“နာမည်များ နှင့် နိုင်ငံ့ခေါင်းဆောင်”
ကမ္ဘာ့နိုင်ငံရေးကို လေ့လာကြည့်တဲ့အခါ နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ သူတို့ရဲ့နာမည်တွေနဲ့လည်း အများကြီး သက်ဆိုင်တယ်။
အဲဒီထဲကမှ အရေးကြီးတာ တချို့ကို ထုတ်နုတ်ပြချင်တယ်။
နံပတ် ၁… ကြီးမြင့်ရမယ်။
------------------------------
အာဖရိက သမိုင်းကိုကြည့်လိုက်။ ‘နယ်ဆင်မင်ဒဲလား’ ဆိုတာ လူတိုင်းသိတယ်။
သူ့မိဘက သူ့ကိုနာမည်ပေးထားတုန်းက ‘မင်ဒဲလား’ … ပဲ။
နောက်တချိန် နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့်သူဆိုတော့ ကြီးမြင့်အောင်ဆိုပြီး ‘ဆင် မင်ဒဲလား’ လို့ မှည့်လိုက်တာ။
ပေါ့သေးသေးမမှတ်နဲ့၊ ဆင်ထက်ကြီးတာ မရှိတော့ဘူး။
မင်ဒဲလား အိမ်ထောင်ကျတော့ မြို့မှာနေတာ။
အဲဒီတုန်းက သူ့နာမည်က ‘မြို့ဆင်မင်ဒဲလား’… လေ။
နောက်ပိုင်း တော်လှန်ရေးလုပ်ရင်း နယ်ဖက်ကို ရောက်တော့မှ ‘နယ် ဆင်မင်ဒဲလား’ ဆိုပြီး ဖြစ်သွားတာ။
သူ့မှာ အမွှာညီတစ်ယောက်ရှိတယ်။ ‘မင်ဒဲလား’ ပဲ။
သူကလည်း သူ့အကိုလို နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်တယ်။
ဒါနဲ့…
သူ့နာမည်ကိုလည်း ပြောင်းမှည့်တယ်။
‘ဆင်’… က သူ့အကိုယူသွားပြီးဆိုတော့ သူ့အနေနဲ့ ဆင်လောက်မကြီးပေမယ့် အတော်ကြီးတဲ့ကောင်ကိုယူမှပဲဆိုပြီး ‘ကျွဲ’ ကိုယူလိုက်တယ်။
အဲဒီမှာ… သူ့နာမည်လည်း ‘နယ်ကျွဲမင်ဒဲလား’… ဖြစ်ရော။
အမွှာညီအကို ဖြစ်ပေမယ့် ကျွဲခမျာ ဆင်လောက် မကြီးတော့ နယ်ကျွဲမင်ဒဲလားက နယ်ဆင်မင်ဒဲလားလောက် နိုင်ငံရေးမှာ မအောင်မြင်ရှာဘူး။
အကိုက ‘တောင်အာဖရိက’ မှာ ‘အသားရောင်ခွဲခြားမှုကို တော်လှန်ရင်း’ ‘နိုဘယ်’ ဆုကို ရလိုက်တယ်။
အကိုကိုအားကျပြီး ညီဖြစ်သူကလည်း တော်လှန်ရေးလုပ်တယ်။
အကိုက ‘အသားအရောင်ခွဲခြားမှု’ ကို တော်လှန်နေပြီဆိုတော့ သူ့အနေနဲ့ မတူတာကို တော်လှန်မှရမယ်ဆိုပြီး ‘အရိုးအရောင်ခွဲခြားမှု’ ကို တော်လှန်တယ်။
အကိုက ‘နိုဘယ်ဆု’ ရပေမယ့် ညီကျတော့ ‘နိုညာဆု’ ပဲ ရလိုက်တယ်။
ဒါ.. ဘာကွာတာလဲဆိုတော့ ကြီးမြင့်မှုကွာလို့။
ဆင် နဲ့ ကျွဲ ယှဉ်မရဘူးလေ။
ဒ့ါကြောင့် နာမည်ကို ကြီးမြင့်အောင် မှည့်ရတယ်။
.
