“ တန်ဖိုးများ ”
▬▬▬▬▬
“ဆဲဗင်းဒေး ပြီးတော့၊ အလဲဗင်းဒေး ပေါ်နေပြီ သိပြီးပြီလား”
၁၉၇၅ ၀န်းကျင် နှစ်များက ဖြစ်ပါသည်။ ဆဲဗင်းဒေး ဆိုသည့်
အင်္ကျီပိတ်စက လူငယ်တိုင်းအတွက် မ၀တ်လျှင် ခေတ် နောက်
ကျမလို ဆွဲဆောင်အား ကောင်းခဲ့သည်။ ပြီးမကြာမီ အဲလဗင်းဒေး
ဆိုသည့် ပိတ်စတစ်မျိုး ပေါ်လာပြန်သည်။ ဒါက ဈေးကွက်
အခေါ်။ ပိတ်သား၏ အမျိုးအစားက Elestic ။ လူငယ်တွေ
အရူးအမူးဝတ်ခဲ့ကြသည်။ မှောင်ခိုလမ်းကြောင်းမှ သယ်လာ
သမျှ Elestic ရောင်စုံ ဒီဇိုင်းစုံတွေက ရေပန်း အစားဆုံး။
ထိုအချိန်က အထက်အညာတွင် ၀ါစိုက်ပြီး ပြည်တွင်းဖြစ်
ချည်ထည်တွေ အားထားဝတ်နေကြရာမှာ အများစုက ထိုသို့
ရုတ်ခြည်း ပြောင်းလဲလာခဲ့သည်။
.
ပူအိုက်သော ရာသီနှင့်ကိုက်ညီသည့် ချည်ထည်ရှိနေပါလျက်
အင်မတန် ပူသည့် နိုင်လွန်ထည်ကို ဘာကြောင့်
အများစုက တမက်တမော ပြောင်းလဲ ၀တ်ခဲ့ကြပါသနည်း။
နိုင်လွန်ဆိုသည်က ကျောက်မီးသွေးမှ ထုတ်ယူသည့် အမျိုးအစား
ဆိုတော့ ကျန်းမာရေးနဲ့ မညီညွတ်ခဲ့ကြတာကို အများစု သတိ
မမူမိခဲ့ကြပါ။ ကျန်းမာရေးနှင့် ညီညွတ်သော ချည်ထည်ကို
စွန့်ပြီး နိုင်လွန်ထည်များကိုမှ ရွေးခဲ့ကြသည်မှာ ဈေးများ၌
ဖော့ရှန်၊ ဖော့ခရစ်၊ လှိုင်းကြီး၊ လှိုင်းလတ် စသဖြင့် မရိုးနိုင်
ခဲ့ကြ။
.
ဒီနောက်တွင်တော့ အင်္ကျီသာမက နိုင်လွန်ပုဆိုးများပါ အလု
အယက် ပြောင်းလဲ ၀တ်လာကြပြီး ဖိနပ်က အစ ယိုဒယား
ကွင်းထိုးဖိနပ်များလည်း ခေတ်စားလာပါသည်။ ပူပြင်းသော
ရာသီဆိုလျှင် မကြာခဏ ဖိနပ်ကို ချွတ်ထား ရသည်အထိ
ကျန်းမာရေး ထိခိုက်ခံပြီး ခေတ်မီအောင် ကြိုးစားခဲ့ကြသည်။
ထိုစဉ်က ခေတ်မီသည် ဆိုသည်မှာ ကျန်းမာရေး၊ ပညာရေး၊
စီးပွားရေး စသဖြင့် အတွေးအခေါ် ဆိုင်ရာ ခေတ်မီမှုမျိုး
မဟုတ်ဘဲ ပေါ်သမျှ အသစ်အဆန်းကို ၀တ်ဆင် သုံးစွဲနိုင်ခြင်း
ဟုသာ အဓိပ္ပာယ်ပြန်ခဲ့ကြသည်ကိုး။ ထိုခေတ်က အ၀တ်
အစား အသုံးအဆောင်ကဲ့သို့ မရှိမဖြစ် အသုံးအဆောင်များ
အပေါ်မှာသာ ဘာသာပြန်လွဲခဲ့ကြခြင်း ဖြစ်ပါသည်။
.
