ကျောက်သင်ပုန်း added 2 new photos.
ဆင်းရဲ နိုင်ငံ ...... ချမ်းသာ နိုင်ငံ
---------------------------
ကမ္ဘာမှာ နိုင်ငံ ၁၉၆ နိုင်ငံရှိပါတယ်.. ၂၅ နိုင်ငံ က အလွန်ချမ်းသာပြီး လူတဦး ရဲ့ ပျမ်းမျှဝင်ငွေဟာ တနှစ် သိန်း ၁၃၅၀ လောက် ဝင်ပါတယ်..ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၂၀ က ပြည်သူတွေကတော့ အလွန်ဆင်းရဲပြီး တနှစ်လုံး မှ ၁၃ သိန်းလောက်ပဲ ဝင်ကြတယ် တဲ့ .. တနေ့ ၃၀၀၀ နှုံးပေါ့။
ဆင်းရဲတဲ့နိုင်ငံတွေဟာ ချမ်းသာတဲ့ နိုင်ငံတွေကို လိုက်မှီဖို့
ကြိုးစားနေကြပေမဲ့ အလွန်နှေးနေပါတယ်။ ဥပမာ ဇင်ဘာဘွေ နိုင်ငံ ရဲ့ စီးပွားရေး
တိုးတက်နှုံး ဟာ လက်ရှိနှုံးအတိုင်းသာ တဖြေးဖြေးနဲ့ ပဲ တက်လာမယ် ဆိုရင်
သက္ကရာဇ် ၂၇၂၂ ခုနှစ် မှသာ ချမ်းသာတဲ့ နိုင်ငံ အဖြစ်ကိုရောက်မှာဖြစ်ပါတယ်။
ကဲ နိုင်ငံတွေ ဘာလို့ ဆင်းရဲလဲ ဘာလို့ ချမ်းသာလဲ ဆိုတာလေ့လာကြည့်ရင် ချမ်းသာ ဆင်းရဲ ကွဲပြားသွားစေတဲ့ အချက် ၃ ခုတွေ့ပါတယ်..
၁) ချမ်းသာတဲ့နိုင်ငံတွေမှာ အစိုးရ အပါအဝင် institution လို့ခေါ်တဲ့ စီးပွားရေး ကျမ်းမာရေး လုံခြုံရေး လူမှုရေး ပညာရေး လူမှု တိုးတက်ရေး ကို လုပ်ဆောင်ပေးနေတဲ့ အစိုးရ နဲ့ လူမှုအဖွဲ့အစည်းတွေ ခိုင်မာသလောက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီအဖွဲ့အစည်းတွေဟာ မခိုင်မာသလို မကြာခဏ အပြောင်းအလဲများပြီး ပြိုလဲပါတယ်.. လူ့အဖွဲ့အစည်းမခိုင်မာတဲ့အခါ မသူတော်တွေ ပေါများပြီး တောင့်တင်းတဲ့ အစိုးရ မပေါ်ပေါက်နိုင်ပါဘူး၊တကယ်တော့လာဘ်ပေးလာဘ်ယူနဲ့ ဆင်းရဲခြင်းဟာ တိုက်ရိုက်အချိုးကျပါတယ်.. ချမ်းသာတဲ့နိုင်ငံတွေမှာ corruption လို့ခေါ်တဲ့ လာဘ်ပေးယူမှု မရှိသလောက် နည်းတာတွေ့ရပြီး လာဘ်ပေးလာဘ်ယူများလေ ဆင်းရဲလေဖြစ်ပြီး ခြစားမှုအများဆုံးနိုင်ငံတွေဟာ အဆင်းရဲဆုံးဖြစ်နေပါတယ်။
အကျင့်ပျက်ခြစားတဲ့ အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေဟာ နိုင်ငံတိုးတက်ဖို့ လိုအပ်တဲ့ အခွန်အခ မရတဲ့အတွက် ဆင်းရဲမှု ထောင်ချောက်ထဲက ရုန်းမထွက်နိုင်ပါဘူး... လာဘ်စားပြီးအခွန်ကြီးတဲ့ နိုင်ငံ ဆိုရင်ပြည်သူလူထုအတွက် ဝန်နှစ်ဆပို ထမ်းရလို့ နစ်နာမှု ပိုဆိုးပြီး အမွဲဇာတ်က တက်လာမှာမဟုတ်ပါဘူး... လာဘ်ပေးလာဘ်ယူလျော့ချနိုင်မှ အခွန် တိုးကောက်သင့်ပါတယ်.စီးပွားရေးလုပ်ငန်းရှင်တွေအတွက် corruption + tax ပေါင်းပေးနေရမယ် ဆိုရင် သူတို့ အောင်မြင်ဖို့ ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး..
