ဗိုလ်တေဇ လမ်းအပိုင်း (၃)လမ်းတစ်လျှောက်
ထရံကာ အိမ်များနှင့် တိုက်အိမ်များက ရော နှောနေသည်။ ဆေးရောင်အမျိုးမျိုး
သုတ် လိမ်းခြယ်ထားကြ၍ အမြင် အမျိုးမျိုးဆန်းနေသော်လည်း တစ်ခု သောအိမ်ကတော့
ခြားနားသည်။ အဝင်ဝတွင် ချိတ်ဆွဲထားသော ဓာတ် ပုံနှစ်ပုံအမှတ်အသားရှိသည့်
အိမ်၏အပြင်အဆင်က အားလုံးနှင့် ကွဲပြားနေပါသည်။
ထူးခြားသည်က ဗကသ၊ အကသ
(အခြေခံ ပညာ ကျောင်းသားများသမဂ္ဂ)အလံနှစ်ခုကို ယှဉ်တွဲကာ ချိတ်ဆွဲထားခြင်းသာ
ဖြစ် သည်။ တစ်ခုက အနီ။ တစ်ခုက အဖြူအစိမ်း။ ကျယ် ဝန်းမှုမရှိလှသော မြေကို
ဘောင်ခတ်ထားပြီး ထိုပေါ်ရှိ အိုမင်းရင့်ရော်နေပြီဖြစ်သည့် သစ်သား
အိမ်လေးပေါ်တွင် မိသားစု ၂၅ ယောက် ကို လုံခြုံအောင်ကာကွယ်ပေးနေသည်မှာ
အံ့သြစရာပင်။ အိမ်အိုလေး၏ရှေ့တွင် ဟိုတစ်စ ဒီတစ်စချက်ပြုတ်ထားသော အိုး
များခွက်များ မီး ဖိုများက ဖရိုဖရဲ။ အိမ်တွင်းတွင်မူ ချိတ်ဆွဲထားသော
ပုံများစွာထဲမှ မြင်သူတိုင်း အတိတ်က သမိုင်းဖြစ်ရပ်မှန် တစ်ခုကိုပြန် သတိ
ရစေ မည့်ပုံတစ်ပုံ ကတော့ အသက် ၁၅ နှစ်ကျော် မိန်းကလေးငယ်တစ်ဦးပုံ ဖြစ်
သည်။ သူ့ကို အားလုံးကြားဖူး နားဝနှင့်ပင် သိကြပါသည်။ သူ ကတော့ ၁၉၈၈
ဒီမိုကရေစီ အရေး တော်ပုံ ကာလအတွင်း ကျဆုံးခဲ့ရသော မဝင်းမော်ဦး။
”ဒီပုံက သမီးလေးက သူသမဂ္ဂအသင်းဝင်အတွက်
ရိုက်ထားတာတဲ့ မလှမပနဲ့။ ဒါပေမဲ့ ဒီပုံနဲ့ပဲ အဒေါ်တို့
သူ့ကိုအလွမ်းဖြေရတာပါ”ဟု ဝင်းမော်ဦး၏မိခင်ဒေါ်ခင် ဌေးဝင်းက လေသံသဲ့သဲ့ဖြင့်
ပြောသည်။ ‘မဝင်းမော်ဦး’ ကို ဦးဝင်းကြု၊ ဒေါ်ခင်ဌေးဝင်းတို့မှ
၁၉၇၂-ခုနှစ်၊ နို ဝင် ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူး နေ့တွင် မွေးဖွားခဲ့ပြီး
မွေးချင်း ၆ ယောက်တွင် သမီးအကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိ ကြည့်မြင်တိုင်
မြို့နယ်၊ ပန်း ပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ် (၄)
အလယ်တန်းကျောင်း၊ ကြည့်မြင်တိုင်မြို့ နယ်တွင် အဋ္ဌမတန်းပညာသင်ကြားရင်း ၁၉၈၈
ဒီမို ကရေစီတိုက်ပွဲကာလအတွင်းဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂတွင် တက်ကြွစွာ
ပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။
မဝင်းမော်ဦးသည် ငယ်စဉ်