ယခုခေတ် အသုံးအဆောင်နှင့် ပတ်သက်၍ ခေတ်မီအောင်
ကြိုးစားကြရာ၌ တကယ့် လိုအပ်ချက်ကို အဓိက မဟုတ်ဘဲ
မော်ဒယ်အသစ်၊ ဒီဇိုင်းအသစ် ပေါ်သမျှ မ၀ယ်ရ မနေနိုင်
ရောဂါစွဲကပ်ခြင်းက ပိုဆိုးနေပါလိမ့်မည်။
.
................▬-*-▬*-▬*- ▬......................... ........
.
“မင်း စဉ်းစားကြည့်ပေါ့ကွာ၊ ပန်းသီးလို သစ်သီးမျိုး အလုံးကြီး
အလုံးလှ အနာအဆာ ကင်းတဲ့ အသီးမျိုးကို သူဌေးတွေပဲ
စားနိုင်တာကွ၊ သာမန် လူတန်းစား ဆိုတာမျိုးက ပိန်ပိန်
လိန်လိန် ပိုးကိုက် အသီးမျိုး အလုံး ညှက်ညှက် ရွေးကျတွေ
လောက်ပဲ စားရတာ အတော် မတရားတဲ့ ကိစ္စမဟုတ်
ဘူးလား ။ ”
ဒါကတော့ အဲဒီခေတ်က ၀င်ငွေ စီးပွား လူတန်းစား မညီမျှမှု
အကြောင်းပြောရင်း ပြီးခဲ့တဲ့ လက်တွေ့ငြင်းမရတဲ့ ဥပမာ
တစ်ခု ဖြစ်ပါသည်။ အသီးအနှံနဲ့ ပတ်သက်ရင် အသီးထွား၊
အလုံးလှ ပိုးကိုက် ကင်းမှသာ ခေါင်လုံး အကောင်းဆုံးလို့
သတ်မှတ်ခဲ့ကြသည်ကိုး။ ဒီနေ့ အချိန် မှာတော့ ပိန်ပိန်
ညှပ်ညှပ် အလုံးမှ ဓာတ်မြေသြဇာ မသုံးဘူး ပိုးကိုက်ရာလေး
ပါတာမှ ပိုးသတ်ဆေး မသုံးထားတာ သေချာတယ်ဟု
မှန်သော အသိ ပြောင်းလာကြသည်။ အော်ဂဲနစ် အသီးအရွက်
ဟူ၍ ပထမဦးစားပေးအဖြစ် လူတွေ၏ တန်ဖိုးထား ရွေး
ချယ်မှု ပြောင်းလဲခဲ့ပါပြီ။
.
တကယ် လည်း ရေအကြိမ်ကြိမ် ဆေးပြီးလျှင်ပင် ပိုးသတ်
ဆေး မစင်နိုင်သော အသီးအနှံများ၊ မျိုးရိုးဗီဇ ပြုပြင်ထားပြီး
အသီးထွားထွား၊ အသားပွပွတော့ ဖြစ်သော်လည်း အော်ဂဲနစ်
ခေါ် သဘာဝနည်းနဲ့ စိုက်ထားသည့် အပင်တွေလို စိတ်မချရ။
ဒါပေမဲ့ အဲဒီလို ကျန်းမာရေးအသိ အမှန်ဘက်ကို ပြန်ပြောင်း
သည့်အချိန်မှာ အတော်လေး နောက်ကျနေပါပြီ။ သဘာဝ
နည်း မဟုတ်သော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး နိုင်းချင်း
သုံးသည့် အစာတွေက ကျွန်တော်တို့ ခန္ဓာ အသွေးအသားထဲ
ရောက်ရှိ စိမ့်ဝင်နေခဲ့သည်မှာ အတော် ကြာပါပြီ။
.
