Introduction
Immortal
ဇာတ်ကားမှာ ဂရိ နတ်ဘုရားတွေရဲ့ မျိုးဆက်သွေး လူသားတစ်ယောက်အဖြစ် ထည်ထည်ဝါဝါ
ရုပ်လုံးကြွကြွ ခန့်ညားခဲ့တဲ့ သူ့ကို ဟောလီးဝုဒ် ဒါရိုက်တာတွေ မျက်ဝါးထင်ထင်
ရှိခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း အံ့မခန်း အစွမ်းသတ္တိတွေ ပြည့်ဝနေတဲ့ နာမည်ကျော်
စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း Superman အနေနဲ့ ပုံဖော်ဖို့ အသင့်တော်ဆုံး
မင်းသားအနေနဲ့ သူ့ကို ရွေးချယ်လိုက်ပုံပါပဲ။ Superman: Man of Steel ဇာတ်ကားဟာ
ဟင်နရီ ကာဗီးလ်ကို ဟောလီးဝုဒ်ရဲ့ မှတ်မှတ်ထင်ထင် ကြယ်တစ်ပွင့်အဖြစ်
ထွန်းလင်းလာအောင် အရောင်တင်ပေးလိုက်တဲ့ မှတ်တိုင်သစ်တစ်ခု
ဖြစ်ပါလိမ့်မယ်။About Henry Cavill
Date of Birth: May 5, 1983
Myanmar Nickname:
Best known in Myanmar for: Actor
Type:
Nationality:
ဟင်နရီ ဝီလျံ ဒဲလ်ဂလစ်ရှ် ကာဗီးလ်ဟာ ဟောလီးဝုဒ်မှာ ကျင်လည်နေပေမယ့်
ဗြိတိန်နိုင်ငံသား တစ်ဦးသာ ဖြစ်ပါတယ်။ သူ့ကို ဗြိတိန်နိုင်ငံ၊ ဂျာစီကျွန်းလေးမှာ
(၁၉၈၃)ခုနှစ်၊ မေလ (၅)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ
(၅)ယောက်မှာ ကာဗီးလ်က စတုတ္ထမြောက်ပါ။ သူ့ဖခင် ကိုလင်က စတော့ရှယ်ယာ
ပွဲစားတစ်ယောက်ပါ။ သူ့ရဲ့မိခင် မာရီယာနီကတော့ ဘဏ်လုပ်ငန်း တစ်ခုမှာ
အတွင်းရေးမှူးတာဝန် ယူခဲ့ပါတယ်။ ကာဗီးလ် ငယ်စဉ်က ဂျာစီက စိန့်မိုက်ကယ် ကျောင်းမှာ
ပညာသင်ပြီး အဲဒီကနေတစ်ဆင့် အင်္ဂလန်က စတိုဝီကျောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ကာဗီးလ်ဟာ ကျောင်းသား ဘဝမှာ ကတည်းက သရုပ်ဆောင် ဘဝကို စပြီး ခံယူခဲ့ပါတယ်။ သူငယ်ငယ် ကတည်းက ပြောခဲ့တဲ့ ရည်မှန်းချက်က မင်းသားတစ်ယောက် ဖြစ်လာဖို့ပါ။ မဟုတ်ရင်တော့ စစ်တပ်ထဲ ဝင်ရင်ဝင်၊ ဒါမှမဟုတ် ရှေးဟောင်းသမိုင်း ပညာရှင်တစ်ယောက် ဖြစ်လာချင်တယ် ဆိုတာပါပဲ။ စတိုဝီမှာ ကျောင်းတက်နေရင်း ရိုက်ကွင်းတစ်ခုနဲ့ ကြုံခဲ့ပြီး ကာဗီးလ်ဟာ ဟောလီးဝုဒ်မင်းသား ရက်ဆဲလ်ခရိုးလ်နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ အဲဒီနောက် ခရိုးလ်က ကာဗီးလ်ကို မင်းသားဖြစ်လာအောင် ကြိုးစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ Superman: Man of Steelမှာတော့ ခရိုးဟာ ကာဗီးလ်ရဲ့ ဖခင်အနေနဲ့ သရုပ်ဆောင်လာရတော့ အမှတ်တရ ဖြစ်လောက်စရာ အခြေအနေ တစ်ရပ်ပါပဲ။
ကာဗီးလ်ရဲ့ ရုပ်ရှင်နယ်ပယ် ပွဲဦးထွက် ခြေလှမ်းက (၂၀၀၂)ခုနှစ်မှာ စတင်ပါတယ်။ ကီဗင်ရေးနိုးလ်ရဲ့ The Count of Monte Cristo ဇာတ်ကားမှာ ပါဝင်ရတာပါ။ သူဟာ (၂၀၀၁)ခုနှစ်က ရိုက်ကူးတဲ့ Laguna၊ (၂၀၀၂)ခုနှစ်မှာ BBCက တင်ဆက်တဲ့ The Inspector Lynley Mysteriesတို့လို ရုပ်မြင်သံကြား ဇာတ်လမ်းတွေမှာတော့ သရုပ်ဆောင်ခွင့် ရနေခဲ့ပြီ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းစ၊ နှစ်ခန်းစလောက်သာ ရိုက်ကူးနေရာကနေ ကာဗီးလ်တစ်ယောက် (၂၀၀၃)ခုနှစ်မှာတော့ I Capture The Castle ဇာတ်ကားမှာ အဓိက ဇာတ်ပို့နေရာ ရလာပါတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်ကား တချို့ ဆက်ရိုက်ခွင့် ရပေမယ့် တောက်တောက်ပပ ဖြစ်မလာသေးပါဘူး။ (၂၀၁၁)ခုနှစ်မှာတော့ ဂရိနတ်ဘုရားတွေရဲ့ စီးချင်းတိုက်ပွဲကို စိတ်ကူးဖန်တီးတဲ့ Immortals ဇာတ်ကားမှာ Zeusနတ်ဘုရားရဲ့ သားတော် Theseus အနေနဲ့ သရုပ်ဆောင်ခွင့် ရခဲ့သလို ဟောလီးဝုဒ်မှာ အသိအမှတ်ပြု ခံလာရပါတယ်။ အဲဒီနောက် The Cold Light Of Dayမှာ ပါဝင်ခွင့် ရခဲ့ပြီး (၂၀၁၃)ခုနှစ်မှာ ရုံတင်တဲ့ Superman: Man of Steelကတော့ သူ့ရဲ့ အပေါက်ဆုံး ဇာတ်ကားလို့ ညွှန်းဆိုရမှာပဲ ဖြစ်ပါတယ်။
တကယ်တော့ ကာဗီးလ်ဟာ Superman ဇာတ်ရုပ်နဲ့ ဒီထက်စောပြီး နီးစပ်ခဲ့သင့်သူပါ။ McGကုမ္ပဏီဟာ (၂၀၀၄)ခုနှစ်က Superman: Flyby ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ်ကတည်းက ကာဗီးလ်ကို မင်းသားအဖြစ် လျာထားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်း ပျက်ပြယ်သွားပြီး ပြန်အကောင်အထည် ဖော်ချိန်မှာတော့ ဒါရိုက်တာက ဘရိုင်ယန်ဆင်းဂါး ဖြစ်သွားပါတယ်။ Superman Returns နာမည်နဲ့ ရိုက်ကူးတဲ့ ဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်းသားနေရာအတွက် သူက ကာဗီးလ်ကို ပယ်ချလိုက်တယ်။ အဲဒီအစား အမေရိကန်မင်းသား ဘရန်ဒန်ရုသ်ကို ရွေးချယ်လိုက်တာကြောင့် ကာဗီးလ်တစ်ယောက် Supermanရဲ့ အနီရောင် ဝတ်ရုံလွှာကို (၁၀)နှစ်နီးပါး နောက်ကျပြီးမှ ခြုံလွှမ်းခွင့် ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကာဗီးလ်ဟာ ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ဇာတ်ကောင် စရိုက်တွေနဲ့ တော်တော်လေးတော့ နီးစပ်ခွင့် ရခဲ့တယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗြိတိသျှ ထောက်လှမ်းရေး လူစွန့်စားကြီး James Bond နေရာအတွက်လည်း လျာထားခံရသူ ဖြစ်ခဲ့ဖူးလို့ပါပဲ။ (၂၀၀၅)ခုနှစ်က Casino Royale ဇာတ်ကားအတွက် James Bondမင်းသားသစ် ရှာတော့ သူဟာ နောက်ဆုံးအဆင့် ဆန်ခါတင်ထိ အမည်စာရင်း ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတစ်ကြိမ်မှာလည်း ဒန်နီရယ်လ်ကရိတ်ဂ်ျက အသာရသွားပြန်ပါတယ်။ မှတ်မှတ်ရရ ဖြစ်လောက်စရာကတော့ ဒီဇာတ်ဆောင် နေရာအတွက် ကရိတ်ဂ်ျကို ရွေးမလား၊ ကာဗီးလ်ကို ရွေးမလား ဆိုတဲ့အပေါ် ဒါရိုက်တာ မာတင်ကမ့်ဘဲလ်နဲ့ ပရိုဂျူဆာတွေကြား အငြင်းပွားစရာ ဖြစ်ခဲ့သေးတယ် ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကာဗီးလ်တစ်ယောက် ဇာတ်ကောင်နေရာ ကြီးကြီးမားမားနဲ့ နောက်တစ်ခါ လွဲသွားပြန်တာပဲ အဖတ်တင်ပါတယ်။ Harry Potter ဇာတ်ကားမှာ ဆီဒရစ် ဒီဂိုရီ နေရာအတွက် လျာထားခံရပြီးမှ ရောဘတ်ပက်တင်ဆန်ရဲ့ နောက်ကောက်ချခြင်း ခံလိုက်ရတာလည်း မေ့ထားလို့ မရပါဘူး။
(၂၀၀၈)ခုနှစ်မှာတော့ ရုပ်ရည်အရရော၊ ခန္ဓာကိုယ် အချိုးအဆက် အရပါ ဆွဲဆောင်မှုရှိတဲ့ ကာဗီးလ်ဟာ Dunhill အမှတ်တံဆိပ် ရေမွှေးရဲ့ မော်ဒယ်လ်၊ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခွင့် ရခဲ့ပါတယ်။ သူဟာ (၂၀၀၈)ခုနှစ်က ရုံတင်တဲ့ ထိတ်လန့်သည်းဖို ဇာတ်ကား Blood Creekမှာ ပါဝင်ခဲ့ပြီး နောက်တစ်နှစ်မှာ ပြသတဲ့ ဝူဒီအလန်ရဲ့ Whatever Worksမှာတော့ မထင်မရှား နေရာလေးလောက်ကပဲ သရုပ်ဆောင်ခဲ့ရတယ်။ အဲဒီနောက် စရိတ်စက ကြီးကြီးမားမား အကုန်အကျခံ ရိုက်ကူးတဲ့ Immortal ဇာတ်ကားမှာ ခေါင်းဆောင်နေရာက ပါဝင်ပြီး (၂၀၁၂)မှာတော့ The Cool Light Of Dayမှာ မင်းသားကြီး ဘရုစ်ဝီလီနဲ့ အပြိုင်ကြဲခွင့် ရခဲ့ပြန်တယ်။ အဲဒီနောက်မှာတော့ ဒါရိုက်တာ ဇက်ခ်ဆင်းဒါး တာဝန်ယူတဲ့ Superman: Man of Steelအတွက် ကမ်းလှမ်းခြင်း ခံလိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ စွမ်းရည်မြင့်မားလွန်းတဲ့ သိပ္ပံလူစွမ်းကောင်း ဇာတ်ရုပ်ဟာ ကာဗီးလ်နဲ့ လမိုင်းကပ်သွားပြီး ကာဗီးလ်တစ်ယောက် Superman ဖြစ်ခွင့် ကြုံလာပါတော့တယ်။