ဆင်းရဲတဲ့ နိုင်ငံတွေက လုပ်ငန်းရှင်တွေဟာ မလုံခြုံမှု ၊ ကြိုးနီစနစ်များပြားမှုကြောင့် သူတို့ ငွေတွေကို နိုင်ငံခြားမှာ သိမ်းထားတတ်ကြပါတယ်၊ အဆင်းရဲဆုံးနိုင်ငံ နှစ်ဆယ်ကို လေ့လာတဲ့အခါ သူတို့နိုင်ငံတွေက လုပ်ငန်းရှင်တွေဟာတနှစ် တနှစ်ကို ဒေါ်လာဘီလီယံ ၂၀ လောက် နိုင်ငံခြားဘဏ်တွေထဲ သွားထည့်ထားတာတွေ့ရပါတယ်တဲ့... ဒီလို နိုင်ငံရဲ့ငွေတွေ အပြင်ရောက်နေလို့ ပညာရေး၊ကျမ်းမာရေး၊လမ်းပမ်းဆက်သွယ်မှု နဲ့ ပြည်သူလူထုလုံခြုံရေး ကိစ္စတွေမှာ ဒီငွေတွေ နဲ့လည်ပတ်သုံးစွဲ နိုင်ခြင်းမရှိလို့ နိုင်ငံ နလံမထူပါဘူး။
ဆင်းရဲ ခြစားတဲ့ နိုင်ငံ နဲ့လူတွေမှာ Clan based thinking ခေါ်တဲ့ အမျိုးတူတွေ ကို ဦးစားပေးစဉ်းစားတတ်တဲ့ ယဉ်ကျေးမှု ဦးတည်ပါတယ်တဲ့... လုပ်ငန်းထဲမှာ တော်တဲ့ တတ်တဲ့လူကို ခိုင်းတာထက် မိမိအမျိုးမို့လို့၊ မိမိဆရာက ခန့်ခိုင်းလို့၊ဘာသာတူလို့၊ မိမိ မငြင်းဆန်နိုင်လို့ခန့်လိုက်ရတဲ့ လုပ်သားတွေများပါတယ်... ချမ်းသာတဲ့နိုင်ငံမှာတော့ ကိုက်ညီတဲ့အရည်အသွေးရှိတဲ့လူကို မရရအောင်ရှာပြီးရွေးချယ်ကြပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကတော့ သူတို့လာဘ်ပေးလာဘ်ယူတာကို အနှောက်အရှက်မဖြစ်မဲ့လူတွေကိုသာခန့်ကြပါတယ်။ ဒီလိုဘက်လိုက်ရွေးချယ်မှုတွေကြောင့်လာဘ်ယူမှု အတောမသတ်နိုင်ဖြစ်လာပြီး ဆင်းရဲတဲ့နိုင်ငံတွေဟာ တော်တဲ့ လူရည်ချွန်တွေကိုရွေးချယ်တဲ့ စနစ်ပျက်ယွင်းပြီး ပညာဉာဏ်ကိုအလေးမပေးတဲ့ အဖွဲ့အစည်းဖြစ်လာပါတယ်။ ဒီအကျိုးဆက်ကတော့ တော်ဖို့ထက် အဆက်အသွယ်ကောင်းဖို့ လို့ ယူဆလာတဲ့အတွက် အရည်အသွေး ပြည့်အောင် မသင်ပေးနိုင်တော့သလို ပြည့်လာဖို့လည်း မကြိုးစားတော့ပါဘူး။ ဒီလို အရည်အသွေးမပြည့်တဲ့ လူတွေများလာတာကြောင့် မွဲခြင်းသံသရာလည်ပါတော့တယ်။
၂) Culture ယဉ်ကျေးမှု ဟာ အရေးပါပါတယ်။ နိုင်ငံတနိုင်ငံဟာ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်ရင် ဆင်းရဲပါတယ်တဲ့... ယေဘုယအားဖြင့် ကြိုးစားပြီးချမ်းသာလာတဲ့ နိုင်ငံတွေဟာ ဘာသာရေးအစွန်းကင်းတာတွေ့ရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ၂၀ ထဲက ၁၉ နိုင်ငံက ဘာသာရေးယုံကြည်မှု ဟာ သူတို့နေ့စဉ်ဘဝ အတွက် အရေးမပါဘူး လို့ပြောကြပါတယ်။ ကိုးကွယ်ယုံကြည်သူတွေ ရှိကြပေမဲ့ ဒီကိစ္စကို နေ့တဓူဝ အမြဲထည့် စဉ်းစားပြီး ငါနဲ့ မတူ ငါ့ရန်သူမလုပ်ကြပါဘူးတဲ့..
