သင်မောင်းပိုးနှင့် ဖိုးလမင်း
--------------------
ဝါးလုံးတစ်လုံးထဲမှာရှိတဲ့ သင်မောင်းပိုးကောင်လေး တစ်ကောင်ဟာ ညတိုင်း ညတိုင်း ဝါးလုံးထိပ်က ဖြူဥနေတဲ့ အလင်းရောင်ကို ကြည့်ပြီး ကြည်နူးနေလေ့ ရှိတယ်။
ဒီအလင်းရောင်လေး မရှိတော့ရင် သူ အိပ်စက်ပြီးတော့ ဒီအလင်းရောင်လေး ပြန်ပေါ်လာမှ သူနိုးထတယ်။ ဒီလောက်အထိ အလင်းရောင် လေးအပေါ်မှာ သူ နှစ်သက်တယ်။ မြတ်နိုးတယ်။
တစ်နေ့မှာတော့ သူ့ဆီအလင်းရောင်လေး လာလည်တယ်လို့ အိပ်မက် မက်မိတယ်။
ဒီအချိန်က စလို့ သင်မောင်းပိုးကောင်လေးဟာ အလင်းရောင်ဆီကို အရောက်သွားဖို့ အတွက် အာသီသ တစ်ခု ပြင်းပြင်းလေး ပေါ်လာခဲ့တယ်။
ဒီလိုနဲ့ သူဟာ ညဘက်တွေမှာ နိုင်သလောက်ကလေး ခရီးသွားလိုက် နေ့ဘက် တွေမှာ အိပ်ရင်းနဲ့ နား နေလိုက်နဲ့ တရွေ့ရွေ့ ခရီးဆက်လာခဲ့တယ်။
နောက်ဆုံးမှာ အလင်းရောင်ရှိရာ ဝါးလုံးရဲ့အစပ် ကို ရောက်လာ ခဲ့တဲ့အခါမှာတော့ အရမ်းအံ့သြ သွားခဲ့တယ်။
သူ့တစ်ဘဝလုံး အမှန်လို့ သိနေခဲ့တဲ့ ဖြူဖြူဥဥ အလင်းရောင် လေးဟာ ဟိုးအဝေး တစ်နေရာမှာ တည် ရှိနေတဲ့ အစက်တစ်စက်မျှပဲ ရှိတော့တယ်။ တစ်ဘဝလုံးမှာ အကျယ်ဆုံးနဲ့ အမှန်ဆုံးလို့ ထင်လာ ခဲ့ တဲ့ ဝါးလုံး နယ်နိမိတ် ဆိုတာလဲ အခုသူရောက်နေတဲ့ လွတ်လပ်မှု အတိုင်းအဆမရှိသော နေရာ ဒေသ နဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် သေးငယ် ကျဉ်းမြောင်းလွန်းတယ်။
မျှော်လင့်ထားခဲ့သလို ဖြူဥနေတဲ့ အလင်းရောင်နဲ့ မဆုံတွေ့ခဲ့ပေမယ့် သင်မောင်းပိုးလေး အပြန်လမ်း ဟာ အမြင်သစ် အတွေးသစ်တို့နဲ့အတူ ကျေနပ်မှု အားရမှုတွေနဲ့ ပြည့်နေခဲ့ပါတော့တယ်။
သင်ခန်းစာ။ လောကမှာ အမှန် ၂ ခု ရှိတယ်။ ကိုယ် မြင်တဲ့ အမှန်ရယ် တကယ့်အမှန် ဆိုတာရယ်ပါ။ တကယ့်အမှန် သဘာဝဟာ ကျယ်ပြန့်နက်နဲ ရှည်လျားနေလေ့ရှိပြီးတော့ ထောင့်စုံ မှန်ကန်တယ်။ ကိုယ်မြင်တဲ့ အမှန် ဆိုတာတော့ တစ်ကိုယ်စာ အတွေးအခေါ်အတွင်းမှာ ပေါ်ပေါက် လာရပြီး ကိုယ့် ရှုထောင့်ကမှ မှန်နေတတ်တယ်။ တကယ်အမှန်ကို ကြုံရတဲ့အခါမှာတော့ ကိုယ်မြင်တဲ့ အမှန်ဆိုတာလဲ တကယ်တော့ မမှားသလို တကယ့် အမှန်ရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်တယ်ဆိုတာ ကို အထင် အရှား သိမြင်လာပါလိမ့်မယ်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။