ကာဗီးလ်အနေနဲ့ နောက်ထပ် ဧရာမ ဟောလီးဝုဒ် ဇာတ်ကောင်တွေ နေရာမှာပါ ပါဝင်လာနိုင်သေးတယ်လို့ ဆိုရမှာပါ။ Supermanမှာ ပထမတစ်ကြိမ် လွဲခဲ့ပေမယ့် ခုတစ်ကြိမ် အကောင်အထည် ပေါ်ခဲ့သလို James Bondမင်းသားသစ် နေရာမှာလည်း သူ့ကို မြင်ကောင်း မြင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရိတ်ဂ်ျသာ James Bond ဇာတ်လမ်းတွေ ဆက်မရိုက်တော့ဘူးဆိုရင် ဆက်ခံသူဟာ ကာဗီးလ် ဖြစ်လာနိုင်တယ်လို့ တော်တော်လေး ရေပန်းစားနေတာကြောင့်ပါ။ နောက်တစ်ခု ရှိပါသေးတယ်။ တွမ်ခရုစ်ရဲ့ Mission Impossible ဇာတ်လမ်းတွေဟာ ပရိသတ် အကြိုက်ဆုံး စွန့်စားခန်း ရုပ်ရှင်တွေ ဖြစ်ပါတယ်။ ခရုစ်အနေနဲ့ အသက်အရွယ်ကြောင့် ရှေ့ဆက်ပြီး ဒီဇာတ်ကားတွေမှာ မပါဝင်တော့ဘူးဆိုရင် အေးဂျင့် အီသန်ဟန့် နေရာကို ဆက်ခံဖို့ ထုတ်လုပ်သူတွေ မျက်စိအကျဆုံး မင်းသားအဖြစ် ကာဗီးလ်က တစ်ပြေးနေပြန်ပါသတဲ့။ လောလောဆယ်တော့ သူဟာ The Great Wall ဇာတ်ကားအတွက် အလုပ်များနေပါတယ်။
ဟောလီးဝုဒ်မှာတော့ ကာဗီးလ်ဟာ ပျော်ပျော်နေတတ်ပြီး အရွှမ်းစကားတွေ ပြောတတ်သူလို့ လူသိများပါတယ်။ သူက Superman ဝတ်စုံရဲ့ ဆန်းသစ် ပြောင်းလဲမှုတွေအပေါ် မှတ်ချက်ပေးခဲ့တုန်းက သိပ္ပံလူစွမ်းကောင်းကြီးရဲ့ အတွင်းခံဘောင်းဘီ အနီရောင်ကို အပြင်ထုတ်ဝတ်တဲ့ ဖက်ရှင် ရေရှည် မတည်တံ့တော့လို့ သက်ပြင်းချမိကြောင်း ခပ်နောက်နောက် ပြောပြဖူးပါတယ်။ "ဒီခေတ် ကလေးတွေက အရင် Supermanရဲ့ လွှမ်းမိုးမှုနဲ့ ကင်းကွာနေပြီလေ။ ခုနေ ဒီလူကြီး ဘာဖြစ်လို့များ အတွင်းခံဘောင်းဘီကို အပြင်ထုတ် ဝတ်ထားတာလဲလို့ ကလေး တစ်ယောက်ယောက်က မေးလာရင် ကျွန်တော် ဘယ်လိုမှ ဖြေတတ်မယ် မထင်ဘူး။ တကယ့်ကို ချောက်ကျမှာ။ ခုတော့ တော်ပါသေးရဲ့"လို့ သူက မှတ်ချက်ပေးပါတယ်။ အဲဒီဇာတ်ကားထဲမှာ တစ်ခါတစ်လေ နည်းနည်းလောက် ပြောင်ချော်ချော် မျက်နှာပေး ဖြစ်နေတယ်လို့ အပြောအဆို ခံရတာကလွဲရင် Supermanအဖြစ် အသင့်တော်ဆုံး မင်းသားလို့ ဟောလီးဝုဒ် ဝေဖန်ရေးသမားတွေက အသိအမှတ် ပြုခဲ့တာဟာ ကာဗီးလ်အတွက်တော့ အားတက်စရာပါပဲ။
ကာဗီးလ်ဟာ လောလောဆယ် အချိန်ထိ ရုပ်ရှင်ဇာတ်ကား (၁၄)ခုမှာ ပါဝင်သရုပ်ဆောင်ထားပြီး (၁၃)ခုကတော့ ရုံတင်ပြသခဲ့ပြီးပြီ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ အနေနဲ့ကတော့ (၃)ခု ရိုက်ကူးပြီးပါပြီ။ ကာဗီးလ်ဟာ အားကစား ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး တစ်ဦးချင်း