Aye Chan Mon
ဒု တိ ယ ရန် ကုန် ၊ ဒု တိ ယ စ င်္ကာ ပူ
Saturday, January 4, 2014
(ဆောင်းပါးအဟောင်းပါ။ မဖတ်ရသေးသူတွေအတွက်
အကျိုးရှိမှာမို့ တင်လိုက်ပါတယ်။ စင်္ကာံပူက ရန်ကုန်လောက်ပဲ
ရှိတာဆိုတော့ သူ့ကို လုံးဝ ပုံတူကူးပြီး ကျနော်တို့တိုင်းပြည်ထူထောင်လို့
မရနိုင်ပေမယ့် ကျနော်တို့ နမူနာယူလို့ရတာတွေအများကြီးလို့ထင်ပါတယ်။
အခု အရပ်သားပုံစံ အစိုးရသစ်လက်ထက် မြို့ပြမှာနေသူတွေ အထူးသဖြင့်
စည်းကမ်းတွေ ပိုပျက်လာကြပါတယ်။ စင်္ကပူကလူတွေလည်း သိပ်တော်ကြလို့မဟုတ်ဘဲ အစိုးရက စည်းကမ်းကို ခပ်တင်းတင်းလေးကိုင်လို့ ဒီနေ့ ဒီအခြေအနေ
ရောက်လာတာပါ။ ကျနော်တို့လည်း စည်းကမ်းပိုင်းကို ထိထိရောက်ရောက်
ကိုင်တွယ်မှသာ အဆင့်မြင့် လူ့အဖွဲ့အစည်းထူထောင်လို့ရမယ်ထင်ပါတယ်။
အစိုးရကလည်း အခုလောလောဆယ် လျော့ရဲရဲ ကိုင်တွယ်နေတာကို
ကျနော်တော့ သဘောမကျလှပါဘူး။ လွတ်လပ်ခွင့်ကို တစ်ဖက်ကပေး
တစ်ဖက်ကလည်းစည်းကမ်းကောင်းအောင် ခပ်ကြမ်းကြမ်းအရေးယူတာတွေ
လုပ်သင့်ပြီထင်ပါတယ်။ ဒီလိုမှမလုပ်ရင် ကျနော်တို့ ကြာမှာအသေအချာပါ။
ဒီဆောင်းပါးက စင်္ကာပူ လူ့အဖွဲ့အစည်းရဲ့ စည်းကမ်းကောင်းမွန်မှုကိုမြင်လို့
ရေးမိတာပါ။ ကျနော်တို့ နည်းလမ်းကျကျ ကြိုးစားရင် စင်္ကာပူကို ကျော်လို့ရမယ်လို့ယူဆမိပါတယ်ခင်ဗျာ။ )
ဒီဆောင်းပါးကို စင်္ကာပူကနေရေးပြီး online ကပို့လိုက်တာပါ။ကျွန်တော်ကအခု မှပြည်ပကိုခရီးထွက်ဖူးတာ ပါ။မင်္ဂလာဒုံလေဆိပ်ရောက်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ထားတာတွေတွေ့ရပေ မယ့်ဝန်ထမ်းအများစုက မျက်နှာထားတွေ တင်းနေကြတုန်းပါ။check in မှာတွေ့ ရတဲ့ ကလေးမလေး တစ်ယောက်ပဲ မျက်နှာထားချိုချိုလေးနဲ့ တစ်ကယ့်ကို ၀န်ဆောင်မှုကောင်းကောင်းပေးနိုင် တာ တွေ့ရပါတယ်။မျိုးဆက်သစ်တွေက ခေတ်သစ်မှာမှ တာဝန်စပြီး ထမ်းဆောင်တာဆိုတော့ ညစ်ထေးတဲ့အရောင်အသွေးတွေစွန်းထင်း