စာဖတ်တတ်ရဲ့လား (Written by: မြေနီသစ္စာ)
---------------------
---------------------
“စာဖတ်တတ်ရဲ့လား”ဟုမေးလျှင်“ဟာ ဖတ်တတ်တာပေါ့”ဟု ဆိုကြပါလိမ့်မည်။ ဟိုက်စကူးကစ၍ ၀ိဇ္ဇာ၊ မဟာဝိဇ္ဇာအောင်သူတို့ကို ဤမေးခွန်းမေးမိပါမူ အမေးခံရသူက မေးသူကို ရိုက်ပစ်လိုက်ချင်ပေလိမ့်မည်။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည်ဟု မဆိုသာပေ။
တစ်ခါက ဗိုလ်ချုပ်ဈေးထဲတွင် တစ်ပတ်တစ်ခါ စာဝိုင်းတစ်ခုရှိသည်။ ယင်းစာဝိုင်းတွင် ဆရာတက်တိုးက အထက်ပါ စာဖတ်တတ်ရဲ့လား။ မေးခွန်းကို မေးရင်းအဖြေကိုပါ ပေးလိုက်ခြင်းဖြစ်၏။
“အတန်းစာဖတ်၍ စာမေးပွဲအသီးသီး အောင်မြင်သော်လည်း စာဖတ်တတ်ဖို့ လိုသေးသည်ဟု ဆိုရမည်မှာ အတော်ပင် အားနာစရာကောင်းလှကာ စာပေက မိမိအားဘ၀ အကျိုးပေးမွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည်ဟု ခေါ်ချင်ပါသည်။ အကျိုးပြုသောစာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင်လည်း စာဖတ်တတ်သည်ဟု ဆိုနိုင်ပါလိမ့်မည်”ဟု ဆရာတက်တိုးက ဆက်လက်ပြောဖြစ်လေသည်။
“ဆရာဒါဆိုရင် အပျင်းပြေစာဖတ်သူတွေကို ဆရာဘယ်လိုပြောချင်ပါလဲ။ ဒါမှမဟုတ် စာကို ပညာဗဟုသုတပွားများရန် ဖတ်တာကိုကော စာဖတ်တတ်သည်”ဟု ခေါ်နိုင်ပါမည်လားဟု ယင်းစာဖတ်ဝိုင်းမှာ အမေးစကားရှိပါသည်။
လူတော်တော်များများသည် စာကိုအပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကို ပညာ ဗဟုသုတ ပွားများရန်ဖတ်ခြင်းကပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါ မှ စာဖတ်ရကျိုး နပ်ပေမည်။ ထိုစာမျိုးကို ဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။
“ မိမိဘ၀၌ ထူးကဲသော အကျိုးများခံစားရပါမှ”ဟူသောစကားသည် ဘာကိုရည်ညွှန်းပါသနည်း။
ဆရာတက်တိုးက ဂန္ဒီကြီးကို ရည်ညွှန်းသည်။ ဂန္ဒီကြီးသည် ငယ်စဉ်က “ဘို” (အင်္ဂလိပ်) ဆန်သည်။ မာနတက်သည်။ တစ်ခါမှာ ၀တ်လုံလိုက်ရန် မီးရထားဖြင့် ခရီးသွားရင်း စာတစ်အုပ်ဖတ်မိသည်။ ယင်းစာအုပ်သည် အင်္ဂလိပ်ပညာရှိ စာရေးဆရာကြီး ဂျွန်ရပ်စကင်း၏ (Unto This Last) ဖြစ်သည်။ ယင်းစာအုပ်ကို ဂန္ဒီကြီး ဆုံးအောင်ဖတ်သည်။ ဖတ်၍ရရှိသည့် အကျိုးကား သူ့ဘ၀အခြေအနေနှင့် ခံယူချက်သည် သိသိသာသာကြီး ပြောင်းလဲသွားလေတော့သည်။
သိသိသာသာကြီး ပြောင်းလဲသွားအောင် မည်သည့်အရာက တွန်းအားပေးပါသနည်းဟု ဆရာတက်တိုး၏ ပြောဆိုချက်အပေါ် အမေးရှိလာသည်။
