01 December 2012 |By Popular News
ဂီတ ခေတ်တစ်ခေတ်ကို ကိုယ်ပိုင် သံစဉ် တေးသီချင်း များစွာနဲ့ တည် ဆောက်ပြီး ပရိသတ် များစွာရဲ့ ရင် ကိုညို့ယူဖမ်းစားနိုင်သူ၊ ဂီတအနု ပညာကို ခုံမင်မြတ်နိုးသူ ကတော့ အဆိုတော် ရင်ဂိုပဲဖြစ် ပါတယ်။ ခေတ်တစ်ခေတ်ကို အပိုင်သိမ်းယူနိုင်ခဲ့ပြီး စင်မြင့်ပေါ်မှာသီဆို ဟန်နဲ့ စီးရီးထုတ်လုပ်တဲ့အခါ မှာလည်း ပရိ သတ်တွေရဲ့ အားပေး မှုကိုရရှိခဲ့ သူတစ်ဦး လည်းဖြစ် ပါတယ်။
ဒါကြောင့် ဒီနေ့ဂီတ လောက တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ အပေါ်မှာ အရင်ခေတ် ဂီတလောကနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို ကွာခြားသွားလဲ ဆို တာ ပြောပြပေးပါဦးဆိုတော့ “ခုတော့ အစစအရာရာ တစ်နေ့ထက်တစ်နေ့ ပါ ပြောင်းလဲလာတယ်။ အခွင့်အရေးတွေလည်းပိုများလာတယ်။ လုပ်စရာ၊ကိုင်စရာတွေလည်း များလာတယ်။ ကျွန်တော်တို့ခေတ်တုန်းကတီးဝိုင်းရှိမယ်။ သီချင်း ဆိုဖို့ ကြိုးစားကြတဲ့ လူရှိမယ်။ ဒီလောက်ပဲ။ ဒီလို မျိုးအခွင့်အရေးတွေ၊ မီဒီ ယာတွေ မကျယ်ပြန့်သေးဘူး။ ပြိုင်ပွဲလည်းမရှိဘူး။
တော်တော်လေးတော့ ကွာသွားတယ်။ ဒီ ဘက်ပိုင်းကျတော့ အခွင့်အရေး ပိုများတယ်။ အခွင့် အရေးနဲ့ ကြိုးစားမှုကို အကျိုးရှိရှိအသုံး ချတတ်မယ်ဆိုရင်အောင်မြင်မယ်။ အခွင့် အရေးဘယ်လောက်ပဲရရ မကြိုးစားရင် ကျန် ခဲ့မှာပဲ။ အရည်အသွေး ဆိုတာ ကြိုးစားမှု ပေါ်မူတည်တာပေါ့နော်။
ကိုယ်တိုင်ကြိုးစား မှပဲကိုယ်တိုင် ထင်ပေါ်အောင်မြင်မယ်။ မကြိုး စားရင်တော့ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ အရင်က ရွေးချယ်စရာအခွင့်အလမ်း နည်းပေမယ့် အခုက ရွေးချယ်စရာ များတယ်ဆို တာထက် ရွေးချယ်တတ်ဖို့ပဲ လိုအပ်တာပါ” လို့ ပြောပြခဲ့ ပါတယ်။ အရင်ခေတ်က ဂီတ လောကမှာ စီးရီးတစ်ခွေ ထွက်ရှိမှုအပေါ် ပရိ သတ်တွေ ရဲ့ အားပေးမှုနဲ့ အခုခေတ်စီးရီး တစ် ခွေထွက်ရှိမှုအပေါ် ပရိသတ်တွေရဲ့ အားပေးမှုက ကွာခြားမှုတွေဖြစ်ခဲ့ပါတယ်။
ရင်ဂိုအနေနဲ့ ကော ဒီကွာခြား မှုတွေကို ဘယ်လိုမြင်မိ လဲလို့မေးကြည့်တော့ “ဂီတလောကက အရင်နဲ့ မတူဘူး။ အခုကအခွေထုတ်ဖို့ တအားခက်ခဲ သွားပြီ။ ရှိုးတွေကို ဆိုတာပိုများ လာတယ်။ အခွေထွက်ဖို့က စောင့်ကြည့် ရမှာ ဖြစ်နေတယ်။ကျွန်တော်တို့ခေတ်က အခွေ တစ်ခွေ ထုတ်ပြီဆိုရင် ပရိသတ်တွေ တုံ့ပြန် မှုနဲ့ အခုခေတ် အခွေတစ်ခွေ ထုတ်ပြီဆို ပရိသတ် တုံ့ပြန်မှု ရဲ့ ကွာခြားမှုက ကျွန်တော်တို့စထွက် တုန်းကဆိုရင် ကက်ဆက် နဲ့တောင်မှပဲ တော် တော်မျက်လုံးပြူးလောက်အောင် ရောင်းခဲ့ရတယ်။