ကလေးဘဝကတည်းကပင်မိဘ၊ ညီအစ်ကိုမောင်နှမများအပေါ်
အနွံတာခံအနစ်နာခံမြဲဖြစ်သည့်အပြင် ရပ် ကွက်သာရေးနာရေးများနှင့်
ဘုရားပွဲများတွင်အစ အင်တိုက်အားတိုက် ဝေယျာဝစ္စ ပါဝင်ကူညီတတ်သည်ဟု သိရသည်။
အချိန်တို့ မည်မျှ ပင် ကြာညောင်းခဲ့သည်ဖြစ်စေ မိဘဆွေမျိုး
မြန်မာပြည်သူလူထု၏ နှလုံးသား ထဲတွင်တော့ သူ့ကိုမမေ့ရက်၊ မမေ့ နိုင်ခဲ့ကြပေ။
ဒီမို ကရေ စီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏
ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ‘ဗိုလ်ချုပ်အောင်ဆန်း’ ဓာတ်ပုံ ကိုင်ေ
ဆာင်ပြီး စိတ်ဓာတ် တက်ကြွစွာချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။
အချိန်က ၁၉၈၈ ခုနှစ်၊ စက် တင်ဘာလ ၁၉
ရက်နေ့ ညနေ။ သွေးသံရဲရဲနှင့် အာဂမိန်းကလေး တစ်ဦး၏
တိုးတိတ်သောတောင်းဆိုသံကို ၎င်း၏ဖခင်က သတိတရ ပြောပြလာခဲ့သည့်စကားက”အဖေ့ ဆီက
သမီးကတိတစ်ခု တောင်းချင်တယ်…”။သမီးက ဘာကတိတောင်းမ လဲ ပြန်မေး လိုက်တော့
သမီးလေးကဆက်ပြောလာတယ်။ ”သမီးတစ်ခုခုဖြစ်သွားခဲ့ရင် ဒီမိုကရေစီ
မရမချင်းသမီးနာမည် ကို ခေါ်ပြီး အမျှ မဝေပါဘူးဆိုတဲ့ ကတိလိုချင်တယ်”။
”ကျွန်တော် ပထမ တော့တွေဝေသွားတယ်၊ အဲဒီနောက်ခံပြင်းစိတ်တွေ နာကြည်း စိတ်တွေ
ဖြစ်ပေါ် လာခဲ့တယ်။ ငါးစက္ကန့် အချိန်လေးမှာ ကျွန်တော်ဆက် တွေးမိတယ် သူက
သူ့အတွက်သူ့ မိသားစုအတွက်မဟုတ်ဘဲ အသက်နဲ့ မမျှအောင် ရဟန်းရှင်လူ၊ ပြည်သူ
လူထုကျောင်းသူ၊ ကျောင်းသားများအတွက် သူတောင်အသက်သေခံ ရဲသေးတာပဲ။ ငါက
ဘာဖြစ်လို့ ကတိမပေးရဲ ရမှာလဲဆိုပြီး ခေါင်း ညိတ် ကတိပေးလိုက်မိတယ်” ဟု
မျက်ဝန်းအတွင်း ကျလုဆဲဆဲမျက်ရည်တို့ကိုထိန်းကာ ဖခင်ဖြစ်သူဦးဝင်းကြူက မချိ
တင်ကဲပြောပြသည်။
”ဒီစကားကို
ဦးကလုပ်ကြံဖန်တီးတယ်ပြောကြတယ်။ ကိုယ့်သားသမီးပဲ၊ သားသမီးရှိတဲ့မိဘတိုင်း
ဒီခံစားချက်ကိုနားလည်မှာပါ” ဟု ဦးဝင်းကြူက ဝမ်းနည်းစွာ ဖြည့်စွက်
ပြောပါသေးသည်။ မဝင်းမော်၏ ဆန္ဒအတိုင်း မိသားစုများက ယနေ့အထိ သူ့အတွက်
အမျှမဝေ ခဲ့ ဘဲ နှစ်စဉ်နှစ်ပတ်လည်နေ့သာ ပြုလုပ်ပေးပြီး
ယခုနှစ်၂ဝ၁၅ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြောင်းလဲမှု အခြေ အနေကိုကြည့်ပြီး