နံပတ် ၂… ဝီရိယရှိရမယ်။
------------------------------
ရုပ်ရှင်သရုပ်ဆောင် ‘အာနိုး’ ဆိုတာ သိကြမှာပါ။
သူမှာလည်း ညီတစ်ယောက်ရှိတယ်။
‘အာအိပ်’… တဲ့။ အမြဲ အိပ် ချည်းပဲနေတာ တဲ့။
သူတို့ငယ်ငယ်က မနက်စာကျွေးရင် သူတို့အမေဆို အရမ်းစိတ်ညစ်တယ် တဲ့။
အကြီးကောင် အာနိုးကို Breakfast ကျွေးရင်၊ အငယ်ကောင် အာအိပ်ကို Breaksecond ပဲ ကျွေးရတယ်တဲ့။ အိပ်ရာထ နောက်ကျတာကိုး။
အကိုက ဝီရိယရှိတဲ့လူ၊ အမြဲ ‘နိုး’ နေလို့ ‘အာနိုး’ လို့ ခေါ်တာ။
ဘယ်လောက် ဝီရိယရှိလဲဆိုရင်… …
နာမည်ကျော် ရုပ်ရှင်မင်းသားကနေ နောက်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် ဖြစ်သွားတယ်။
အငယ်ကောင် ‘အာအိပ်’ ကတော့ ဘာနာမည်မှ မထွက်လို့ အာနိုးမှာ ညီ ရှိမှန်းတောင် ဘယ်သူမှ မသိကြဘူးလေ။ ဟုတ်တယ်မလား။
ဒါ့ကြောင့်… နာမည်က ဝီရိယ ရှိရမယ်။
.
နံပတ် ၃… အေးချမ်းမှုရှိရမယ်။
-----------------------------------
အမေရိကန် သမ္မတ ‘ရော်နယ်ရေဂင်’ ကို လူတိုင်းသိကြမှာပါ။
သူလည်း နာမည်က အေးချမ်းမှုရှိလို့ သမ္မတဖြစ်လာတာ။
နာမည်မှည့်တာကို ကြည့် … ရေဂင် တဲ့။
‘ရေ’ ပါတယ်။ ကဲ ဘယ်လောက် အေးချမ်းလဲ။
တကယ်လို့ သူ့နာမည်သာ ‘ရော်နယ်မီးဂင်’ ဖြစ်ကြည့်
သမ္မတ မပြောနဲ့ ဆယ်အိမ်ဂေါင်းတောင် ဖြစ်မှာ မဟုတ်ဘူး။
ဒ့ါကြောင့်… နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်ရင် နာမည်က အေးချမ်းမှုရှိရမယ်။
.
