူနာမီပဲဖြစ်ဖြစ်ပေါ့။ အိပ်ရာကနိုးတော့မှ တစ်လမ်းလုံး သစ်ပင်တွေလဲ ပြိုနေကျတာမျိုး၊ တစ်မြို့လုံး နေ့ချင်းညချင်း တောခြောက်ခံ လိုက်ရသလိုမျိုး၊ အငိုက်မိပြီးမှ သိလိုက်ရတယ်။ နာဂစ်ဟာ မေ (၂) ရက်နေ့မှာ လူတွေရဲ့ မျက်ရည်တွေကို အများ ဆုံးယူဆောင်လာခဲ့တဲ့နေ့။ မေ (၂) ရက်နေ့ရောက်တိုင်း အပြိုအပျက်တွေ၊ အပိုင်းအစတွေ မျက်ရည်တွေ၊ မေတ္တာတရားတွေ၊ သဘာဝတရား ကို အညံ့ခံလိုက်ရတဲ့ လူသားတွေရဲ့ မရေရာတဲ့ဖြစ်တည်မှုတွေကို သတိရ စေသလို အဆိုးတွေကြားက အကောင်းပြောရမယ့်အရာက သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ ပိုမိုသေသွားတဲ့ လူ့အတ္တကိုမြင်ခွင့် ရခဲ့တယ်။
မရေရာတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်သိသွားလေ လူရဲ့အခုအခံ မာန်က ကျသွားလေပဲ။ ကိုယ့်ထက် အဖြစ်ဆိုးတဲ့သူတွေရဲ့ ဖြစ်ပျက်မှု ကို စာနာသောစိတ်က ကိုယ့်ရဲ့ မေတ္တာ တရားနဲ့ ကိုယ်ချင်းစာစိတ်ကို ပိုပြီး မြင်တတ်လာစေတယ်လို့ ခံစားရ တယ်။ မေ (၂) ရက်နေ့ဟာ အရုပ် ဆိုးအကျည်းတန်တဲ့ သဘာဝတရားရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အတူတူ လူသားရဲ့မေတ္တာနဲ့ သဒ္ဒါတရားကို အပွင့်လင်းဆုံး တွေ့မြင် ခွင့်ရတဲ့နေ့ လည်းဖြစ်ခဲ့ပါတယ်။
၂၀၁၁ နိုဝင်ဘာ
ကျွန်တော့်မှာ ရောဂါတစ်ခု ရှိတယ်။ အဲဒါက ကျွန်တော်အညာ သားဖြစ်ချင်တယ်။ ဒါမှမဟုတ် ဧရာဝတီမြစ်ဖြတ်ပြီး စီးဆင်းတဲ့မြစ်ရိုးတစ် လျှောက်က မြို့တစ်မြို့၊ ရွာတစ်ရွာ မှာလူဖြစ်ဖူးချင်တယ်။ ရန်ကုန်မြို့က ကားသံတွေ ရှုပ်ယှက်ခတ်တဲ့မြင် ကွင်းတွေနဲ့ အပန်းဖြေစရာ ခေတ်မီ နေရာတွေထက် ဧရာဝတီမြစ်ကမ်းရဲ့ တစ်နေရာရာမှာထိုင်ပြီး ငြိမ်ငြိမ် သက်သက်လေးငေး ရတာပိုကြိုက်တယ်။ မြစ်ကြီးနားမြို့ ချစ်သူများလမ်း၊ ကမ်းပါးပေါ်မှာ ဖီတန်သုပ်လေးစား၊ ကော်ဖီလေးတစ်ခွက် သောက်ပြီး ရှေ့မှာငြိမ်ငြိမ်သက် သက်စီးဆင်းတဲ့ ဧရာဝတီရယ် တစ်ဖက်ကမ်းက ဖရဲခင်းတွေရယ်ကို ကြည့်ပြီး ဒါကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံပါလားလို့ ဇာတိစိတ်နဲ့ မာန်တက်နေချင်တယ်။
မြစ်ဆုံရောက်တော့လည်း မေခနဲ့ မလိခမြစ်နှစ်သွယ်ကြားကို လှေနဲ့သွားပြီး ကြားကကုန်းမြေပေါ် တက်၊ ပက်လက်လှန်ပြီး ကောင်းကင်ကို မော့ကြည့်၊ တစ်ဖက်တစ်ချက်က စီးဆင်းတဲ့မေခနဲ့ မလိခရဲ့ အသံကို နားထောင်ရင်း ဒါငါတို့နိုင်ငံရဲ့မြောက်ဖျားပိုင်းက ဧရာဝတီရဲ့ အစကို ရောက်နေတာပါလား၊ လှလိုက်တဲ့ ငါတို့နိုင်ငံဆိုပြီး ဇာတိစိတ်နဲ့ မာန်တက်နေချင်တယ်။ နေလည်း နေခဲ့ဖူးတယ်။ ပြီးရင် မြန်မာနိုင်ငံ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို သူတို့ဓလေ့လိုလိုနဲ့ ခိုးယူသွားတဲ့ အိမ်နီးချင်းက ခပ်ထိုင်းထိုင်းကောင် တွေကိုလည်း မုန်းတီးနေရင်းပေါ့။ ဘယ်လိုမဆို ဒီအခွင့်အရေးဟာ ကျွန်တော်နဲ့ မြန်မာနိုင်ငံသားတိုင်း မှာရှိနေတယ်။ ဒါပေမဲ့ အဲဒီလို မာန်တက်ပြီး စိတ်ကြီးဝင်နေမှုကို မေခ၊ မလိခ မြစ်ရေစီးသံနဲ့ အတူ ဖျက်စီးပစ်လိုက်တဲ့ တဒုတ်ဒုတ်ခုတ်မောင်းနေတဲ့ ရွှေတူးနေတဲ့ စက်သံတွေ၊ ဝါညစ်ညစ်မြစ်ရေတွေ .. . ။
ကျွန်တော့်မှာ ဘာကိုနှမြောလို့နှမြောမှန်း ကိုမသိဘူး။ မြစ်ဆုံရေကာတာစီမံကိန်းကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည် သူတွေရဲ့ဆန္ဒတွေကို လိုက်လျောသောအားဖြင့် ရပ်စဲလိုက်တဲ့ အကြောင်းသတင်းစာမှာ ဖတ်ရတယ်။ မြန်မာမှန်ရင် ကိုယ့်လူမျိုး၊ ကိုယ့်ရေ မြေတောတောင်ကို ချစ်တဲ့ သူမှန်ရင် အဲဒီသတင်းကြားလို့ မပျော်တဲ့သူ၊ ဝမ်းမသာတဲ့သူ မရှိနိုင်ဘူးထင်ပါတယ်။ အဲဒီနေ့ဟာလည်း ကျွန်တော့် ရဲ့ မှတ်မှတ်ရရ နေ့ရက်တွေ ထဲက တစ်ရက်ပါပဲ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။