“ဂန္ဒီသည် Unto This Last့ ညအသစာအုပ်ကို မဖတ်ရသေးခင်မှာပင် စာဖတ်မြဲသူဖြစ်၍ အခြားအခြားစာအုပ်ကို ဖတ်သည်။ ဖတ်ရာတွင် ဂန္ဒီသည် စာဖတ်တိုင်းပင် ဆင်ခြင်သုံးသပ်မှုကို အမြဲတမ်းသုံးသည်။ သို့သော် Unto This Last စာအုပ်ကို ဖတ်မိသောအခါတွင်ကား စက်ခလုတ်နှိပ်လိုက်သကဲ့သို့ ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်။ ဒါဆိုဆရာ အဲဒီစာအုပ် တစ်အုပ်တည်းကြောင့် ဂန္ဒီရဲ့ဘ၀လမ်းကြောင်းကို ပြောင်းသွားတာပါလားဆရာ။ ယင်းအမေးကို ဆရာတက်တိုးဖြေပုံက “မဟုတ်နိုင်ပါ။ ထို Unto This Last စာအုပ်သည် စက်ခလုတ်ပမာမျှသာ ဖြစ်သည်။ အစကတည်းက ဂန္ဒီ၏ ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ဘ၀လမ်းကြောင်း ပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင် ဖြစ်၏။ ထိုစာအုပ်သည် ထိုစက်ယန္တရား၏ ခလုတ်မျှသာဖြစ်၏။ ပုံ ခိုင်းနှိုင်းပြရမည်ဆိုပါက ဘ၀အဆက်ဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခုပေါ်က လိုက်ရုံမျှ နှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့” ဟု ဆရာတက်တိုး ကပမာဆောင်ပြလေသည်။
ဆရာတက်တိုး၏ အခြားသက်သေပြချက်တစ်ခုက ဤသို့ဖြစ်၏။ အီတာလျံ ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်လောကနာထသည် မြန်မာပြည်တွင် သီတင်းသုံးနေခဲ့သူ ဖြစ်၏။ ခရစ်ယာန်မိဘများက ဖွားမြင်၍ ခရစ်ယာန်ဖြစ်ခဲ့သူပင်။ ယင်းမှာ ဓမ္မပဒ၀တ္ထု အီတာလျံ ဘာသာပြန်ကို ဖတ်မိသည်နှင့် အကျွတ်တရားရလျက် ဗုဒ္ဓဘာသာ ရဟန်းတော်ဘ၀သို့ ရောက်ရှိလာသူဖြစ်၏။ ဆရာတော် အရှင်လောကနာထသည် ခရစ်ယာန်ဘ၀ကတည်းက ဆင်ခြင်သုံးသပ်မှုကို ပြုကျင့်ခဲ့သူဖြစ်၏။ ဓမ္မပဒ၀တ္ထုကို ဖတ်ရသည်နှင့် ဥာဏ်ပွင့်သွားလျက် ဗုဒ္ဓဘာသာ ရဟန်းတော်ဘ၀သို့ ရောက်ရှိလာသူဖြစ်၏။ ယင်းဓမ္မပဒကို အရှင်လောကနာထ သကဲ့သို့ ဖတ်သူ နှစ်ဦးကတော့ ဘာမျှဖြစ်မလာပါ။ ထိုပုဂ္ဂိုလ်တို့သည် ဆင်ခြင်သုံးသပ်မှု ရှိဟန်မတူ။ အရှင်လောကနာထကတော့ လေးနက်စွာ ဆင်ခြင်သည်။ စဉ်းစားသုံးသပ်သည်။ ယင်းသို့ လေးနက်စွာ စဉ်းစားသုံးသပ်ခြင်းသည်ပင် ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ် အရှင်လောကနာထ ရောက်ရှိလာခြင်းပင်ဖြစ်သည်။
“စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော မဖော်ပြသောအတွင်းက အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ရပေမည်”ဟု ဆရာတက်တိုးက ကောက်ချက်ဆွဲပြ၏။
