Royal Hero Media
သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့် မျက်နှာကို မှန်ထဲမှာ ကြည့်နေ သလို သဘောထားပါ။
ကိုယ့်ကိုကိုယ် တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။
...
အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာ ရအောင် ယူတတ်တဲ့ သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့ အကြုံတစ်ခု ဖြစ်သွား တယ်။
အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှု တွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။
အဆိုးတွေ ဘယ်လောက် ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။
ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံ နိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်း ဖြစ်မလာနိုင်ဘူး။
အမှန်တော့ ဘ၀နဲ့ ပတ်သက်ြပီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒီအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေကမှ ရတယ်။
သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။
စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျ သွားစေတယ်။
ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှု လုပ်နေတာပဲ။ အမှားတွေကို များများ ပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။ မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။
သူများမှားလို့ ကိုယ် ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။
ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။
အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။
အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။ ကိုယ်က သူများကို အပြစ်တင်နေတာ ရှုံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ် လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။
တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည် အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီ အပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။
တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ် လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။
ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောက ကြီးဟာ ဆက်စပ် နေတယ်၊ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲ ဆိုတာကို အရင်ဆုံး သိအောင်လုပ်ပါ။ အဲဒီက စ, ပါ။
သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ် သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာ ချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။
ဆရာတော် ဦးဇောတိက (တစိမ့်စိမ့်တွေးမယ်) စာအုပ်မှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။