အခုဆိုရင် ကိုယ်တိုင်လည်း မထုတ်တော့ဘူး။ ကြားကြားနေတာကတော့ သုံးထောင်၊ လေးထောင်ဆိုရင် တော်တော်အဆင်ပြေတဲ့ သဘောပဲ။ ကျွန်တော်တော့ အခွေကိစ္စ ကိုမလုပ်ဘူး။ လောလော ဆယ်စိတ်က အရင် လိုမပါတော့ဘူး။ လုပ်လည်း မလုပ်ချင် တော့ဘူး။ စင်ပေါ်မှာပဲ ဆိုချင်တယ်။ ဘာလို့ အရင်တုန်းကလို တုံ့ပြန်မှုမရတာလဲဆိုတော့ ခိုးကူးခွေတွေ ထွက်လာတာကလည်း ခိုးတဲ့လူ ကို အပြစ်မပြောပါဘူး။ မခိုးအောင်လုပ်နိုင် တဲ့သူ မပေါ်သေးလို့ ဖြစ်မှာပါ။ အခွေထုတ် ဖို့ကအရင်ကဆိုအရသာ သိပ်ရှိတာပဲ။ ကိုယ် ဆိုချင်တာ၊ ပြချင်တာတွေကို ရင်ထဲတကယ် ခံစားပြီးဆိုပြတယ်။ အခွေထွက်လာပြီး အား ပေးကြတယ်။ ဒါပေမဲ့ ခုတော့ အခွေထုတ်ဖို့ ဖီလင်ကမလာတော့ဘူး။
စင်ပေါ် မှာပဲဆိုချင် တဲ့ ဖီလင်က များနေတယ်”လို့ ပြောပြခဲ့ ပါ တယ်။ တေးရေးဆရာက မွေးဖွားပေးလိုက် တဲ့ သီချင်း တစ်ပုဒ်ကို တေးဆိုတဲ့သူက အသီး အပွင့်တွေ ဝေဆာအောင် စွမ်းဆောင်ပေး သလို အတီးဆရာနဲ့ အသံဖမ်း ဆရာက လည်းရေလောင်းပျိုးထောင်ပေးခဲ့မှ စစ်မှန် တဲ့ အနုပညာ လက်ရာတစ်ခုဖြစ်လာနိုင်မလား ဆိုတာရင်ဂိုရဲ့အမြင် ကိုမေး တော့ ”ဟုတ် တယ်။မှန်တယ်။ သီချင်းတစ်ပုဒ် ပရိသတ် တွေ ရင်ထဲရောက်ဖို့ ဆိုတာ တေးရေးဆရာက မွေးဖွားပေးလိုက်တယ်။ သီဆိုတဲ့ တေးဆိုက လည်းဝတ္ထု ဖတ်သလိုမျိုး ခံစားပြီး သီဆိုတော့ ပိုပြီးအဆင်ပြေသွားမယ် ။မြေသြဇာဆိုတဲ့ အတီး သမားနဲ့ အသံဖမ်းကလည်း အရေးကြီးတယ်။ အားလုံး အဆင်ပြေမှပရိသတ်တွေ ရင်ထဲထိုး ဖောက်ဝင်ရောက်နိုင်မယ်လို့ ယုံကြည်တယ်။ ထမင်းဝိုင်းလိုမျိုးပေါ့။ ထမင်း၊ ဟင်း၊ တို့စရာ၊ ငပိ ရည်အစုံနဲ့ စားရရင်မြိန်တာပေါ့။ ဒီလိုပဲ တေးရေး၊ တေးဆို၊ အတီး၊ အသံဖမ်း၊ အား လုံးပါမှ၊ တကယ်ခံစားချက်ထားပြီး လုပ်မှ ထိရောက်မှာ၊ပရိသတ်တွေ စွဲသွားမယ်ဆိုတာ ယုံ တယ်။
ဂီတဆိုတာကမွေးယူတာလည်း မဟုတ်သလို၊ စုဆောင်းယူတာလည်း မဟုတ်ဘူး။ သူ့ ဘာသာသူ ပါရမီပါလာတဲ့ ဖွားဖက်တော် ပေါ့။ ဒါကို ကြိုးစားမှုနဲ့ပေါင်းရင် အနုပညာ သမားကောင်းဖြစ် လာမှာပါ”လို့ ပြောပြခဲ့ပါ တယ်။ ဂီတသက်တမ်းတစ်လျှောက်မှာ အမှတ် တရတွေရှိခဲ့မှာဖြစ်သလို ပိုပြီးအမှတ် တရဖြစ် အောင် ကံကောင်းခြင်းလက်ဆောင်နှစ် ၂ဝ ပြည့်ပြီ ဆိုရင် တစ်ကိုယ်တော် ရှိုးလုပ်ဖို့ စဉ်း စားထားသေးလားလို့မေးတော့ “လုပ်ဖို့ရှိလား ဆိုတာကမစဉ်းစားထားဘူး။ အခုကံကောင်းခြင်း လက်ဆောင် က၁၉နှစ်၊ နှစ် ၂ဝထဲဝင်ပြီ ဆိုတော့စဉ်းစား ထားပါတယ်။ ကိုယ့်အချိန် မဟုတ်တော့မလုပ်ချင်ဘူး။ လုပ်ချင်တဲ့ ဆန္ဒ တော့ရှိတယ်။ သတ္တိမရှိဘူး။ အမှန်အတိုင်း ပြော တာပါ”လို့ရင်ဂိုကပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။