၁၉၇၀ နှစ်များဆီက အလှူပွဲတစ်ခုမှာ အိုးသူကြီး လုပ်သူက
သူ့လက်ရာကို လူတွေ ချီးမွမ်းကြလွန်းလို့ လျှို့ဝှက်ချက်ကို
ပြောပြမယ်ဆိုပြီး ကျက်ခါစ ဟင်းကို မြည်းခိုင်းပါသည်။
ကောင်းသားပဲလို့ လူတွေက မှတ်ချက် ပေးနေခိုက် အထုပ်
တစ်ထုပ်ကို ဖောက်ပြီး အိုးကြီးထဲ ခပ် ထပ်မြည်း ခိုင်းပြန်
သောအခါ “ဟာ...ကောင်းလှချည်လား၊ အခုမှ ပိုကောင်းပြီး
လျှာရင်းမြက် သွားတယ်” စသဖြင့် ချီးကျူးကြရာ၌ ဟင်းချိုမှုန့်
ခေါ်သည့် အချိုမှုန့် တွင်ကျယ်လာခြင်းရဲ့ အစပါ။ အဲဒီ
အချိန်က ဟင်းချိုမှုန့်ထုတ်ခဲ့သော ဂျပန်နိုင်ငံမှာ သူတို့
ကိုယ်တိုင်ကျတော့ မစားသုံးသည်မှာ ယခုထိတိုင်ပင်။
ကိုယ်ဖော်သည့်ဆေး ကိုယ်မစားဖူး ဆိုကတည်းက စဉ်းစား
စရာကောင်းပေမယ့် ကျွန်တော်တို့မှာ စဉ်းစားဖို့ အချိန်
မရခဲ့ပါ။ သား၊ ငါး၊ ပုစွန် ဈေးကြီးလာတာနဲ့အမျှ ဟင်းချိုဖို့
အရေးဟာ အချိုမှုန့်ကယ်မှ ဖြစ်တော့သည်ကိုး။
.
အဲဒီခေတ်က ရန်ကုန်မြို့တော်ခန်းမ မျက်နှာစာဘက် အပေါ်ဆုံး
ထပ်မှာ NHL အမျိုးသားဓာတ်ခွဲဌာန ရှိခဲ့ပါသည်။ ဒီလောက်
တစ်တိုင်းပြည်လုံး စားသုံးနေသော အချိုမှုန့်ကို ဓာတ်ခွဲ
မကြည့်ဘဲ မနေလောက်ပါ။ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးတွေ
ကိုလည်း မသိ မဖြစ်နိုင်ပါ။ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် သားငါး
ပုစွန်ကို ဟင်းခတ်အဖြစ်တောင် မထည့်နိုင်တော့သည့် လူ
အများစု ပြဿနာကို အန္တရာယ် ရှိသော အချိုမှုန့်ဖြင့် ဖြစ်သလို
ကုစားခဲ့တာကို မသိကျိုးကျွန် ပြုခဲ့ခြင်းပင်။ ထိုစဉ်က ရပ်ကွက်
စားသုံးသူ သမ၀ါယမအသင်း ဆိုင် ဆိုတာ အများပြည်သူ
အတွက် တစ်ခုတည်းသော မှီခိုအားထားရာပါပဲ။ အခြေခံ
စားကုန်တွေကို သမဆိုင်ကပဲ ၀ယ်နိုင်ကြသည့် ဘ၀များ
ဖြစ်သည်။
.
တစ်ခုသော ဆောင်းမနက်ခင်းမှာ ကျွန်တော် စားသုံးဆီ ၀ယ်ဖို့
သမဆိုင်၌ တန်းစီရင်း တွေ့ခဲ့ရသည်မှာ စားသုံးဆီ သံပေပါ
ကြီးကို အဖုံးဖွင့် ပွက်ပွက်ဆူ ရေနွေးတွေ လောင်းထည့်ပြီး
ယောက်မရှည်ကြီးနဲ့ အားပါးတရ မွှေနေသည်။ မေးကြည့်သော
အခါတိုင်း ရောင်းပေးနေကျ ဖြစ်သည့် ပဲဆီ မရတော့ဘူး။
“ဒါ စားအုန်းဆီ ခေါ်တယ်၊ နိုင်ငံခြားက လာတာ၊ အခု ဆောင်း
တွင်းချမ်းလို့ ကွေးနေတာ သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်ရင်
အားလုံး ကောင်းသွား မယ်”လို့ သမဆိုင်က လူကြီးက
ရယ်မောလျက် ရှင်းပြပါသည်။
.