မနေတာဖြစ်မယ်ထင်ပါတယ်။စဉ်းစားသင့်တဲ့အချက်ပါ။ဝန်ထမ်းအသစ်တွေကိုကြိုတင်လေ့ကျင့်ပေးထားပြီးအသင့်ပြင်ထားရင် စနစ်သစ်ခေတ်သစ်တည်ဆောက်ရတာပိုအဆင်ပြေနိုင်တဲ့သဘောပါပဲဗျာ။လူဟောင်းတွေကတော သိပ်မပြောင်းနိုင်ကြပါဘူး။မျက်နှာသေကြီးတွေနဲ့ပါ။အပေါ်ထပ်ရောက်သွားတော့ နိုင်ငံခြားသား သားအမိနှစ်ယောက် check is မလုပ်မိဘဲတက်လာတာကို ၀န်ထမ်းတစ်ယောက်က အောက်ပြန်ဆင်းပြီး check in လုပ်ဖို့ပြောနေတာတွေ့ရပါတယ်။အင်္ဂလိပ်စကားပြောတာ အသုံးအနှုံးကလည်းမကိုက်ညီ၊မျက်နှာတွေလည်း မချိုနိုင်ကြသေးတော့ ဧည့်သည်သားအမိမျက်စိမျက်နှာပျက်ပါတယ်။ကျွန်တော်တို့ဆီအလုံးအရင်းနဲ့ လာလည်ကြမယ့် အကြောင်းကလည်း ရှိနေတော့ ဒီထက်ထိရောက်တဲ့ အပြောင်းအလည်းတွေ မြန်မြန်လုပ်သင့်တယ်လို့
စဉ်းစားမိပါတယ်ဗျာ။ချန်ဂီလေဆိပ်ကိုရောက်တာနဲ့ကျွန်တော် တစ်မိနစ်အတွင်း စင်္ကာပူနိုင်ငံထဲခြေချခွင့်ရပါတယ်။arrival ထဲမှာလျှောက်လာရင်း ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ ကျွန်တော့်မျက်မှန်ကို အရက်ပျံခွက်ထဲနှစ်ပြီး ပြန်တပ်ကြည့်လိုက်သလို
မြင်ကွင်းတစ်ခုလုံးက ရှင်းလင်းသန့်ပြန့်ပြီး လှပကြည်လင်သွားပါတယ်။ကားတွေကလည်းအသစ်တွေချည့် လို့တောင်ထင်ရပါတယ်။အ၀တ်နွမ်းနွမ်း ၀တ်ထားတဲ့လူ တစ်ယောက်မှမတွေ့မိပါဘူး။လမ်းတွေကလည်း ဘယ်နေရာမှာမှ ကျင်းတွေ ချိုင့်တွေမရှိပါဘူး။ arrival ကနေလမ်းလျှောက်ဝင်သွားရင်း ကာထားတဲ့ မှန်ချပ်တွေရဲ့အပြင်ဘက်ကိုလှမ်းကြည့်မိတော့ စိမ်းစိုနေတဲ့ သစ်ပင်အုပ်တွေကိုလှမ်းမြင်ရပါတယ်။
လှလွန်းလို့သစ်ပင်အစစ်တွေမှဟုတ်ရဲ့လားလို့တောင်ထင်မိပါတယ်။သစ်ပင် ချစ်တတ်တဲ့သူ ပီပီစကာင်္ပူလူမျိုးတွေကို သဘောကျသလိုလိုဖြစ်သွားမိပါတယ်။
လေဆိပ်ကနေ ကျွန်တော်နေမယ့်နေရာအထိ MRT လို့ခေါ်တဲ့မြို့ပတ်ရထားကို ၅ ဆင့်လောက် ပြောင်းပြီး ဘတ်စ်ကားတစ်ဆင့်စီးရပါတယ်။စီးသမျှရထားတွေကော ကားပေါ်မှာပါလေအေးစက်တွေရှိပါတယ်။အဝေးကြီးစီးရတယ်လို့တောင်မထင်ရပါဘူး။ချွေးတစ်စက်မှမထွက်ပါဘူး။ကျွန်တော်ကြီုတွေးထားတာထက် ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ကျွန်တော်မှန်းထားတာထက်ပိုပြီး ကြီးကျယ်ခမ်းနားပါတယ်။ဒီစာရေးတော့ ရောက်တာ သုံး လေးရက်ရှိပါပြီ။နေ့တိုင်းကျွန်တော်အပြင်ထွက်ပြီး ကြည့်နိုင်သလောက်လျှောက်ကြည့်ပါတယ်။နေပူနေတုန်းမိုးက ထရွာချင်ရွာပါတယ်။ပြီးရင်