အမျှဝေသင့်မဝေသင့်စဉ်စားနေပြီဟု ၎င်းမိခင်ထံမှ သိရသည်။
ထိုအတိတ်ကို လှမ်းတူးဆွ ကြည့်မိတော့
ဆူးလေဘုရားလမ်း နှင့်ကုန်သည်လမ်းထောင့်အရောက်
အာဏာပိုင်တို့၏ပစ်ခတ်မှုကြောင့် သူမ၏ ခြေသလုံး (ဘယ်)၊ ပေါင် (ဘယ်) တို့
ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန်ကျောင်းနေဘက်တို့မှ ဝင်းမော်ဦးအားဝပ်နေရန်
လှမ်းအော် သည့်အခါ၊ ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော
ဝင်းမော်ဦးက ”မဝပ်ဘူး ငါဝပ်လိုက်ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊
ဗိုလ်ချုပ် ပုံ မြေခရင် ငါတို့ရှုံးတာပဲ” ဟု ပြန် အော်ခဲ့သေးသည်ဟု ၎င်း၏ ဖခင်က
ပြောသည်။
အာဏာပိုင်တို့၏ ဆက်လက်ပစ်ခတ်မှုတို့ကြောင့်
အားတင်းကာ ဒူးထောက်နေသော မဝင်းမော်ဦး ၏ ညာဘက် လက်မောင်းဘေး မှ ဖောက်ကာ
ခန္ဓာကိုယ်အတွင်းထိကျည်ဆန်ဝင်ခဲ့သည်။ သို့သော် ၄င်းနေရာတွင်ဆက်လက်ပုန်းခိုနေ
ခဲ့ရပြီး မဝင်းမော်ဦးကို နေ့လယ် ၁၂ နာရီခွဲနှင့် ၁ နာရီလောက်မှ
ကယ်ဆယ်ခွင့်ရခဲ့သည်။ သူမ ဆေးရုံရောက်သည် အထိ၊ မိဘများထံ တယ်လီဖုန်းဆက်ရန်၊
ဖုန်းနံပါတ် ကိုလည်း သူမကိုယ်တိုင်ပေးခဲ့ပြီး ဖခင်၊ ဦးလေး၊ ဘကြီးတို့က
သတင်းကြားကြားချင်းဆေးရုံသို့ လိုက်သွားသည့်အခါ ပထမတစ်ကြိမ်တွင်
ဗားကရာလမ်းမှ ပစ်ခတ်နေသောကြောင့် ဆက်မသွားနိုင်ဘဲ ပြန်လှည့်ခဲ့ရ သည်။
နောက်တစ်ကြိမ် အမြန်ဆုံးလာပါရန် အကြောင်းကြား လာသဖြင့်
မဖြစ်ဖြစ်အောင်သွားကြရာ ညနေ ၃ နာရီအချိန်တွင် ဆေးရုံသို့ ရောက်ရှိခဲ့သည်။
အဲဒီနေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌
ကွယ်လွန်ခဲ့ပြီး သူနှင့်အတူကြည့်မြင်တိုင် အ.လ.က (၄) မှ မောင်တင် ထွန်း၊
မောင်သန်း ဌေးတို့လည်း တစ်နေ့တည်းမှာ ကျဆုံးခဲ့သည်ဟု သိရသည်။
”သူ့ကို ခွဲစိတ်တဲ့ ဆရာဝန် ကြီး
ဦးညွန့်ဝင်းမြင့်ကပြောတယ် ကံကောင်းနေရင်တောင် သက်ဆိုးမရှည်ဘူး။
အဆုတ်တစ်ခြမ်းလုံး လှီးထုတ်ရတယ်ပြောတော့ ကြား ကြားချင်း ကျွန်တော်ဆောက်တည်
ရာမရဖြစ်ခဲ့တယ်”ဟု သမီးလေးပုံ ကိုငုံ့ကြည့်ကာ ဦးဝင်းကြူ က ပြောသည်။
မဝင်းမော်ဦးသည် ၎င်းမသေဆုံးမီ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မိခင်ဖြစ်သူက သူမအား
ခေါက်မုန့်ရောင်း ရန် ပြော ခဲ့သေးကြောင်း သိရသည်။
