အနာဂတ်ကို ကောင်းစွာ ထုဆစ်ခဲ့သူ
--------------------
တစ်မနက်မှာတော့ လူတစ်ယောက်ဟာ သတင်းစာကို ကောက်ကိုင်ရင်း မျက်လုံးပြူးသွားခဲ့တယ်။
ခေါင်းကြီးပိုင်း တစ်မျက်နှာ အပြည့် လူသေ သတင်း တစ်ပုဒ်ကို ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့လိုက်ရတယ်။ သူ့ကို မျက်လုံး ပြူးသွားစေတာကတော့ သေသူဟာ သူကိုယ်တိုင် ဖြစ်နေလို့ ဖြစ်တယ်။
သတင်းစာတိုက်က လူမှားရေးလိုက်တာကို သုံးသပ်မိချိန်မှာ သူ့အနေနဲ့ သတင်းတစ်ပုဒ်လုံးကို အခေါက်ခေါက် ဖတ်ပြီးနေပါပြီ။
"ဒိုင်းနမိုက် ဘုရင်ကြီး ဇာတ်သိမ်းပြီ" "လူသတ်လက်နက်တွေ လုပ်ပြီး ချမ်းသာလာတဲ့ သူဌေးကြီး မနေ့က သေပြီ။" အစရှိတဲ့ သူသေဆုံးလို့ ဝမ်းသာနေကြတဲ့ အော်ဟစ်သံတွေ ပါတယ်။ အခုထက် စောစော သေဆုံးစေလိုတဲ့ ဆန္ဒတွေ ချရေးထားတယ်။
"ဒါတွေဟာ... လူတွေရဲ့ ငါ့အပေါ် ထားတဲ့ သဘောထား စစ်စစ်... ငါ တကယ် သေဆုံးခဲ့ပြီးရင် ကျန်ရစ် ခဲ့မယ့် ငါ့ကျော်ကြားမှု... တွေပါလား" ဒီလိုတွေးမိတဲ့ နေ့ကစလို့ အဆိုပါ သူဌေးကြီးဟာ ငြိမ်းချမ်း ရေးကို ရှေးရှုတဲ့ ပရဟိတ လုပ်ငန်းတွေအပေါ်မှာသာ သေတဲ့အထိ အာရုံစိုက်သွားခဲ့တယ်။
ဒီကနေ့ ကမ္ဘာ့ နေရာအနှံ့က အသိပညာရှင် အတတ်ပညာရှင်တွေကို သူ့ သေတမ်းစာ အရ သူထား ခဲ့ပေးတဲ့ ငွေတွေနဲ့ ဆုတွေ ပေးလျက် ရှိနေပါတယ်။ ဒီဆုတွေကို နိုဗယ်လ်ဆုလို့ ခေါ်ပြီး သူကတော့ ကျွန်တော်တို့ အားလုံး သိခဲ့ကြတဲ့ ဒေါက်တာ အဲလ်ဖရက်ဒ် နိုဗယ်လ် ပဲ ဖြစ်ပါတယ်။
သူ့နေရာကနေ ခဏလောက် စဉ်းစားကြည့်ပါ မိတ်ဆွေ။ အကယ်၍သာ ခင်ဗျား "သေပြီးနောက်ပိုင်း ထွက်လာမယ့် အသံ" တွေကို "မသေခင် ကြားနိုင်မယ်" ဆိုခဲ့ရင် ဘယ်လိုကြားရမယ် ထင်သလဲ။ ဘယ်သူတွေ ဝမ်းနည်းကြမယ် ထင်သလဲ။ ဘယ်သူတွေ ဝမ်းသာကြမယ် ထင်သလဲ။ ဘယ်လောက် ကြာကြာ မှတ်မိကြမယ် ထင်သလဲ။ ဘာတွေရော ကမ္ဘာမြေအတွက် လုပ်ပေးပြီးပြီလဲ။
Credit:kyawnge
ဗဟုသုတကျေးရွာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။