Myanma Light
“နယူးယော့ခ်မြို့ရှိ လေဘာတီရုပ် ပြန်လည်ဖွင့်လှစ်”
5/7/2013
အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့တော်ရှိ လေဘာတီ ရုပ်တုကြီးသို့ ဧည့်သည်များ လည်ပတ်သွားရောက်မှုကို တရားဝင် ပြန်လည် ခွင့်ပြုခဲ့ပြီ ဖြစ်သည်။ အဆိုပါ ကမ္ဘာကျော် ရုပ်တုကြီးသည် လွန်ခဲ့သော (၁)နှစ်ဝန်းကျင်က တိုက်ခတ်ခဲ့သည့် ဆန်ဒီ ဟာရီကိန်း မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ရုပ်တုကြီးလက်တွင် ကိုင်ထားသော မီးတုတ်သည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ပြန်လည် လင်းလက်နေခဲ့ပြီး ဖြစ်သည့်တိုင် ယခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ အမေရိကန် လွတ်လပ်ရေးနေ့တွင်မှ တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ရုပ်တုကြီး တည်ရှိရာ လေဘာတီကျွန်းသည် မုန်တိုင်းနောက်ပိုင်း ပြုပြင်မှုများအတွက် (၉)လကြာ ပိတ...်ထားခဲ့ရခြင်း ဖြစ်သည်။

ရာစုနှစ်တစ်ခု ပြောင်းလဲကာစတွင် အမေရိကန်သို့ အခြေချလာသူ အများအပြားအတွက် မျှော်လင့်ချက် အချက်ပြ မီးတောက်အဖြစ် သတ်မှတ်ခံရသော လေဘာတီ ရုပ်တုကြီးသည် #UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ (၁၉၈၆)ခုနှစ်နောက်ပိုင်း ရုပ်တုကြီးကို အလည်အပတ် ဝင်ရောက်ခွင့် ခေတ္တပိတ်ပင်မှု (၄)ကြိမ် ပြုလုပ်ဖူးကြောင်းလည်း သိရသည်။ ယင်းရုပ်တုကြီးသို့ နှစ်စဉ် လာရောက်လည်ပတ်သူ (၄)သန်းဝန်းကျင် ရှိသည်။
အဆိုပါ ရုပ်တုကြီးကို ပြင်သစ်နိုင်ငံက အမေရိကန် ပြည်ထောင်စုသို့ လက်ဆောင် အနေဖြင့် (၁၈၈၀)ပြည့်လွန် နှစ်များက လက်ဆောင် ပေးအပ်ခဲ့ပြီး (၁၈၈၆)ခုနှစ်၊ အောက်တိုဘာ (၂၈)ရက်နေ့တွင် နယူးယော့ခ်၌ အပြီးသတ် စိုက်ထူခဲ့သည်။ ရုပ်တုကို ထုလုပ်ခဲ့သည့် ပညာရှင်မှာ ဖရက်ဒရစ် အော်ဂက်စ်တေး ဘာသိုဒီလ်ဖြစ်သည်။ ရုပ်တုကြီးသည် (၄၆)မီတာ အမြင့်ရှိပြီး အောက်ခြေခုံမှ မီးလျှံထိပ်ထိ အမြင့်မှာမူ (၉၃)မီတာထိ ရှိကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။