”သမီးရယ် နင့်ခေါက်မုန့် အမေ
မလုပ်တတ်ဘူးမသွားပါနဲ့။ အာဏာပိုင်တွေကပစ်မယ်လို့ ပြောထားတယ်။ နင်မကြား ဘူး
လားပြောေ တာ့.. သူကပြန်ပြောတယ်။ သမီးမသွားလို့မဖြစ်ဘူး သမီးတို့က
ကျောင်းမှာအမာခံ၊ အသေခံအဖွဲ့၊ သမီးမျက်နှာပြပြီး ပြန် လာမယ် ပြော တယ်။
အဲဒီနေ့မှတ်မှတ်ရရ သူ့ဝတ်တဲ့ အဝတ်တောင် မီးပူ မတိုက်သွားဘူး”ဟု မျက်ဝန်းက
မျက်ရည်များကို အများ မမြင်ေ အာင် ခေါင်း ငိုက်စိုက်ကွယ်ရင်း
ဒေါ်ခင်ဌေးဝင်းက ပြောပါသည်။ မဝင်းမော်ဦးသည် မိခင်နှင့်အတူ အိမ်ရှေ့တွင်
ရာသီစာ ရိုးရာစား စရာ များ ကို ရောင်းချပြီးစီတန်း လှည့်လည်နေသည့် ကျောင်း
သူ၊ ကျောင်းသား များကိုလည်း ၎င်းဈေးဗန်းထဲကစားစရာများကို မျှဝေကျွေးမွေး
ခဲ့သေးသည်ဟု သိရသည်။
မိဘများက နိုင်ငံရေးကို
မလုပ်စားဝတ်နေရင်းအတွက်ရုန်းကန်လုပ်ရှားနေသည့်အချိန်မှာ သူမကလှည့်လည်နေသည့်
ကျောင်းသားများ စားသောက်ရန် တစ်အိမ် တက်တစ်အိမ်ဆင်း ထမင်းထုပ်များ
လိုက်အလှူခံကာတစ်ထောင့် တစ်နေရာ ပါဝင်ခဲ့သည်မှစ၍ ကျောင်း သား သမဂ္ဂတွင်
အသေခံအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
”သူနိုင်ငံရေးကို ဘယ်လောက်
စိတ်အားထက်သန်လဲဆိုတော့ မူကြိုများ သမဂ္ဂဆိုပြီးဖွဲ့သေးတယ်။ ကလေးတွေကို သူက
ဦးဆော င် ခေါ်ပြီး ကြည့်မြင်တိုင်ကို တစ်ပတ် ပတ်ပြီး ဒို့အရေး
အော်ခဲ့သေးတယ်။ သူက အကသ အလံအောက်မှာ လှုပ်ရှားတာပေါ့” ဟု ဒေါ် ခင်ဌေး ဝင်းက
ဂုဏ်ယူစွာပြောသည်။ မိဘများက နိုင်ငံရေးကို မလုပ်သော်လည်း မဝင်းမော်ဦး၏
နှစ်ဖက် ဘိုးဘွားများ က နိုင် ငံအရေးမှာ စိတ်အားထက်သန်စွာ ပါဝင်ခဲ့သည်ဟု
သိရသည်။
”အဒေါ်ဘက်က သူ့အဘိုး၊ အဘွားတွေဆို
ဖလုံတိုက်ပွဲမှာ ရှေ့ဆုံးကပါတယ်။ သူ့အဖေဘက် ကဆိုရင်လည်း ဗိုလ်အောင်ကျော်
ခေတ် တုန်းက ပါဝင်တယ်။ အဒေါ် တို့လက်ထက်ကျမှ စားဝတ်နေရေး နဲ့ရုန်းကန်နေရလို့
အဲဒါတွေမလုပ် တာ။ သူကတော့ မိသားစုအတွက်
စံပြပါပဲ”ဟုဒေါ်ခင်ဌေးဝင်းကချိတ်ဆွဲထားသောပုံများကို ကြည့်ပြီး ပြောသည်။
ဒေါ်ခင်ဌေးဝင်းက ”အခု ဒီအိမ်မှာမိသားစု ၂၅ယောက် ရှိ တယ်။ သူ့တူ၊ တူမတွေကလည်း
သူတို့ကြီးတော်ဘယ်လိုသေဆုံးခဲ့လဲ၊ ဘယ်လို မိန်းမလဲဆိုတာ သူတို့
ကောင်းကောင်း သိ တယ်”ဟု ၎င်း မြေးအငယ်ဆုံးလေးကို ငုံ့ကြည့်ကာ ပြောသည်။