နေပြန်ပူချင်ပူတာပါ။ဒါပေမယ့်ရောက်ကတည်းကဒီနေ့အထိချွေးတစ်စက် မှမထွက်သေးပါဘူး။
စင်္ကာပူ က အမျိုးတွေက ရောက်တာနဲ့ (အခု နတ်ပိုက်ဆံကဒ်လို့ ကျွန်တော်တို့တိုင်းပြည်မှာခေါ်နေတဲ့)ကဒ်လေး လက်ထဲထည့်ပေးပါတယ်။အရာခပ်သိမ်းအဆင်ပြေသွားပါရောဗျာ။ဒီကဒ်ကနတ်ပိုက်ဆံ ကဒ်ထက်ပိုကောင်းပါတယ်။ဈေးဝယ်တာ၊ကားစီးတာ၊ရထားစီးတာ ဒီကဒ်ပြားလေးတစ်ခု
တည်းနဲ့ ကိစ္စပြီးပါတယ်။MRT လို့ခေါ်တဲ့ မြို့ပတ်ရထားတွေက အလွန်ဆုံး ၆ မိနစ်ကိုတစ်စီးလာနေတာပါ။(ကြုံတုန်းကျွန်တော်ရထားတဲ့ သတင်းလေးအသိပေးပါရစေ၊စကာင်္ပူအစိုးရက သူတို့ MRT လိုင်းကိုပိုခေတ်မီအောင် upgrade လုပ်တော့မှာပါ။မောင်းသူမပါတဲ့ auto system ရထားတွချည့်ပဲ ဖြစ်တော့မှာပါ။ကျွန်တော်တို့ နိုင်ငံကို သူတို့ ရထားတွဲအဟောင်းတွေရောင်းဖို့ ကြံနေပါတယ်။သူတို့ရထားတွေက နည်းနည်း ကျနေပါပြီ။တစ်ကယ်လို့ ဒီရထားတွေကိုဝယ်လိုက်မယ်ဆို
ရင် ကျွန်တော်တို့ ပိုက်ဆံ နှစ်ခါကုန်ပါလိမ့်မယ်။ကျွန်တော် ကိုယ်တိုင် ရက်ပိုင်းလေးအတွင်း MRTရထားပျက်လို့ ပြောင်းပေးရတာ နှစ်ခါ သုံးခါရှိပြီ။ဂျာမဏီနဲ့ အမေရိကား တို့က လုပ်ပေးမယ်ဆိုတော့ သူတို့ဆီကနေ၀ယ်ရင်ပိုသင့်တော်မယ် လို့ ယုံကြည်ပါတယ်။နောက်ထပ်ခေတ်မီအောင်ပြန်လုပ်တဲ့ အခါကျတော့ စင်္ကာပူက ရထားအဟောင်းတွေ ဘာမှလုပ်လို့ ရမှာမဟုတ်တော့ပါဘူး။ကျွန်တော်တို့တိုင်းပြည်က ပြုပြင်ပြောင်းလဲရေးလုပ်ပြီးနောက်ပိုင်း
သိပ်ကိုမျက်နှာပွင့်နေတာပါ။ဘယ်တိုင်းပြည်နဲ့ဆက်ဆံသည်ဖြစ်စေ သိပ်လျှော့ပေးစရာမလိုတော့ပါဘူး။ခပ်တင်းတင်း ဆက်ဆံလို့ရနေပါပြီ။)