နံပတ် ၄… ရင့်ကျက်မှုရှိရမယ်။
-----------------------------------
အမေရိကန် မှာပဲ ထပ်ပြောမယ်။
Change ဆိုပြီး ကြွေးကြော်လာတဲ့ သမ္မတ
‘အို ဗားမား’ ကို သိတယ်မလား။
ဒီလူ့ကို မွေးတာ မြန်မာပြည်မှာလေ
ဒ့ါကြောင့် မွေးရပ်ဇာတိကို အစွဲပြုပြီး သူ့နာမည်ကိုမှည့်လိုက်တာ ‘မောင်ဗားမား’ လို့။
ကျနော်တို့ ငယ်ငယ်က မြန်မာပြည်ထုတ် စက်ဘီး ရှိတယ် ‘မောင်ဗမာ’ ဆိုတာ။
အေး…
အဲဒါ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ပေးပြီး ထုတ်ထားတာ၊ အမေရိကန် အကူအညီနဲ့။
သူ့မှာလည်း ညီမတစ်ယောက်ရှိတယ်… ‘ပျိုဗားမား’ တဲ့။
မောင်နှမ ၂ယောက်လုံး သမ္မတရွေးပွဲဝင်ပြိုင်တယ်။
ဒါပေမယ့် အကို့ကို ညီမ မယှဉ်နိုင်ဘူး။
အကိုက နာမည်မှာ ရင့်ကျက်မှုပါတယ်လေ၊ ‘အို’ တယ်ဆိုတာ ရင့်ကျက်တာ မလား၊
အိုလေ ရင့်ကျက်လေကိုး။
နောက်တခုက…
အမေရိကန်မှာ လူဖြူတွေချည်း သမ္မတဖြစ်လာတာများတော့ ဒီတခါ အသားမဲတဲ့လူ သမ္မတဖြစ်ရမယ်… Change ဆိုပြီး အော်လာကြတာ။
ညီမလုပ်တဲ့သူက မိန်းကလေးဆိုတော့ လှချင်ပချင်တာနဲ့ မိတ်ကပ်တွေ ဝယ်လိမ်းတယ်။
သူက fair & Lovely မိတ်ကပ်ကို ဝယ်လိမ်းမိလိုက်တာ အသားတွေ ဖြူကုန်တာကိုးဗျ။
အဲဒီမှာ အသားမဲတဲ့ အကိုက မဲပိုရသွားတာ။
ညီမခမျာ ကံဆိုးတာပါ။
တခြားမိတ်ကပ်လိမ်းမိရင် ဒီလောက် ဖြစ်မှာမဟုတ်ဘူး။
Fair & Lovely ဝယ်လိမ်းလိုက်တာ ငါးပါးမှောက်တော့တာပဲ။
Fair & Lovely ကလည်း ပေါ့သေးသေးမမှတ်နဲ့။
ကျီးကန်းတွေတောင် ပိုက်ဆံမရှိလို့တဲ့။
ပိုက်ဆံများရှိလို့ကတော့ Fair & Lovely ဝယ်လိမ်း၊ ကျီးတွေအကုန် အသားဖြူကုန်မယ်။
.
ဒါနဲ့ စကားမစပ်
ခု အမေရိကန် သမ္မတဝင်ပြိုင်တဲ့ အမျိုးသမီးနှစ်ယောက်မှာ ခညား ဘယ်သူ့ကို ပိုသဘောကျလဲဗျ။
‘ဟီလာရီ’ နဲ့ ‘ဒေါ်နယ်ထရန့်’ နှစ်ယောက်လေ။
ကျနော်ကတော့ ‘ဒေါ်နယ်ထရန့်’ ကို သဘောကျတယ်။
သူက တည်ငြိမ်တယ်၊ အမျိုးသမီးကြီးဖြစ်ပေမယ့် ယောကျာ်းတစ်ယောက်လို တည်တည်ခန့်ခန့်ကြီး။
နာမည်က ‘ဒေါ်နယ်ထရန့်’ ဆိုလို့သာ မိန်းမကြီးမှန်း သိရတာ။
မသိတဲ့လူက လူမြင်ရင် ယောက်ျားကြီးလို့ပဲ ထင်မှာ။
မဟီလာရီကိုတော့ မကြိုက်ဘူးဗျာ။
မိန်းမတစ်ယောက် ဖြစ်ပြီး ဟီလာတိုက်အောင် ရီနေမှတော့
သမ္မတဖြစ်လည်း ဘယ် အိန်သရေ ရှိပါတော့မလဲ။
ဒါပါပဲဗျာ…
ကျနော်လေ့လာဆည်းပူးထားတဲ့ နိုင်ငံရေးဗဟုသုတတွေ အများကြီးကျန်သေးတယ်။
နောက်မှ ဖောက်သည်ပြန်ချမယ်။
.
.
သန်၎ကို - ပေါက်ကရ၈၀ https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။