ဘယ်တော့မှ ဘဝကို အရှုံးမပေးစတမ်း။
အသက်အရွယ်မရွေး၊ ကျား/မမရွေး လူတိုင်း လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ စိတ်ကျဝေဒနာကို ခံစားနိုင်ရပါတယ်။ လေ့လာမှု စစ်တမ်းတေ...

ွ အရ အလွန်ငယ်ရွယ်တဲ့ သူတွေ၊ မြီးကောင်ပေါက်စ အရွယ်တွေနဲ့ လူကြီးတွေ အပါအဝင် လူအတော်များများဟာ နှစ်စဉ် စိတ်ဓာတ် ကျနေတယ်လို့ ဆိုထားပါတယ်။
စိတ်ကျဝေဒနာကို ကုသမှု မခံယူရင် ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းခွင်၊ အိမ်ထောင်ရေး စတာတွေမှာတောင် ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။
* ကိုယ်ခန္ဓာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်
နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့လို ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ စိတ်ဓာတ်ကျနေသူတွေက သူတို့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ ခက်ခဲခဲ့ပါတယ်လို့ ရှင်းပြပါတယ်။ လေ့လာမှုတွေအရ စိတ်ဓာတ်ကျနေတဲ့ နှလုံးရောဂါရှင်တွေဟာ နှလုံးရောဂါထပြီး လအနည်းငယ်အတွင်း သေဆုံးနိုင်ခြေ ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။
* အိပ်မပျော်တာနဲ့ နေ့ခင်းဘက် ပင်ပန်းတာကို ဖြစ်စေနိုင်ပါတယ်
စိတ်ဓာတ်ကျတာကြောင့် အိပ်ရေးပျက်တာနဲ့ အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် အလွန်အမင်း ပင်ပန်းတာ၊ စွမ်းအင်မဲ့တာ၊ အာရုံစူးစိုက်မှု ခက်ခဲတာနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း လျော့နည်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာနဲ့ ပင်ပန်းနွမ်းနယ်တာမျိုး ကိုလည်း ဖြစ်စေနိုင်ပါတယ်။
* ချက်ချင်းပိန်တာနဲ့ အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်
ကိုယ်အလေးချိန် အလွန်အမင်း မြင့်တက်တာနဲ့ ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျတာတွေကလည်း စိတ်ကျဝေဒနာကို မကုသတာကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ။ ဒါ့အပြင် အကူအညီ မဲ့တာ၊ စိတ်တိုတာ၊ မျှော်လင့်ချက်မဲ့တာနဲ့ စိတ်တို စိတ်ဆတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။
* နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်
စိတ်ဓာတ် ကျတာကြောင့် နှလုံးကျန်းမာရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ သွေးကြောအတွင်း မျက်နှာပြင်တွေရှိ ဆဲလ်အလွှာကို ရောင်ရမ်းမှု ဖြစ်စေကာ သွေးကြောတွေအပေါ် ဒဏ်ဖြစ်စေလို့ပါ။ စိတ်ဓာတ်ကျတာကြောင့် အဆီဖတ်တွေ ပိတ်ဆို့ပြီး သွေးကြောပိတ်တာနဲ့ နှလုံးရောဂါထတာကို ဖြစ်နိုင်ခြေ မြင့်မား ပါတယ်။
* အရက်နဲ့ မူးယစ်ဆေးဝါး စွဲလမ်းစေနိုင်ပါတယ်
အရက်နဲ့ မူးယစ်ဆေးဝါးတွေ စွဲတာက စိတ်ကျဝေဒနာရှိနေသူတွေမှာ ပိုအဖြစ်များပါတယ်။ အရက်စွဲတာကြောင့် ကတုန်ကယင် ဖြစ်ကာ မှတ်ဉာဏ်ဆုံးရှုံးတာ၊ ပေါင်းသင်းဆက်ဆံရေး ထိခိုက်တာနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း လျော့နည်းတာတို့ ဖြစ်တတ်ပါတယ်။
* နာတာရှည် စိတ်ဝေဒနာ ဖြစ်စေနိုင်ပါတယ်
စိတ်ကျဝေဒနာကို မကုသရင် စိတ်ကြွလိုက်၊ ကျလိုက်ဖြစ်တဲ့ အစွန်းရောက် စိတ်ဝေဒနာ၊ ပူပင်သောကများတဲ့ ဝေဒနာနဲ့ အပြုအမူတစ်ခုကို ထပ်တလဲလဲ လုပ်တဲ့ စိတ်စွဲလွန် ဝေဒနာတို့လို ပြင်းထန်တဲ့ စိတ်ဝေဒနာတွေ ဖြစ်နိုင်ခြေ များပါတယ်။
* လူမှုရေးမှာ မဝင်ဆန့်တော့ပါဘူး
စိတ်ဓာတ်ကျတာက ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ်တွေ မမျှမတ ဖြစ်နိုင်ပါတယ်။ ဒီလိုမမျှတတာကြောင့် ပျော်ရွှင်မှု လျော့နည်းကာ လူမှုဘဝဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ မပျော်တော့တာမျိုး ဖြစ်တတ် ပါတယ်။
* အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်ဖြစ်နိုင်ပါတယ်
စိတ်ကျ ဝေဒနာကို ကုသမှု မခံယူတဲ့သူတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါးစွဲတာ၊ ဂိမ်းကစားတာ၊ သတိလက်လွတ် ယာဉ်မောင်းတာတို့ ဖြစ်နိုင်ခြေများပါတယ်။
* ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တတ်ပါတယ်
စိတ်ကျဝေဒနာကို ကုသမှု မခံယူတာကြောင့် ဖြစ်တတ်တဲ့ အကြီးမားဆုံး အန္တရာယ်က ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေး တက္ကသိုလ်အရ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူ ၉၀ ရာခိုင်နှုန်းကျော်ဟာ စိတ်ကျဝေဒနာနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
* သက်တမ်းမစေ့ခင် သေဆုံးနိုင်ပါတယ်
စိတ်ကျဝေဒနာကို ကုသမှု မခံယူပါက နာတာရှည် ရောဂါဖြစ်လာပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာရဲ့ လေ့လာမှုအရ ကုသမှုမခံယူတဲ့ နာတာရှည် စိတ်ဝေဒနာသည်တွေဟာ ပျမ်းမျှ လူ့သက်တမ်းထက် ၂၅ နှစ်နဲ့ အထက် စောပြီးသေဆုံးတယ်လို့ သိရပါတယ်။
Tip! စိတ်ကျဝေဒနာ ဖြစ်နေသူ ၈၀ ရာခိုင်နှုန်းကျော်ဟာ စောစောစစ်ဆေးတာ၊ ကုသတာနဲ့ မိသားစုဝင်တွေရဲ့ အားပေးမှု ရရှိတာတွေကြောင့် အောင်မြင်စွာကုသမှု ခံယူနိုင်ပါတယ်။ မိသားစုရဲ့ အားပေးနှစ်သိမ့်ကူညီမှုနဲ့ ပုံမှန်ဆေးကုသမှုကြောင့် ပုံမှန်လူမှုဘဝကို ရရှိစေနိုင်ပါတယ်။
ဇွန်
Ref:Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။