အဆင်းရဲဆုံးနိုင်ငံ၂၂ နိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု ဘာသာရေးဟာ ပြဿနာတခုဖြစ်နေပါတယ်။ ဘာလို့ယုံကြည်ကိုးကွယ်မှု ဟာ ပြဿနာဖြစ်စေတာလဲ? ငါတို့ဒီဘဝ ဟာအခြေအနေမကောင်းဘူး နောက်ဘဝသာမျှော်ပြီးကျင့်ကြံကြသူများတဲ့ နိုင်ငံဟာ တိုးတက်မှု နှေးကွေးနေမှာဖြစ်ပါတယ်တဲ့.. ချမ်းသာတဲ့ နိုင်ငံတွေဟာ ဘုရားသခင်ကိုအားကိုးဆုတောင်းနေတာထက် ကိုယ့်ကို ကိုယ်ယုံကြည်ကြပါတယ်..ငါလုပ်ရင်ဖြစ်တယ် ငါတီထွင်ကြံဆမယ်လို့ယူဆကြပါတယ်။
ဥပမာအားဖြင့် ဖန်ဆင်းရှင် God ဟာ တဆူတည်းဖြစ်ပေမဲ့ ဘုရားသခင်ဟာ အမေရိကန်နိုင်ငံမှာကျတော့ ဘုရားကျောင်းတွေထက် စာသင်ကျောင်းဆောက်တာ တီထွင်ဖန်တီးတာ ဆေးရုံဆောက်တာ ပိုအားပေးပေမဲ့ ဒီတဆူထဲကပဲ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဘုရားကျောင်းတွေ ဆောက်တာ ပိုအားပေးပါတယ်...တကယ်တော့ ဘုရားအပေါ် လူဘယ်လိုမြင်သလဲဆိုတာက ဆင်းရဲချမ်းသာမှု ကွာဟစေခြင်းဖြစ်ပါတယ်တဲ့...