သွေးကြောကို အဆီပိတ်စေသည့် ကိုလက်စထရောဓာတ်
အဲဒီဆီမှာ အပြည့်ပါနေမှန်း မသိ။ ကိုလက်စထရော ဆိုတာ
နောက်ပေါ်သော ဒစ္စကို တီးဝိုင်းနာမည်လား ထင်စရာ ရှိသည့်
လူတွေအဖို့တော့ စာအုန်းဆီ ဆိုတာ အေးရင် ခဲတာလောက်ပဲ
ရှိတာ။ ကြော်စား၊ ဆီပြန်ချက်စားရင် ပဲဆီလို အလုပ်ဖြစ်တာ
ပဲလို့ ရိုးရိုး မြင်ခဲ့ကြသည်ကိုး။ မြေပဲဆီထက် ဈေးသက်သာလို့
ကျေနပ်သလိုတောင်ရှိသေး။ တဖြည်းဖြည်းနှင့် စာအုန်းဆီဟာ
ကျန်းမာရေးအတွက် ဥပါဒ်ဖြစ်စေမှန်း ကြားဖူးနားဝ ရှိလာ
သောအခါ မြေပဲဆီ ဈေးကိုလည်း လက်လှမ်းမမီတော့သည့်
အတွက် မထူး ဇာတ်ကို ခင်းခဲ့ကြသည်ပင်။
.
ကတ်္တီပါဖိနပ်စီး၊ ရွှေထီးဆောင်း ဆိုတာမျိုးတော့ မဖြစ်။ နိုင်လွန်
ထည်ဝတ်၊ အချိုမှုန့် စားအုန်းဆီစားဘ၀နဲ့ အနည်းဆုံး မျိုးဆက်
တစ်ဆက်စာ ဖြတ်သန်းပြီးသောအခါ အမျိုးသား ကျန်းမာရေး
အခြေအနေမှာ အားလုံး သိတော်မူကြသည့် အတိုင်းပင်။ သာမန်
အခြေခံ ရပ်ကွက်တွေက ပြည်သူတွေ မျက်နှာကို ကြည့်ပါက
သွေးတိုး အဆီပိတ် လက်္ခဏာများ အဖြစ် ပွအန်းနေသော
မျက်နှာများဖြင့် “ကံကောင်းလို့ မသေ၊ သံချောင်းတို့ အမေ” ဟု
ခေါ်ရမည့် ဘ၀တွေသာ။ အဆိုပါ နောက်ဆက်တွဲရောဂါ
များနှင့် ဆုံးပါးသွားရသော သူတွေမှာ ကံဆိုးသူများမို့ဟုပင်
ဆိုရမလို။
.
နေအိမ် ဆိုလျှင်လည်း လေ၀င်လေထွက် ကောင်းပြီး ကျန်းမာရေး
နှင့်လည်း လျော်ညီ၊ အဖိုးလည်း တန်သော ကျွန်းသစ် အပါ
အ၀င် သစ်မာများဖြင့် ဆောက်သည့် ပျဉ်ထောင်အိမ်များကို
အလုံပိတ် ကျဉ်းမြောင်းသည့် ကန်ထရိုက်တိုက်များနှင့်
ကျွန်တော်တို့ လဲလှယ်မိခဲ့ကြပြီ။ ပါကေး မခင်းနိုင်သေးသရွေ့
သမံတလင်းကြမ်းပေါ် အချိန်ပြည့် နင်းနေကြရသည်။
.
လူနေမှုဘ၀၏ အခြေခံဖြစ်သော စားဝတ်နေ သုံးမျိုးလုံးတွင်
ကျွန်တော်တို့၏ တန်ဖိုးထားမှုများ ပြောင်းလဲ ပြီးရင်း ပြောင်းလဲ
ရာမှ အစစ်အမှန်ကို သိရချိန်တွင် မထွေးနိုင်၊ မအန်နိုင်။
ယခင်က ပိုင်ဆိုင်ခဲ့ဖူးသော အကောင်းဆုံးကို ပြန်ပြောင်း
ယူဖို့လည်း မလွယ်ကူကြတော့ပါ။
.
အသိပညာ နောက်ကျခြင်း၏ အကျိုးဆက်များက လူတို့၏
စားဝတ်နေမှုတို့အပေါ် ကြီးစွာသော သက်ရောက်မှု ဖြစ်ခဲ့
ပါပြီကော။
.
မိခင်နို့ရည်ထက်ပင် ကောင်းသယောင်ယောင် ကြော်ငြာ
အားကောင်းခဲ့သော နို့မှုန့်ဘူး ရောင်စုံများကြား ကြီးပြင်း
ခဲ့ရသော ဘ၀များကိုလည်း တွေးနေမိပါသည်။
.
- #မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၆၊ ဆောင်းပါး။]

................▬-*-▬*-▬*-

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။