(ေဇယ်သူ)
မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် Institution များ ခိုင်မာမှ ခြေလှမ်းသွက်သွက် လှမ်းနိုင်ပြီး ရှေ့မြန်မြန် ရောက်နိုင် သလို မြန်မာ့ဖွံ့ဖြိုးရေး ရေရှည်ခံမည်ဟု မြန်မာ့ရှေ့ရေး စိတ်ဝင် စားသူများ လက်ခံထားကြပြီးဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းများ၊ ဥပဒေ များဟူသော မြင်လွယ်ထင်လွယ်၊ အကောင်အထည်မြင်ရသည့် Institution များကိုသာ အာရုံစိုက်နေကြပြီး အရေးကြီးသော Institution တစ်ခုတွင် က...ွက်လပ်ဖြစ်နေသေးသည်။
ပြုပြင်ပြောင်းလဲရေး ခေတ်တွင် ရေပန်းစားလာသည့် စကားလုံး တစ်လုံးဖြစ်သော Institution (စည်းမျဉ်းများ) သည် အဖွဲ့အစည်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အစဉ်အလာယဉ်ကျေးမှု တို့ကို စုပေါင်း သိမ်းကျုံးကာ ခေါ်ဝေါ် ခြင်းဖြစ်သည်။ လွှတ်တော်၊ အစိုးရအဖွဲ့၊ ဥပဒေများ သည် Formal Institution (ရုံးသဘောစည်းမျဉ်းများ) ဖြစ်ကြသည်။ ဓလေ့ ထုံးစံ၊ အစဉ်အလာ၊ ယဉ်ကျေးမှုများသည် Informal Institution (အလွတ်သဘောစည်းမျဉ်းများ) ဖြစ်သည်။
မည်မျှကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်စေ တစ်နေ့ မိမိတန်ဖိုးထားသော အရာအားလုံးကို ထားခဲ့ရမည်ဖြစ်သည်။ နိုင်ငံကို၊ အဖွဲ့အစည်းကို ထားခဲ့ရမည် ဖြစ်သော်လည်း အကျင့်စရိုက်ကောင်း၊ ယဉ်ကျေးမှုကောင်းများ ထားခဲ့နိုင်လျှင် နိုင်ငံနှင့်အဖွဲ့အစည်းတို့
မီးပွိုင့်ရှိကားများ တန်းစီနေသည်ကိုကြည့်လျှင် နိုင်ငံတွင်း Informal Institution များကို မြင်နိုင်သည်။ ကားတန်းအနည်းငယ် ရှည်သွားလျှင် တန်းမစီလိုတော့။ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက် ယာဉ်ကြောအတိုင်း ရှေ့နားသွားကာ ကြားဖြတ်မည်။ သူ့လိုပင် အရေးကြီးသောသူတို့ နေရစ်ခဲ့တော့။ ကားကြီးသူက ကားကြီးသလို၊ ကားသေးသူက သေးသလို တောင်းပန်ပြီးသော် လည်းကောင်း၊ စက်သံပြင်းပြင်း နင်းပြီးသော်လည်းကောင်း သူ့နည်းသူ့ဟန်ဖြင့် ကြားဖြတ်ကြသည်။ တစ်ခုခုရရန် တန်ရာတန်ကြေး ပေးရသည်ဟူသော အယူအဆမရှိ၊ ကြားဖြတ်ယဉ်ကျေးမှုတည်း ဟူသော Institution ကြီး အတိုင်းသား မြင်နေရသည်။ စာမေးပွဲတွင်လည်း မကြိုးစားဘဲ အမှတ်ကောင်း၊ လိုင်းကောင်းရလိုသည်။ ထိုအခါ ကြားဖြတ်တော့သည်၊ ခိုးချမည်၊ ဆရာ ဆရာမထံ ချဉ်းကပ်မည်၊ ငိုပြမည်၊ ကန်တော့မည်။ အလုပ်ခွင်တွင်လည်း ထိုအတိုင်း။ ကြားဖြတ်ယဉ်ကျေးမှုသည် ရေးမထား၊ ပြဋ္ဌာန်းမထား၊ သို့သော် မြန်မာတို့တွင် စွဲမြဲနေသော အကျင့်စရိုက် ဖြစ်သဖြင့် Institution ပင်ဖြစ်သည်။