‘မဝင်းမော်ဦး’ သည် ၁၉.၉.၁၉၈၈ ခုနှစ် ညနေ
၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက်
အသက်ပေးလှူခဲ့ပါသည်။ ထိုအဖြစ်တို့က (၂၇) နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြည်သူ့ အရေးတော်ပုံ ကြီး သမိုင်း တွင်
မေ့ဖျောက်မရနိုင်သည့်ဖြစ်ရပ်ဆိုးတစ်ခုအဖြစ် တည်ရှိနေမည်သာ ဖြစ်သည်။ အသက်
၆၄ နှစ်ရှိပြီဖြစ်သည့် မဝင်းမော်ဦး ၏ဖခင် ဦးဝင်းကြူက အဝေးတစ်နေရာကို
လှမ်းကြည့်ရင်း ”ဦးတို့က အသက်ကြီးပြီ။ မသေခင်လေး သမီးကြီးအတွက်
အမျှဝေပေးချင်ပါတယ်။ မိဘတွေ အနေနဲ့ နောက်ဆုံးဆန္ဒပါ” ဟု မျက်ရည်များကြား
တိုးတိတ်သောအသံဖြင့် ပြောသည်။ထို့နောက် သူ့ဆန္ဒတစ်ခုကိုလည်း ပြောပါ သည်။
”အရင်ကတည်းက ပြောခဲ့ဖူးတယ်။ ၁၉၈၈ မှာကျဆုံးသွားတဲ့ အာဇာနည်တွေ အားလုံးအတွက်
နေရာသီးသန့် တစ်ခုလောက် လုပ်ပေးချင်ပါတယ်။ ဒါကဝင်းမော်
ဦးအဖေအနေနဲ့မဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုတာပါ” ဟုဦးဝင်းကြူက
ဆက် ပြောသည်။
ပူပြင်းလှသော ကွင်းပြင်အပင်မရှိ၊
အရိပ်မရှိ နေပူဒဏ် နှင့်အတူ အရှိန်ပြင်းစွာတိုက်ခတ်လာသော လေပူများကြားမှ
မိခင်ဖြစ်သူ၏ ”သမီး မရှိတော့တာ ၂၇ နှစ်တောင်ရှိပြီ။
သူ့ကိုကောင်းမွန်တဲ့ဘဝကိုရောက်စေချင်ပြီ” ဟူသောစကားတို့က ရှိုက်သံရော၍
တုန်ယင်နေေ သာ် လည်း ပြတ်ပြတ်သားသား ကြားရပါသည်။
မဝင်းမော်ဦးသည် မြန်မာနိုင်ငံ၏
ဒီမိုကရေစီကြိုးပမ်းမှုသမိုင်းစာမျက်နှာထက်တွင် ထာဝစဉ်တည်ရှိနေမည့်
ပြည်သူတို့၏လွတ်လပ်မှု၊ အခွင့်အရေးတို့ကို ကိုယ်စားပြုသည့် သက်သေတစ်ခု
ဖြစ်ပါသည်။ အာဏာ၏ဘေးထွက် ဆိုးကျိုးမျက်နှာဖုံးကို ခွာချွတ်ပြခဲ့သော အမှန်
တရား၏လက်တစ်စုံလည်း ဖြစ်ပါလိမ့်မည်။ လက်ရှိ အချိန်တွင်တော့
မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲတစ်ခုက စတင် ခဲ့ပြီဖြစ်၏။
ဤသည်ပင်လျှင် ဒီမိုကရေစီကို တောင်းဆိုခဲ့သောပြည်သူတို့၏အောင်ပွဲဆိုပါက
သံသရာ၏ တစ်နေရာမှ မဝင်းမော်ဦး အ တွက်လည်း ဒီမိုကရေစီ အမျှဝေသံက
မကြာမီလျှံတက်လာလိမ့်မည်ဟု မျှော်လင့်မိပါတော့သည်။
ထူးထူး
http://popularmyanmar.com/afpopular/archives/8757
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။