၃) Geography နိုင်ငံတွေရဲ့ မြေမျက်နှာသွင်ပြင်၊ရာသီဥတုရဲ့ အကျိုးဆက် ကလည်း ဆင်းရဲချမ်းသာ ကွဲစေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေဟာ ပူအိုက်စွတ်စို တဲ့ အီကွေတာမျဉ်းပြိုင်တွေနားမှာ တည်ရှိပြီး ရောဂါဘယ ထူပြောပေါတယ်.. ရာသီဥတုကြောင့်ဆင်းရဲတယ်ပြောတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး.. ရာသီပြင်းတဲ့ နိုင်ငံတွေဟာ တခြားနိုင်ငံတွေထက် ပိုပြီး ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်၊ .ချမ်းသာကြွယ်ဝဖို့ မွေးမြူရေး လုပ်ငန်းထွန်းကားရန်လိုပါတယ်။ တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းဟာ အေးတဲ့ နိုင်ငံတွေမှာ ပို မျိုးဖြစ်လွယ်ပြီး ပူတဲ့ နိုင်ငံတွေမှာ ခက်ခဲတယ်... ပူအိုက်စွတ်စိုတဲ့ နိုင်ငံတွေမှာ ကြက်တုတ်ကွေး၊ ဝက်တုတ်ကွေး စတဲ့ ရောဂါမျိုးစုံအဖြစ်လွယ်ပါတယ်.. ဆင်းရဲတဲ့ အာဖရိက နိုင်ငံတွေမှာ တဝီဝီမြည်တတ်တဲ့ ယင်ကောင်တမျိုးကြောင့် တိရိစ္ဆာန်တွေ တက်ကြွမှု မရှိပဲ ငိုက်မြည်းနေတတ်တယ်..သားပေါက်နှုံး အလုပ်လုပ်နိုင်နှုံး ကျဆင်းတယ်.. ပူအိုက်စွတ်စိုတဲ့ နိုင်ငံတွေမှာ လူတွေဟာ ရာသီဥတုပြင်းထန်မှုကြောင့် ဆူပူဖို့ စိတ်တိုဖို့ ပိုလွယ်ကူတယ်၊
ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကြောင့် ပေါက်တဲ့ စားပင် သီးပင် ရောဂါမကျရောက်ဖို့၊ မပျက်စီးဖို့ အပင်တွေကြီးထွားမြန်ဖို့လည်း အေးတဲ့ နိုင်ငံတွေထက် ပို အားထုတ်ရပါတယ်တဲ့ .. နိုင်ငံတနိုင်ငံ ချမ်းသာဖို့လိုအပ်တဲ့ရာသီဥတုဟာ ၁၆ံ စင်တီဂရိတ်မှာရှိတယ် ဆိုပါတယ်။ ပူလေ ဆင်းရဲလေ လို့ပြောရပါမယ်.. အေးတဲ့ နိုင်ငံတွေမှာ အေးတဲ့ ရာသီဥတုကို ခံ နိုင်ဖို့တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ရုန်းကန်နေသလောက် ပူတဲ့ရာသီရှိတဲ့နိုင်ငံတွေမှာ ပင်ပန်းလွယ်ပြီး အလုပ်ချိန်ဆုံးရှုံးကြပါတယ်... နောက် ပင်လယ်ထွက်ပေါက် မရှိတဲ့ နိုင်ငံတွေဟာ အလွန်ဆင်းရဲကြပါတယ်။ ကုန်ပစ္စည်းသယ်ယူရာမှာ အရေးပါတဲ့ ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းတွေ မရှိလို့ပါပဲ..
မြေပေါ်မြေအောက်သယံဇာတပေါများမှုဟာ ဆင်းရဲချမ်းသာကွဲစေပါတယ်၊ သယံဇာတ ဟာ institution ခိုင်မာတဲ့ နိုင်ငံတွေမှာ နိုင်ငံတိုးတက်လာဖို့ အင်အားပေးတတ်ပေမဲ့ institution လူမှုအဖွဲ့အစည်း မခိုင်မာတဲ့ နိုင်ငံတွေမှာ ကြိမ်စာသင့်စေပါတယ်။ အဖွဲ့အစည်းတွေ ခိုင်မာမှုမရှိတဲ့ နိုင်ငံတွေမှာ ဦးရာလူဟာ သယံဇာတ ကို ကိုယ်ကျိုးသုံးစွဲ တတ်ပြီး လူ့အဖွဲ့အစည်းကို ဂရုစိုက်စရာ မလိုပါဘူး..
ကွန်ဂို နိုင်ငံ ကို ကြည့်ရင် သယံဇာတ အလွန်ကြွယ်ဝပြီး လက်ကိုင်ဖုံးတွေနဲ့ လျပ်စစ်ပစ္စည်းတွေမှာ သုံးတဲ့ ကိုလ်တန် coltan ဆိုတဲ့ သတ္တုအလွန်ပေါပါတယ်... institution မခိုင်မာတော့ သတ္တု ထွက်တဲ့နေရာဒေသတွေမှာ သူပုန် ပေါများပြီး လာဘ်ပေးလာဘ်ယူ အလွန်များပြားလာလို့ ပျက်စီးသွားပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေက လူ့အဖွဲ့အစည်းတွေဟာ ပူးပေါင်းလုပ်ကိုင်ကြပါတယ်... အဆင့်မြင့်ပစ္စည်းတွေဟာ တယောက်တည်းထုတ်လို့မရပါဘူး လူ့အဖွဲ့အစည်းတခုလုံးက အစိတ်အပိုင်းအလိုက် ပါဝင်ပြီး တွေးခေါ်တည်ထွင်ကြံဆရပါတယ်...