ကွယ်လွန်သူကို ရည်မှန်းဒါနပြုအပြီးတွင် ဘုန်းတော်ကြီးက လေးနက်သော ရေစက်ချ တရားတော်ကို နားလည်လွယ်အောင် အေးအေး ဆေးဆေးဟောကြားနေသည်။ ပရိသတ်အများ စူးစူးစိုက်စိုက် အာရုံပြု တရားနာနေကြသဖြင့် အခန်းထဲတွင် ဘုန်းတော်ကြီး၏ ဟောကြားသံမှ လွဲလျှင် တိတ်ဆိတ်နေသည်။ သို့သော် တရားနာပရိသတ်တို့၏ အာရုံကို တစ်ချီမဟုတ်တစ်ချီ မကြာခဏနှောင့်ယှက်တတ်သည့် အရာတို့က ရှိနေသည်။ အိမ်နီးချင်းနိုင်ငံ တို့လောက် ဈေးမသက်သာသေးသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကထက် အဆများစွာ ဈေးသက်သာလာသည့် လက်ကိုင်ဖုန်းများက လက်သည်တရားခံ။ ငြိမ့်ငြိမ့်ညောင်းညောင်း၊ ဆူဆူညံညံ အသံမျိုးစုံဖြင့် ဟိုနေရာ သည်နေရာမှ မြည်လာတတ်သည်။ တရားပွဲဆိုသည်ကို သတိဖြင့် ချက်ချင်း အားနာပါးနာ ဟိုသည်ကြည့်ပြီး အမြန် အသံပိတ်သူ ရှိသလို ခပ်တည် တည်ဖြင့် ဘုန်းတော်ကြီးနှင့် အပြိုင် ဆက်ပြောနေသူလည်းရှိသည်။ အသံကလည်း ကျယ်ကျယ်လောင်လောင်။ ကြည့်လိုက်တော့ လူတွေက တာဝန် ကြီးကြီး ယူထားကြသည့်သူများ။
နောက်ဖြစ်ရပ်တစ်ခုကို ကြည့် ပါဦး။ ရန်ကုန်မြို့တွင်းရှိ ဟိုတယ်ကြီး တစ်ခုအနီးတွင် နိုင်ငံခြားသားတစ်ဦး တစ်ခုခု အရေးတကြီး ရှာဖွေနေဟန်ဖြင့် ဟိုကြည့်သည်ကြည့်၊ ဟိုလျှောက်လိုက် သည်လျှောက်လိုက်ဖြင့် ယောက်ယက် ခတ်နေသည်။ သူ့ပုံပန်းကိုကြည့်ပြီး ဘေးနားတွင် ရပ်နေ၊ ဝိုင်းဖွဲ့နေသည့် မြန်မာအချို့က ဘာရှာနေပါသလဲဟု အင်္ဂလိပ်စာ အကျိုးအပဲ့ဖြင့် ဝိုင်းမေး တော့ အမှိုက်ပုံး ရှာနေတာပါဟု လက်ထဲ တွင် စက္ကူစုတ်ကိုကိုင်လျက် ပြန်ဖြေ သည်။ ထိုအခါ ထိုသူတို့က အကောင်းဆုံး သော ဟာသကို ကြားလိုက်ရသကဲ့သို့ မပြုံးဘဲနှင့် ဝါးလုံးကွဲရယ်လိုက်ကြ သောကြောင့် နိုင်ငံခြားသားပင် “ငါများ ပြောတာမှားသွားလား”ဟု ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုသူတို့ ကပင် “ဒီနားပင် ပစ်လိုက်ပါလား”ဟု ပန်းပင်များ စိုက်ထားသည့် ဟိုတယ်ဘေး မြေကွက်လပ်ငယ်လေးကို လက်ညှိုး ညွှန်ပြသည်။ နိုင်ငံခြားသားက ခေါင်း တစ်ခါခါ လည်တစ်ခါခါဖြင့် အမှိုက်ကို ကိုင်ထားဆဲ။ “ဟိုတယ်အဝင်လေးမှာ အမှိုက်ပုံးရှိတယ်” ဟု နောက်ဆုံးဝင်ပြော လိုက်သောအခါမှ ထိုနိုင်ငံခြားသားက ဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲတွင် အမှိုက်မရှိတော့။ စိတ်လက် ပေါ့ပါးသွားသည့်ပုံဖြင့် “Thank You” ဟု ကျေးဇူးတင်သွားသေးသည်။
အမှိုက်စည်းကမ်းမဲ့ မပစ်လိုသောကြောင့် အမှိုက်ပုံးလိုက်ရှာနေသည့် နိုင်ငံခြားသားသည် မြန်မာ့ Informal Institution အရ “မရောင်ရာဆီလူး” သူ ဖြစ်သွားသည်။ လက်ကိုင်ဖုန်းများ၏ မြည်သံသည် တရားပွဲများတွင် သာမက စာသင်ခန်း၊ ဟောပြောပွဲ၊ အစည်းအဝေးစသည့် အာရုံစူးစိုက်ရ မည့်နေရာများတွင်လည်း အခါမရွေး ထမြည်တတ်သည်။ စည်းကမ်း အားနည်းပုံကို လမ်းများပေါ်တွင်လည်း မြင်နိုင်သည်။ ကားသစ်များ ဝင်လာသောကြောင့် ရန်ကုန်မြို့လမ်းများ ကျပ်ကုန်သည်ဟု ဆိုနိုင်သော်လည်း အဓိကအကြောင်းရင်း တစ်ရပ်မှာ ယာဉ်မောင်းသူတို့၏ စည်းကမ်းအားနည်းချက် ကြောင့်လည်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အရင်ရောက်သူ အရင်သွားစနစ်မျိုး စိတ်မဝင်စား၊ နောက်မှလာပြီး အရင်ရောက်လိုသောကြောင့် ကျော်တက်သည်၊ ထိုးဝင်သည်။ ကျောင်းတွင်၊ ရုံးတွင်၊ စီးပွားရေးတွင် လိုက်နာရမည့် ရေးသားထားသော စည်းကမ်းများ၊ မရေးသော်လည်း သိရမည့် တစ်ကိုယ်ရေစည်းကမ်းများကို မသိ၍ ဖြစ်စေ၊ သိ၍ဖြစ်စေ မလိုက်နာ။
Mindset (စဉ်းစားပုံ စဉ်းစားနည်း) မပြင်ကြသေးသောကြောင့် ပြုပြင်ပြောင်းလဲရေး ရှေ့မရောက်နိုင်ဟု ယနေ့အများ ညည်းတွားနေကြ သည်မှာလည်း Informal Institution ကိစ္စပင်ဖြစ်သည်။ စိတ်ထဲတွင် တွေးနေကျ အကျင့်အတိုင်း တွေးကြသည်မှာ Informal Institution ပင် ဖြစ်သည်။ တွေးနေကျအတိုင်း တွေးလျှင် လုပ်နေကျအတိုင်း လုပ်ကြတော့မည်။ လုပ်နေကျအတိုင်း လုပ်လျှင် ရနေကျရလဒ်သာ ရတော့မည်။ ရမြဲတိုင်း ရလဒ်ကို ကျော်လွန်ကာ ထူးခြားသောရလဒ်ကို ဆောင်ကြဉ်းလိုလျှင် လုပ်နေကျ အတိုင်းမလုပ်ဘဲ လုပ်ရပ်ပြောင်းရမည်။ လုပ်ရပ်ပြောင်းရန် စဉ်းစားပုံ တွေးပုံ ပြောင်းရမည်။
မြန်မာ့ဖွံ့ဖြိုးရေးတွင် ကွက်လပ်ဖြစ်နေသေးသော Informal Institution များကို ပြုပြင် ပြောင်းလဲနိုင်မှသာ ရှေ့ရောက်မည်။ သို့သော် Informal Institution များကို ပြင်ဆင်ရာတွင် Formal Institution ကို ပြင်ရသည်ထက် ပိုခက်ပြီး အချိန်ပိုကြာသည်။ ဥပဒေကောင်းကောင်း တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်း ရသည်ထက် လူတို့၏စရိုက်နှင့် Mindset ကို ပြင်ရန်က ပိုခက်၊ ပိုကြာသည်။ နိုင်ငံအဆင့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းရသည်ထက် လူအများ စည်းကမ်းရှိအောင် လုပ်ရခြင်းက ပိုခက်သည်။
Formal Institution များကို စနစ်တကျသုံးခြင်းဖြင့် Informal Institution များကို စနစ်တကျ ပြုပြင်ပြောင်းလဲနိုင်သည်။ ဥပမာ-မီးပွိုင့်နီလျက် ဖြတ်မောင်းပါက ဒဏ်ကြီးကြီးချလျှင်၊ မှတ်တမ်းအားလုံး တင်ထားနိုင်လျှင် (Formal Institution)၊ မီးပွိုင့်နီလျှင် ကားရပ်ထားသည့် အကျင့်စွဲ သွား (Informal Institution) မည်။ စာမေးပွဲတွင် ခိုးမချအောင် စီမံထားနိုင်လျှင် ခိုးချသည့်အကျင့်များ လျော့ပါးသွားမည်။
မြန်မာ့ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့်၊ ဒီမိုကရေစီနှင့် လိုက်ဖက်ညီသည့် ဓလေ့စရိုက်များ ထွန်းကားလာအောင် ပြုပြင်ပြောင်းလဲနိုင်မှသာ ရည်မှန်းချက် ပန်းတိုင်သို့ ချောချောမွေ့မွေ့ မြန်မြန်ရောက်ရှိမည် ဖြစ်သည်။
(http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။