24 December 2012 |By 8 Days
ဒီတစ်ပတ် မှာတော့ အစွန်း မရောက်ဘဲ အစွန်းတစ်ဖက်မှာ ရှိနေတဲ့ အရေပြား အတွက် ထိန်းသိမ်း စောင့်ရှောက်မှု အကြောင်း ပြောချင်ပါတယ်။ လူတွေထဲမှာ ပေါင်းရသင်းရခက်တဲ့ သူတွေ ရှိသလို အသားအရေထဲမှာလည်း ထိန်းသိမ်းရခက်ခဲတဲ့ အမျိုးအစားတွေ ရှိပါတယ်။
သာမန်ထက် ချွန်နေတဲ့ ဒီအသားအရေတွေဟာ သာမန်ထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်ပါတယ်။ သာမန်ထက် အကဲလွန်နေတဲ့ အသားအရေတွေထဲမှာ အထိမခံ နူးညံ့တဲ့ အသားအရေ အမျိုးအစားလည်း တစ်ခု အပါအဝင်ပါပဲ။
အထိမခံ နူးညံ့တဲ့ အသားအရေပိုင်ရှင်များ
ဒီအသားအရေ ပိုင်ရှင်တွေအတွက် အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှုဆိုတာ ဒန့်စ်ကရသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းနူးညံ့တဲ့ အရေပြား ပိုင်ဆိုင်ထားတဲ့အတွက် ပြင်ပပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို အလွယ်တကူ လက်သင့်ခံနေရလို့ပါ။ ကိုယ်က တစ်ခုခု လုပ်လိုက်တိုင်း အသားအရေဘက်က ကိုယ့်ရဲ့ လှုပ်ရှားမှုအတိုင်း ပြန်လည် တုံ့ပြန်လေ့ရှိတယ်။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် ကခုန်နိုင်ဖို့ လိုအပ်တယ်။
စမ်းသပ်ခြင်း
ကိုယ့်အသားအရေဟာ တခြား အသားအရေတွေထက် နူးညံ့နေတော့ အလှကုန်တွေ သုံးတဲ့အခါမှာ မျက်နှာကို အရင်မလိမ်းဘဲ လက်မောင်းအတွင်းအောက်က အရေပြားကို စမ်းလိမ်းပြီးမှ မျက်နှာကို လိမ်းကြည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။
သန့်စင်ခြင်း
အထိမခံ နူးညံ့တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့ အရေပြားကို သန့်စင်အောင် ဆပ်ပြာတိုက်တဲ့ အခါမှာ သာမန်ရိုးရိုး ဆပ်ပြာတွေသုံးရင် အဆင်မပြေပါဘူး။ မျက်နှာ နီရဲလာတာတို့၊ နာကျင်လာတာတို့ ဖြစ်တတ်ပါတယ်။ အရေပြား သန့်စင်တဲ့နေရာမှာ ရေသောက်များခြင်းဟာလည်း အရေပြား သန့်စင်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
Toner
ဒီအသားအရေ ပိုင်ရှင်တွေအတွက် Toner သုံးတဲ့အခါမှာ ဓာတ်မတည့်တာတွေ အဖြစ်များတတ်ပါတယ်။ နာမည်ကြီး ဘရန်းဆိုပြီး လိမ်းလိုက်တာ အသားအရေအတွက် ဒုက္ခရောက်ရတာတွေ ရှိတတ်ပါတယ်။ သူတို့အတွက်ကတော့ ရေဟာ အကောင်းဆုံးပါ။ ရေနဲ့ပဲ မျက်နှာကိုဖြန်းပြီး သစ်တာဟာ ရိုးရှင်းလှသလောက် ထိရောက်မှုလည်း ရှိပါတယ်။ ချွေးပေါက်တွေကို ပိတ်သွားစေပြီး Moisturizer လိမ်းတဲ့အခါမှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
Toner အတွက် အိမ်တွင်းဖြစ် သုံးလို့ရတဲ့ နည်းကောင်းလေးတစ်ခု ပြောပြပါမယ်။ သံပရာသီး သေးသေးကို အရည်ညှစ်ပြီး ရေ (အောင်စအနည်းငယ်) နဲ့ ရောစပ်ပါ။ အဝတ်သန့်တစ်ခုနဲ့ ဆွတ်ပြီး မျက်နှာကို ပွတ်ပေးပါ။ မျက်လုံးနေရာတော့ ချန်လှပ်ထားပေးပါ။ သံပရာထဲမှာပါတဲ့ ဗီတာမင်စီဟာ အရေပြားအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ မျက်နှာမှာ ထွက်လာတဲ့ အစက်အပြောက်များကို တားဆီးစေပါတယ်။
အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက်
လူတွေထဲမှာ ခန္ဓာကိုယ်ကနေ အလကား ထုတ်လွှတ်တဲ့ အရာတွေကို အများအပြား ထုတ်လွှတ်ကြတဲ့သူတွေ ရှိပါတယ်။ တချို့က စကားတွေ အများကြီး ထုတ်လွှတ်ကြတယ်။ တချို့ကျတော့ အဆီတွေကို အများကြီး ထုတ်ကြတယ်။ ဒီအထဲမှာ အသားအရေပိုင်းဆိုင်ရာအရ အဆီပြန်လွယ်တဲ့ ပိုင်ရှင်တွေဟာလည်း သာမန်ထက်ပိုပြီး အထူးစောင့်ရှောက်မှု လိုအပ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။
ငါ့မျက်နှာ ဘယ်သူအဆီ လာသုတ်သွားလဲ
မျက်နှာမှာ အဆီတအားပြန်နေတာ ဘုရားသခင် အလိုတော်ရ မဟုတ်ဘဲ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်တွင်းဟော်မုန်းတွေ ပြောင်းလဲမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ အပျိုဖော်ဝင်စ ကာလအပြင်၊ ဓမ္မတာပန်းပွင့်ချိန်၊ မီးဖွားချိန်တွေမှာလည်း ဟော်မုန်းပြောင်းလဲပြီး မျက်နှာ အဆီပြန်လွယ်တာတွေ ဖြစ်တတ်ပါတယ်။
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက် ကြောက်စရာ အကောင်းဆုံးနဲ့ အရင်းနှီးဆုံး ဆက်ဆံရမယ့် ရန်သူကတော့ “ဝက်ခြံ” ပဲ ဖြစ်ပါတယ်။ အမေရိကန်မှာဆို ဆယ်ကျော်သက် ၈၅ ရာခိုင်နှုန်းဟာ ဝက်ခြံနဲ့ ဆက်ဆံနေကြရပါတယ်။ ကျားဟော်မုန်းဖြစ်တဲ့ အန်ဒရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ ဟော်မုန်း ဂနာမငြိမ်မှုကြောင့် အန်ဒရိုဂျင်ဟော်မုန်းတွေဟာ များပြားလာပြီး အဆီပြန်လာတတ်ပါတယ်။
တားဆီးခြင်း
မျက်နှာကို နူးညံ့တဲ့ Mild Soap ဆပ်ပြာနဲ့ မကြာခဏ သစ်ပေးခြင်းဟာ မျက်နှာကို သန့်စင်စေရုံမျှမက အဆီပြန်ခြင်းကိုလည်း တားဆီးပေးပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အတွက် Oil-Free Moisturizer တွေကို ရွေးချယ် လိမ်းပေးသင့်ပါတယ်။ နောက်ပြီး အရက်ပြန်ပါတဲ့ အလှကုန်တွေကို တတ်နိုင်သမျှ ရှောင်ပေးသင့်ပါတယ်။ အရက်ပြန်ဟာ အရေပြားကို အလျင်အမြန် ခြောက်သွေ့စေပါတယ်။
အစားအသောက်ပိုင်းကိုလည်း အဆီပြန်လွယ်တဲ့ သူတွေဟာ ရွေးချယ် စားသောက်ရပါမယ်။ အဆီများတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ သကြားနဲ့ အချိုဓာတ်များတဲ့ အစားအသောက်တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပေးရပါမယ်။ အရေးအကြီးဆုံး အချက်ကတော့ မိတ်ကပ်လိမ်းပြီးရင် ပြန်ဖျက်ပေးဖို့ပါ။
အဆီပြန်လွယ်တဲ့ သူတွေ အနေနဲ့ တခြားသူတွေထက်ပိုပြီး ဝက်ခြံဖြစ်လွယ်တာမို့ မိတ်ကပ်လိမ်းပြီး ပြန်မဖျက်မိရင် တခြားသူတွေထက် ဝက်ခြံ ပိုဖြစ်လွယ်တတ်လို့ပါ။ ဒီတစ်ပတ်တော့ အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှုထဲမှာ တခြား အရေပြားပိုင်ရှင်တွေ အတွက် ပိုပြီး စောင့်ရှောက်မှု လိုအပ်တဲ့ စပါယ်ရှယ် အသားအရေ ပိုင်ရှင်များအကြောင်း တင်ဆက်မှု ဒီမျှနဲ့ ခဏရပ်နားရင်း...။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။