ယှဉ်ပြိုင် တိုက်ခိုက်ရတာမျိုးနဲ့ ဟော်ကီ အားကစားတွေကို နှစ်သက်ပါတယ်။ ပြီးတော့ သူဟာ ပုဂ္ဂိုလ်ရေး ဘဝနဲ့ ပတ်သက်ရင် သိုသိုသိပ်သိပ် နေတတ်သူပါ။ "ကျွန်တော့် ကိုယ်ပိုင်ဘဝကို လျှို့လျှို့ဝှက်ဝှက်ပဲ ထားခဲ့တယ်။ ရှေ့ဆက်ပြီးလည်း တတ်နိုင်သမျှ ဒီလိုပဲ နေချင်တယ်။ အရာရာ ပွင့်လင်းလွန်းတာလည်း မကောင်းဘူးလေ"လို့ သူက ဆိုပါတယ်။ ကာဗီးလ်ဟာ (၂၀၁၁)ခုနှစ်၊ မေလက အင်္ဂလိပ် မြင်းစီးအားကစားမယ် အယ်လန် ဝှစ်တိတ်ကာနဲ့ စေ့စပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ အချစ်ရေးက ရေရှည် မခံခဲ့ဘူး။ (၂၀၁၂)ခုနှစ်၊ စက်တင်ဘာကနေ (၂၀၁၃)ခုနှစ်၊ မေလထိ ရုပ်ရှင်မင်းသမီး ကာဗီးလ်ကို ရုပ်ရှင်မင်းသမီး ဂျီနာ ကာရာနိုနဲ့ ပွဲလမ်းသဘင် တချို့မှာ တပူးတွဲတွဲ တွေ့ရပေမယ့် ကာဗီးလ်ကတော့ ဒီကိစ္စအပေါ် ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း မှတ်ချက် မပေးခဲ့ဖူးဘူး။ သူ့အချစ်ရေးကို သတင်းထောက်တွေက မေးတဲ့အခါ ကာဗီးလ်က "ပြီးပြည့်စုံတဲ့ လောကတစ်ခုမှာတော့ ကျွန်တော်က ကိုယ့်ဘဝရဲ့ အိပ်မက်လို့ ပြောရမယ့် အမျိုးသမီးကို ရှာပြီး လက်ထပ်ချင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒါက လူတိုင်းဖြစ်ချင်တဲ့ ဧရာမ စီမံကိန်းကြီး မဟုတ်လား"ဆိုတဲ့ စကားနဲ့ပဲ သွယ်သွယ်ဝိုက်ဝိုက် ငြင်းဆန်သွားခဲ့ပါတယ်။
Translated by ZYW
Favoritesကာဗီးလ်ဟာ ကျောင်းသား ဘဝမှာ ကတည်းက သရုပ်ဆောင် ဘဝကို စပြီး ခံယူခဲ့ပါတယ်။ သူငယ်ငယ် ကတည်းက ပြောခဲ့တဲ့ ရည်မှန်းချက်က မင်းသားတစ်ယောက် ဖြစ်လာဖို့ပါ။ မဟုတ်ရင်တော့ စစ်တပ်ထဲ ဝင်ရင်ဝင်၊ ဒါမှမဟုတ် ရှေးဟောင်းသမိုင်း ပညာရှင်တစ်ယောက် ဖြစ်လာချင်တယ် ဆိုတာပါပဲ။ စတိုဝီမှာ ကျောင်းတက်နေရင်း ရိုက်ကွင်းတစ်ခုနဲ့ ကြုံခဲ့ပြီး ကာဗီးလ်ဟာ ဟောလီးဝုဒ်မင်းသား ရက်ဆဲလ်ခရိုးလ်နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ အဲဒီနောက် ခရိုးလ်က ကာဗီးလ်ကို မင်းသားဖြစ်လာအောင် ကြိုးစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ Superman: Man of Steelမှာတော့ ခရိုးဟာ ကာဗီးလ်ရဲ့ ဖခင်အနေနဲ့ သရုပ်ဆောင်လာရတော့ အမှတ်တရ ဖြစ်လောက်စရာ အခြေအနေ တစ်ရပ်ပါပဲ။

http://www.planet.com.mm/stars/intro.cfm?star=109

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။