Nine Nine Sanay @ နိုင်းနိုင်းစနေ
ဟောင်ကောင်က နာမည်ကြီးတရုတ်စာရေးဆရာမတစ်ဦးနဲ့ မိတ်ဆက်ပေးချင်တယ်။ အချစ်တွေ၊ ယောက်ျားမိန်းမအကြောင်းတွေကို အဓိကထားရေးတဲ့ နာမည်ကြီးအချစ်စာရေးဆရာမပေါ့။ သူ့စာတွေကို ကျွန်မသိပ်တော့မဖတ်ဖူးဘူး။ ကျွန်မဦးနှောက်ကပဲ လိုက်မမီတာပဲလား... သူတို့ယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့ယဉ်ကျေးမှုကွာလို့ပဲလားတော့ မသိဘူး... သူ့စာတွေကို နည်းနည်းပဲဖတ်ဖူးတယ်။ သူက ရေးရဲ၊ ပြောရဲတဲ့ စာရေးဆရာမပေါ့.. Amy Cheung (張小嫻) လို့ခေါ်ပါတယ်။ ဒါက သူ့ရဲ့ Fan Page ပါ။ https://www.facebook.com/iamamycheung
မနေ့က စာကြည့်တိုက်မှာ သူ့စာအုပ်လေးတစ်အုပ်တွေ့လာတယ်။ စာအုပ်နာမည်က "Close to me"တဲ့။ ယောက်ျားမိန်းမအကြောင်းကို နာမည်ကြီးသရုပ်ဆောင်၊ သတင်းတွေနဲ့ ကိုးကားပြီး သူရေးထားတာပေါ့။ ကျွန်မလည်း စပ်စုတ...ာနဲ့ ငှားလာကြည့်ဖြစ်တယ်။ စာအုပ်ထဲပါတဲ့စာတစ်ပုဒ်ကို ဘာသာပြန်မျှဝေလိုက်ပါတယ်... စာပိုဒ်နာမည်က "သူဟာ ငါ့ရဲ့အဆိပ်" တဲ့..

******
Nicole Kidman က (ယခင်)သူ့ခင်ပွန်းဖြစ်တဲ့ မင်းသားချော Tom Cruiseအကြောင်းကို ပြောတော့ "သူက ကျွန်မကို မူးယစ်စေတယ်... သူဟာ ကျွန်မရဲ့အဆိပ်ပေါ့"လို့ ဆိုခဲ့တယ်။
ယောက်ျားတစ်ယောက်ကို အဆိပ်လို့ တင်စားခံရတာလောက် ဂုဏ်ယူစရာကောင်းတာ မရှိတော့ဘူး။ ယောက်ျားတော်တော်များများက သာမန်ဆေးတွေမို့ပါပဲ။
တချို့ယောက်ျားက အစာအိမ်ဆေးပေါ့။ သင့်အစာအိမ်ထဲမှာ အစာမရှိတဲ့အခါ ဒါမှမဟုတ် အက်စစ်များတဲ့အခါ ဒီလိုယောက်ျားမျိုးကို အဖော်ရှာပြီး
သင်နဲ့ ထမင်းအတူစားနိုင်ပါတယ်။ ဒါပေမယ့် သူက သင်နဲ့တစ်သက်တာ ထမင်းအတူစားလို့ရနိုင်တဲ့ ယောက်ျားမျိုးတော့ မဟုတ်ဘူး။
တချို့ယောက်ျားက အနာကျက်ဆေးပေါ့။ သင် အသည်းကွဲချိန် ဒီလိုယောက်ျားမျိုးကိုရှာပြီး သင်ရင်ဖွင့်နိုင်တယ်၊ နာကျင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်တယ်။
သူက သင်လိုချင်တဲ့ ချစ်သူမျိုးတော့ မဟုတ်လောက်ဘူး။ ဖြစ်နိုင်ရင်... ဘယ်သူက အနာကျက်ဆေးသောက်ချင်မှာလဲ?
တချို့ယောက်ျားက အအေးမိနှာစီးချောင်းဆိုးဆေးပေါ့။ ဆေးသောက်မသောက်လည်း အအေးမိနှာစီးတာမျိုးက ပျောက်သွားမှာပါပဲ။ ဒီလိုယောက်ျားမျိုးက ရှိလည်းရတယ်၊ မရှိလည်းရတယ်။
တချို့ယောက်ျားက ပိန်ဆေးပေါ့။ တကယ်လို့ နောက်ဆုံးရွေးစရာမရှိတော့တဲ့ အချိန်မရောက်သရွေ့ ဘယ်သူက သူ့ကိုယူချင်မှာလဲ။
တချို့ယောက်ျားက ကိုယ်ဝန်တားဆေးပေါ့။ ဒီလိုယောက်ျားမျိုးကို မယူတော့လည်း မလုံခြုံသလို ခံစားရတယ်။ ယူတော့လဲ ဆိုးကျိုးတွေရှိတယ်။
တချို့ယောက်ျားက After pill ပေါ့။ ဒီလိုယောက်ျားမျိုးက မယူမနေရမို့ ယူလိုက်ရတယ်။
တချို့ယောက်ျားက ဗီတာမင်ဆေးပေါ့။ သူကျန်းမာသန်စွမ်းတယ်၊ ဘဝအတွက် သင်တွေးပူစရာမလိုဘူး။ ဒါပေမယ့် သူ့မှာ ကိုယ်ပိုင်ဟန်မရှိဘူး။
အဆိပ်ကသာ လူကိုမူးယစ်စေတယ်။ လိုချင်တပ်မက်စေတယ်။ အဆိပ်မှန်းသိရက်နဲ့ အဲဒီအဆိပ်ကို စိတ်လိုလက်ရသောက်ဖြစ်တယ်... အသည်းနှလုံးတွေ ကွဲကြေတဲ့အထိပေါ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။