လေယာဉ်အင်ဂျင် ကား လျပ်စစ်ရထား အာကာသ ဒုံးပျံ နဲ့ စက်မှု အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ စက်ပစ္စည်းစက်ရုံတွေအများကြီးလိုပြီး ပညာရှင်တွေ ဝိုင်းစဉ်းစားရပါတယ်...ဒီလိုနဲ့ လူ့အဖွဲ့အစည်းအားကောင်းလာပြီး ကြွယ်ဝ စေပါတယ်... သယံဇာတထုတ်ယူဖို့အတွက် လူ့အဖွဲ့အစည်းတခုလုံးမလိုအပ်ပါဘူး..
အနှစ်ချုပ်လိုက်မယ် ဆိုရင် နိုင်ငံတနိုင်ငံကြွယ်ဝဖို့ Institutional, cultural and Geographic သုံးမျိုး အပေါ်မူတည်နေပြီး လူ့အဖွဲ့အစည်း တောင့်တင်းမှုက ၅၀% အရေးပါသလို ယဉ်ကျေးမှု နဲ့ သက်ဝင်ယုံကြည်မှု က ၂၀%၊ နိုင်ငံရဲ့ နေရာဒေသ တည်ရှိမှုက ၁၀%၊ ကမ္ဘာနဲ့ ချိတ်ဆက်ရန် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်းက ၁၀% ၊ မြေအောက်သယံဇာတ သုံးစွဲမှု က ၅% အနေနဲ့ အသီးသီး အရေးပါတယ် လို့ ယူဆကြပါတယ်။
နိုင်ငံတနိုင်ငံချမ်းသာလာဖို့ မြေမျက်နှာ တည်ရှိမှု Geography နဲ့ ယဉ်ကျေးမှု culture ကို ဘေးဖယ်ထားပြီး နိုင်ငံသားတွေဝိုင်းလုပ်နိုင်တဲ့ Human resource,Institution ခေါင်းစဉ် အပေါ် ကိုသာ မူတည်ကြည့်ရင် နိုင်ငံတနိုင်ငံချမ်းသာဖို့အတွက် ပြည်သူတွေရဲ့ စားဝတ်နေရေးလုံခြုံခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကြိုးနီစနစ် နည်းပါးခြင်း၊ သိပ္ပံပညာ လိုက်စားတဲ့ ကျမ်းမာသန်စွမ်းတဲ့ လုပ်သားများပြားခြင်း၊ လမ်းပန်းနှင့် ဆက်သွယ်ရေးစနစ်အဆင့်မြင့်မားခြင်း၊ တရားမျှတသော ဈေးကွက်စနစ်ရှိခြင်း၊ ယုံကြည်စိတ်ချရတဲ့ စာချုပ်စာတမ်းစနစ်ရှိခြင်း နဲ့ ကုမ္ပဏီများအတွက် သင့်တင့်သောအခွန်အခ ရှိခြင်းတို့အပေါ် မူတည်ပါတယ်။
အမှန်တရားဟာ ခါးသီးပါတယ်... မိမိရဲ့မျိုးဆက်သစ်တွေအတွက် ဆေးခါးမြိုချရမှာ ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ပါ....အပေါ်က အချက်အလက်များကို လေ့လာတဲ့အခါ ပထဝီ ကို ပြင်လို့မရပေမဲ့ လူလုပ်လို့ ဆင်းရဲမွဲတေစေတဲ့ institution အမှားအယွင်းတွေ ကိုရဲရဲဝံ့ဝံ့ ပြုပြင်နိုင်ပါရင် ကျွန်တော်တို သက်တမ်းနဲ့မမှီပေမဲ့ မုချချမ်းသာတဲ့ နိုင်ငံ ဖြစ်လာနိုင်ပါကြောင်းပါ ခင်ဗျာ...
စာရေးသူ"
ကျော်စွာမင်း (ပုဂံ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။