ရန်ကုန်မြို့ကိုနမူနာယူပြီးတည်ထားတဲ့မြို့ တော်စင်္ကာပူမှာ လှည့်လည်ကြည့်ရှုရင်း ပြင်းထန်တဲ့ အမည်မသိဝေဒနာခံစားရပါတယ်ဗျာ။တစ်ခါမှပြည်ပမထွက်ဖူးပေမယ့် အခု ကျွန်တော်လုံးဝ မပျော်ပါဘူး။ဘာလို့ဒီလိုခံစးရ
တာလဲလို့ ကိုယ့်ဘာသာသုံးသပ်ကြည့်မိတော့ ကိုယ့်တိုင်းတိုင်းပြည်ကိုချစ်တဲ့ စိတ်နဲ့ မခံချင်တဲ့စိတ်ဖြစ်ပေါ်နေတာမှန်း ကိုယ့်ဘာသာသိလိုက်ပါတယ်။တစ်ကယ်တမ်းက သူတို့လူ့အဖွဲ့အစည်းကို စည်းကမ်းနဲ့ထိန်းကွပ်ပြီး တိုးတက်အောင်လုပ်တာပါ။နိုင်ငံရေးအရ ကြည့်ရင်သူတို့နိုင်ငံဟာ ဒီကနေ့ စံထားပြောဆိုနေကြရတဲ့ အနောက်တိုင်းဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးစ အစောပိုင်း
အနေအထားပဲ ရှိပါတယ်။စီးပွားရေးကို အဓိကအာရုံစိုက်ပြီးတိုးတက်အောင်လုပ်နေတာပါ။စည်းကမ်းကို မဖြစ်မနေလိုက်နာအောင် ဖိအားပေးပြီးပုံသွင်းယူထားတာပါ။လူတွေက သိပ်စည်းကမ်းရှိလို့မဟုတ်ပါဘူး။ရထားခိုးစီးရင် မြန်မာငွေနဲဆို၃၀၀၀၀၀ိ/ကျော်လောက် ဒါဏ်ရိုက်ပါတယ်။ဘယ်သူမှ Public Area မှာဆေးလိပ်မသောက်ပါဘူး။ဒါဏ်ငွေ၃၀၀၀၀၀ိလောက် တစ်ကယ်ရိုက်တာပါ။နေရာတကာတန်းစီစနစ်ပါ။ဘယ်သူမှကြားမဖြတ်ပါဘူး။(မြန်မာတွေ အများကြီးရှိတဲ့ PENINSULA PLAZA နားတစ်ဝိုက်က အမှိုက်ပုံ တစ်ချို့ကလွဲရင်) အမှိုက်ပုံလုံးဝမရှိပါဘူး။ခွေးလေခွေးလွင့်ဆိုတာဝေးရောဗျာ။ အိမ်မှာမွေးတဲ့ခွေးတောင် ပိုင်ရှင်ကနောက်က တစ်ကောက်လိုက်ရပါတယ်။ခွေးကလမ်းမှာ ချေးပါချရင် သခင်က တစ်တုံးချင်းလိုက်ကောက်ပြီးအသင့်ထားပေးထားတဲ့ပုံးထဲထည့်ရပါတယ်။လူကူး မျဉ်းကျားတွေကအများကြီး ထားပေးထားပြီးလူတွေက မီးပွိုင့်နီမှကူးကြပါတယ်။ကားမောင်းတာတွေလည်း သိပ်စည်းကမ်းရှိပါတယ်။ပါလာပြီဆရာရေ့ ကျော်ပစ်လိုက်၊ ဟေ့လူတွေအထဲတိုးစီးအပေါက်ဝရပ်မနေနဲ့ဆိုတဲ့အသံတွေလည်းမကြားရပါဘူး။
ကားချင်းမဟားဒရားပြိုင်မောင်းတာလည်းမမြင်ရပါဘူး။ဘတ်စကားစီးလည်း ကားပေါ်မှာတိတ်ဆိတ်နေပါတယ်။မှတ်တိုင်မဟုတ်ရင်လုံးဝမရပ်ပါဘူး။မြန်မြန်မောင်းချင်တာနဲ့ မှတ်တိုင်မရောက်ခင် တွန်းချမယ့် စပယ်ယာလည်းတစ်ယောက်မှမတွေ့ မိတာအမှန်ပါ။လမ်းပေါ်လည်း တံတွေးတောင်ထွေးလို့မရပါဘူး။ပလက်ဖောင်းတွေက ကားလမ်းလောက်ကျယ်ပါတယ်။မြက်ခင်းလေးတွေရယ်၊လုသွားဖို့သာမက စက်ဘီးတွေပါ အဲဒီပလက်ဖောင်းတွေပေါ် အေးအေးဆးဆေး စီးလို့ရပါတယ်။ကောင်းတာတွေပြောရရင် ဆောင်းပါး၁၀ပုဒ်စာလောက်ဖြစ်သွားပါလိမ့်မယ်ဗျာ။
