"မှော်ရေကန်"
1. သန်၎ကို နှင့် ယောင်ခြင်း
--------------------------------
1. သန်၎ကို နှင့် ယောင်ခြင်း
--------------------------------
ထိမိခိုက်မိရင်ပဲ ဖြစ်ဖြစ်
ထိတ်လန့်စရာတခုခု မြင်လိုက်ရင်ပဲ ဖြစ်ဖြစ်
အသံတခုခုကို ရုတ်တရက်ကြားလိုက်ရင်ပဲ ဖြစ်ဖြစ်
ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ရုတ်တရက် ကြုံလိုက်ရင်
လူတိုင်း အနည်းနဲ့အများတော့ လန့်သွားတတ်ကြတယ်။
တချို့က အသံအထွက်ပေမယ့် တချို့ကတော့ လန့်အော်တယ်။
အဲလိုလန့်အော်တာကို ‘ယောင်’ တယ်လို့ ခေါ်တယ်မလား။
ယောင်ကြတာမှာ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး။
- အမလေး လို့ ယောင်တဲ့လူလည်းရှိတယ်
- အား လို့ ယောင်တဲ့လူလည်းရှိတယ်
- ပလုပ်တုတ်ကြီး လို့ ယောင်တဲ့လူရှိတယ်
- ကုလားကြီးက ငုတ်တုတ်ကြီး လို့ ယောင်တဲ့လူရှိတယ်
- ဟဲ့ … ဖေရိုးမ လို့ ယောင်တဲ့လူရှိတယ်။
အခြားစကားလုံးတွေနဲ့ ယောင်ကြတဲ့လူတွေလည်း ရှိတာပေါ့။
ခညားတို့တော့ ဘယ်လိုယောင်တယ် မသိဘူး။
ကျနော်ယောင်တာတော့ တော်တော်ဆိုးတယ်ဗျ။
ကျနော့်နဲ့ အနီးကပ်ဆုံးနေတဲ့သူတွေ သိတယ်။
ကျနော်လန့်ပြီး ယောင်ရင်… ‘ဟဲ့ … ချပကြီး’ လို့ ယောင်တယ်။
ရိုင်းတယ်လို့ မထင်နဲ့
တကယ် အဲလိုယောင်တာပါ။
မကောင်းမှန်းသိတယ် ပြင်ဖို့ကြိုးစားတယ်။
မရဘူး။
ဆေးပညာနဲ့ ကုရင်တော့ ရ/မရ မသိဘူး။
သူငယ်ချင်းတွေက ပြောတယ်… ဝိပသနာ/သမထ တခုခုလုပ်ပေါ့တဲ့။
စိတ်တည်ငြိမ်လာတာနဲ့အမျှ ကိုယ့်စိတ်ကို ထိမ်းချုပ်လာနိုင်မယ်တဲ့။
အာ့ဆိုရင် ဒီမကောင်းတဲ့ ယောင်တာကြီးကို ဖျောက်ပစ်နိုင်မယ်လို့ ပြောတယ်။
ကိုယ်ကလည်း ငပျင်းဆိုတော့ မလုပ်ဖြစ်ပါဘူး။
တန်ခိုးရှင်တစ်ယောက်ယောက်နဲ့တွေ့မှ ပျောက်မယ်ထင်ပါရဲ့လို့ သူငယ်ချင်းတစ်ယောက်ကို ပြောမိတော့...
သူက ပြောတယ်… …
‘မင်းကို ဆုတောင်းပြည့်တဲ့ မှော်ရေကန်စီ ငါပို့ပေးမယ်ကွ’… တဲ့။
‘ဟား… မှော်ရေကန်တကယ်ရှိရင် ပို့ပေးစမ်းပါကွာ၊ ဒီယောင်တာကြီးပျောက်အောင် ဆုတောင်းချင်လို့ပါ’
‘အပြင်မှာတော့ မရှိပါဘူး၊ ဒါပေမယ့် မင်းကို ပုံပြင်ထဲမှာ ဇာတ်လိုက်ထားပြီး အဲ့ရေကန်ဆီ ငါပို့လိုက်မယ်’
.
2. သန်၎ကို နှင့် မှော်ရေကန်
------------------------------
ဆရာသိုရဲ့ လမ်းညွန်မှုနဲ့ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးထဲက မှော်ရေကန်ကို သန်၎ကိုတစ်ယောက် ရောက်လာတယ်။
မှော်ရေကန်မှာ သူ့လိုပဲ ဆုတောင်းဖို့ ရောက်နေတဲ့သူ ၄-၅ယောက်ရှိတယ်။
သူ့အလှည့်ကို စောင့်ရတာပေါ့။
ဆုတောင်းတဲ့လူက ကိုယ်ဖြစ်ချင်တာကို ပါးစပ်ကပြောပြီး ကန်ရေထဲ ဆင်းလိုက်၊ ပြန်တက်လာတာနဲ့ ဖြစ်ချင်တဲ့ဟာ ဖြစ်ပြီ။
ပထမ အဖိုးကြီးတစ်ယောက်က…
‘မင်းသားငယ်ငယ်လေး’ ဆိုပြီး ကန်ထဲဆင်းသွားတယ်။
ပြန်တက်လာတော့ ချောမောလှပတဲ့ မင်းသားလေးဖြစ်နေရော
နောက်တစ်ယောက်က…
‘ကိန္နရီလေး’… ဆိုပြီး ကန်ထဲဆင်းသွားတယ်။
ပြန်တက်လာတော့ ကိန္နရီလေးဖြစ်နေပြီး ကောင်းကင်ကို ပျံတက်သွားတယ်။
နောက်တစ်ယောက်က… …
‘အမေရိကန်သမတကြီး’… လို့ အော်ပြီး ဆင်းသွားတာ။
ပြန်တက်လာတော့ အိုဗားမား ဖြစ်နေရော။
ကဲ… သန်၎ကိုအလှည့်။
ကန်ထဲဆင်းမလို့ ပြင်တယ်။
ဖြစ်ချင်တာပြောပြီး ကန်ထဲဆင်းမဟဲ့လို့ ခြေလှမ်းလိုက်တာ… …
ရှေ့ကလူတွေ အတက်အဆင်းလုပ်ထားတာကြောင့် ကန်ဘောင်က ချောနေတော့ ဘိုင်းဆို ခြေချော်လဲကျတယ်။
ခြေကချော်အလဲ... 'ဘိုင်း'
ထုံးစံအတိုင်း ပါးစပ်က ယောင်... ‘ဟဲ့ ချပကြီး'
လူက ရေကန်ထဲကျ... 'ဗွမ်း'
ပြန်လည်းပေါ်လာရော… …
“ဟင့်…. ဟင့်…. ဟင့်….”
ကိုင်း…
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ညီငယ် ညီမငယ်၊ တူ တူမငယ်တို့လည်း မကောင်းတာတွေ မယောင်မိစေနဲ့။
.
.
သန်၎ကို - ပေါက်ကရ၄၀

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။