နယူးဇီလန်တွင် အလံသစ် ပြောင်းဖြစ်မပြောင်းဖြစ်နှင့် ပတ်သက်ပြီး ပြည်သူများ သတင်းစောင့်မျှော်နေကြောင်း သိရသည်။
နယူးဇီလန် အစိုးရသည် ကိုလိုနီခေတ် ကတည်းက အသုံးပြုခဲ့ပြီး ဗြိတိသျှ ယူနီယံဂျက် အလံကို အခြေပြုထားသလို အိမ်နီးချင်း ဩစတြေးလျ၏ အလံနှင့် ပုံစံဆင်တူသည့် လက်ရှိ အလံကို ပြောင်းလဲရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ကျင်းပပြီး အလံသစ်တစ်ခုကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့သည်။
ယခုအခါ လက်ရှိအလံနှင့် အဆိုပါ ဒီဇိုင်းသစ် အလံတို့ကြား မည်သည့်တစ်ခုကို ပြည်သူအများစု ပိုမိုနှစ်သက်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခု ကျင်းပကာ အဆုံးအဖြတ် ယူသွားမည် ဖြစ်သည်။ မတ် ၂၃ ရက် ညနေပိုင်းတွင် ဆန္ဒခံယူပွဲ ပြီးဆုံးပြီး နာရီအနည်းငယ်အကြာတွင် ကနဦးမဲရေတွက်မှု ရလဒ်များကို ထုတ်ပြန်ခဲ့ရာ နိုင်ငံသားအများစုက အလံမပြောင်းရန် မဲပေးခဲ့ကြောင်း သိရသည်။
ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကနဦးမဲရလဒ်များအရ မဲပေးသူ ၆၁ ရာခိုင်နှုန်းက အလံဟောင်းကိုသာ ဆက်လက်အသုံးပြုလိုကြောင်း မဲပေးခဲ့ကြသည်။ အသစ်တီထွင်ထားသည့် အလံဒီဇိုင်းတွင် နယူးဇီလန်၏ အထိမ်းအမှတ် သင်္ကေတ တစ်ခုဖြစ်သည့် ငွေဖန်းအရွက်ကို အသားပေးကာ အနားစွန်းကို အနက်ရောင် အသုံးပြုထားသည်။ ယင်းသည် နယူးဇီလန်၏ အမျိုးသား အားကစားတစ်ခုဖြစ်သော ရပ်ဘီအားကစား၏ လက်ရွေးစင်အသင်း အရောင်ဖြစ်သည်။ အလံအောက်ခံကို ယခင်အတိုင်း အပြာရောင် အသုံးပြုကာ အလံဟောင်းတွင်ပါရှိသည့် ကြယ်လေးလုံးကိုလည်း ပြန်လည်ထည့်သွင်းထားသည်။
ဝန်ကြီးချုပ် ဂျွန်ကီးက အပြောင်းအလဲကိုလိုလားပြီး မျိုးဆက်တစ်ခုအတွင်း အမျိုးသားသင်္ကေတတစ်ခုကို ပြောင်းလဲနိုင်မည့် အခွင့်အရေးသည် တစ်သက်လျှင် တစ်ကြိမ်သာ ရနိုင်ကြောင်း ဆိုသည်။ “အခြေခံ အားဖြင့်တော့ ဒီအလံသစ်ဟာ ယူနီယံဂျက် အလံကို ဖယ်ထုတ်ပြီး ငွေဖန်းရွက်ကို အစားထိုးလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ယင်းအလံဒီဇိုင်းသစ်ကို ဩစတြေးလျတွင် နေထိုင်သည့် နယူးဇီလန်သား ကိုင်လီလော့ခ်ဝုဒ်က ရေးဆွဲခဲ့ခြင်းဟု သိရှိရသည်။
Ref: BBC
7daydail
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။