ဆရာတက်တိုးအလိုကို ခွဲခြမ်းစိတ်ဖြာ ကြည့်ပါလျှင် ဤသို့ရရှိနိုင်၏။ မျက်စိမမြင်သောသူသည် သူကိုယ်တိုင်လည်း မမြင်။သူများမြင်သည်လည်း မသိဟု နီတိစကားရှိတယ်။ ယင်း၏ အတွင်းခံအဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်လျှင် ပွားများအားထုတ်၍ရသော တရားကိုပင် တွေ့သိရှာနိုင်၏။ ယင်းသည် မိမိဘက်က ဆင်ခြင်မှုဖြစ်သည်။
“ စာကိုအပျင်းပြေ အပျော်တမ်း ဖတ်ချင်ဖတ်ကြပါ။ စာဖတ်ရန် မည်သူကမျှ အတင်းအကျပ် တိုက်တွန်း၍မရပါ”ဟု ဆရာတက်တိုးက ဆိုပြီးနောက် “၀တ္ထုပင်ဖြစ်စေ ကဗျာပင်ဖြစ်စေ စာပေအရာဝင်သော ဆောင်းပါးပင်ဖြစ်စေ ဖတ်ရာ၌ မိမိကိုယ်တိုင်တွေး ခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့လိုပါသည်” ဟု ဤသို့ပွားများမှု အခြေခံဖြင့် တိုက်တွန်းထားသည်။
စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု၊ သုံးသပ်မှုကိုအရင်း ပြုအပ်သည်။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုနက်ရှိုင်းလာပေလိမ့်မည်။ လေးနက်စွာဖတ်ခြင်းသည်ကား အခါမလင့်မွေ့လျော်ဖွယ်သာ ဖြစ်ပေသည်။
စာဖတ်လျှင် လေးနက်မှုကို ရယူရမည်။ ပွားများမှုကို မျှော်လင့်ရမည်။ စဉ်းစားမှုကို ရှေ့တန်းတင်ရမည်။တွေးတောဆင်ခြင်မှုကို ပြုစုပျိုးထောင်ရမည်။ စာဖတ်ခြင်းဖြင့် စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုမှုကို လိုလားနှစ်သက်ရမည်သာမက စာဖတ်ခြင်းထဲက အမှန်ပင် သယ်ပိုးဆောင်ယူရပေမည်။
------------------------
creditး ဆရာ မြေနီသစ္စာနှင့် Eleven Media Group ( Fireflies )
------------------------
creditး ဆရာ မြေနီသစ္စာနှင့် Eleven Media Group ( Fireflies )
မဟတ္တမ ဂန္ဒီ ကြီးကို တစ်ထိုင်တည်း အတွေးအခေါ်ပြောင်းသွားစေတဲ့
John Ruskin ရဲ့ စာအုပ်Unto This Last စာအုပ်။ free download Link
( ဒီစာအုပ်ကို Dr. Martin Luther King Jr လည်းဖတ်ရှု ကြိုက်နှစ်သက်ခဲ့ပြီး မကြာခန ညွှန်းဆိုခဲ့ပါတယ်။)
https://archive.org/details/untothislast00rusk
pdf download Link
http://muff.uffs.net/skola/dejum/ruskin/texts/unto-this-last/unto_this_last.pdf
John Ruskin ရဲ့ စာအုပ်Unto This Last စာအုပ်။ free download Link
( ဒီစာအုပ်ကို Dr. Martin Luther King Jr လည်းဖတ်ရှု ကြိုက်နှစ်သက်ခဲ့ပြီး မကြာခန ညွှန်းဆိုခဲ့ပါတယ်။)
https://archive.org/details/untothislast00rusk
pdf download Link
http://muff.uffs.net/skola/dejum/ruskin/texts/unto-this-last/unto_this_last.pdf
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။