Burma-Newselite
မြန်မာနိုင်ငံ၏ ဦးစားပေးများ
ခင်မေဇော် (Burma-Newselite)
~~~~~~~~~~~~~~
ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ခရီးစဉ်တွင် မြန်မာသမ္မတ ဦးသိန်းစိန်တို့ မေလ ၂၆ ရက်နေ့က တွေ့ဆုံအပြီး အကူအညီအသစ် ယန်း ၉၁ ဘီလီယံဖိုး
ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သလို ချေးငွေ ယန်း၅၁ ဘီလီယံနှင့်
ထောက်ပံ့ကြေး ၄၀ ဘီလီယံ၊ ထို့အပြင် အကြွေး ယမ်းဘီလီယံ ၁၉၀ကို
လျှော်ပစ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ကြိုးပန်းချက်ကို ကူညီရန်ဖြစ်သည်ဟု The Japan Times သတင်းစာ အယ်ဒီတာအာဘော်တွင် ရေးသားထားသည်။
ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံခရီးသည် ၃၆ နှစ်အတွင်း ဂျပန် ၀န်ကြီးချုပ် တဦး၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်လေရာ ဤခရီးစဉ်သည် မြန်မာပြည်သူ များ၏ အကျိုးစီးပွားအတွက် အဓိကအလေးထားသင့်ပြီး မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်မည့် ကုမ္ပဏီများ၏ အကျိုးအမြတ်အတွက် ဦးစားမပေးသင့်ပါ။
အရပ်သားအစိုးရအသွင်ပြောင်းခဲ့သည့် ၂ နှစ်တာအတွင်း ဒီမိုကရေစီ
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် ဧပြီလတွင် ပါလီမန် အဖွဲ့ဝင်ဖြစ်လာပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်လာ သဖြင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို လက်ခံလာ ခဲ့သည်။
လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်ရေးကြိုးပန်းမှုကို မလိုလား
ငြင်းဆန်နေသော စစ်တပ်အတွင်းမှ စစ်ဗိုလ်ဟောင်းများ၏ အင်အားကလည်း မသေးလှပါ။ သို့စေကာမူ လူထု၏ လူမှုဘ၀မြင့်တင်နိုင်ပြီး
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို လူမှုရေးအလွှာအားလုံးက အကျိုးခံစားခွင့်ရှိရန်နှင့် ပြည့်စုံကုံလုံသော လူနေမှုအဆင့် တရပ် ရရှိခံစားနိုင်ရန်အတွက် ဦးသိန်းစိန်အစိုးရက မြင့်တင်ပေးနိုင်ခြင်းက ပို၍အရေးကြီးပါသည်။
အမှန်စင်စစ် ဂျပန်သည် စွမ်းအင်ထုတ်လုပ်ခြင်း၊ ရေသန့်ပြုလုပ်ခြင်း၊
ရေဆိုးသန့်စင်ခြင်း၊နှင့် သယ်ယူပို့ဆောင်ခြင်းအစရှိသည့် မြန်မာနိုင်ငံ၏ အခြေခံ လူမှုအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကူညီနိုင်ပေသည်။
မစ္စတာ အာဘေးနှင့်အတူ မြန်မာနိုင်ငံကို စီးပွားရေး ခေါင်းဆောင် ၄၀ ခန့်က စီးပွားရေးမစ်ရှင်သဘောမျိုး လိုက်ပါသွားခဲ့သည်။ အကယ်၍ မစ္စတာအာဘေးက ပြည်ပပို့ကုန်အတွက် အခြေခံ အဆောက်အအုံ နည်းပညာများမှတဆင့် ဂျပန်ကုမ္ပဏီများ အကျိုးအမြတ်ရရှိရေးကိုသာ အလေးပေးဆောင်ရွက်မည်ဆိုလျှင်၊ မြန်မာလူထုအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကို အခိုင်အမာ အခြေမခံခဲ့လျှင်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်သည်။
ဥပမာ- စက်မှုဇုံတည်ထောင်သော်လည်း ပြည်တွင်းအလုပ်သမားများ
ကို အလုပ်ခန့်မည့် ကုမ္ပဏီများကို ထည့်သွင်းခြင်းမပြုလျှင်၊ ပြည်တွင်း စားသုံးမှုအတွက် မထုတ်လုပ်လျှင် သိပ်အဓိပ္ပါယ်မရှိလှပါ။
တရုတ်နိုင်ငံ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတွင် အလုပ်သမား လစာများ
မြင့်တက်လာသောကြောင့် သဘာဝအရင်းအမြစ်ကြွယ်သည့်၊
ဈေးပေါသော်လည်း စိတ်ချရသည် လုပ်သားများရှိရာ မြန်မာနိုင်ငံဘက်ကို စီးပွားရေးလုပ်ငန်းများ ခြေဦးလှည့်လာကြသည်။ သို့သော် ပြီးခဲ့သည့် နှစ် ၅၀ အတွင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရက တိုင်းပြည်ထူထောင် ရာတွင် လိုအပ်လှသော လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနှင့် ဥပဒေပိုင်းဆိုင်ရာ ဖွဲ့စည်းမှုတို့ကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။
ဦးသိန်းစိန်နှင့် မစ္စတာ အာဘေးတို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် မြန်မာ့ဥပဒေဆိုင်ရာ၊ အုပ်ချုပ်မှုဆိုင်ရာနှင့် ပညာရေးစနစ်ဆိုင်ရာ ဖွဲ့စည်းမှုများအတွက် နည်းပညာပိုင်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန် အရေးကြီးကြောင်း ထဲ့သွင်းရေးသားထားသည်။ ထိုမျှမက မြန်မာနိုင်ငံတွင် အမြစ်တွယ်နေဆဲ လူမျိုးရေးဘာသာရေးပဋိပက္ခများတွင် ရင်ကြားစေ့ရေးအတွက်လည်း ဂျပန်နိုင်ငံက နည်းလမ်းရှာဖွေ ကူညီသင့်လှပေသည်။
မြန်မာနိုင်ငံဘက်ကလည်း ကိုယ်ကျိုးရှာခြင်းများ လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေး ကြိုးပန်းလုပ်ဆောင်ရမည်ဖြစ်ပြီး မိမိက မည်ကဲ့သို့သော နိုင်ငံ
ဖြစ်လာရန် လိုလားသည်၊ ဒေသတွင်းတွင် မည်ကဲ့သို့သော အခန်းကဏ္ဍမှ ပါဝင်လိုသည် ဟူသော မျှော်မှန်းချက်ကို ထုတ်ဖော်ပြသရန် အထူး လိုအပ်လျှက်ရှိနေပါသည်။
The Japan Times မှ အယ်ဒီတာ့အာဘော် Priorities in Myanmar ကို ခင်မေဇော်က ဘာသာပြန်ဆိုပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။