The best model to build up a society to be ready for democracy is Singapore လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံက ပညာရှင်တွေလည်း အများကြီးဒီမှာအလုပ်လုပ်နေကြပါတယ်။ လုပ်ခလစာကို သူတို့ နိုင်ငံသားတွေထက်အများကြီးလျှော့ယူရပါတယ်။အလုပ်ကို သူတို့ထက်ပို လုပ်ရပါတယ်။သူတို့က၀န်မခံပေမယ့် ထုတ်မပြောပေမယ့် မြန်မာတွေ သူတို့ထက်အရည်အချင်းပိုရှိတာသူတို့သိပါတယ်။တခြားတိုင်းပြည်တွေမှာလည်း အခြေအနေပေးရင် ကိုယ့်လုပ်အားတွေ အတတ်ပညာတွေကို ကိုယ့်တိုင်းပြည် အတွက် အသုံးချဖို့ အသင့်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ တစ်ပုံကြီးပါ။
ကျွန်တော်တို့ ဘာလို့ သူတို့ထက်မသာရမှာလဲဗျာ။အားလုံးကစိတ်ရင်းစေတနာမှန်နဲ့တက်ညီလက်ညီ ၀ိုင်းလုပ်ကြရင် ၁၀နှစ်မကြာပါဘူး။သိပ်ကိုသေချာပါတယ်။ကျွန်တော်တို့လောက် ရေခံမြေခံကောင်းတဲ့ တိုင်းပြည် မရှိတော့ဘူးလို့တောင်ပြောလို့ ရပါတယ်။အခု စာရေးနေတုန်း စင်္ကာပူ ပြည်တွင်း သတင်းအစီအစဉ် CNA မှာ အင်တာဗျူးတစ်ခုလာနေပါတယ်။သူတို့ရဲ့ ဘဏ်ကြီးတစ်ခုက တာဝန်ရှိသူတစ်ယောက်ပါ။ကျွန်တော်တို့ဆီမှာ ဘဏ်လာဖွင့်ဖို့တာစူနေတာပါ။သူက
မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါလှကြောင်း၊ အိန္ဒိယနဲ့တရုပ်ပြည်ကြားမှာရှိနေရုံမက အာဆီယံအဖွဲ့ဝင်လည်းဖြစ်ပြီး လူဦးရေ သန်း၃၀၀၀ ကျော်နေထိုင်တဲ့ ဒေသကြီးရဲ့ဗဟိုချက်မ ဖြစ်တဲ့ အကြောင်း၊သဘာဝသယံဇာတတွေကလည်းအလျှံပယ် ရှိတဲ့ အပြင် လူသားရင်းမြစ်နဲ့ပတ်သက်လို့ လည်း အလားအလာကောင်းတွေ ရှိနေကြောင်း ပြောသွားပါတယ်။
မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ conditionမလိုပဲ အနီးကပ်ဆက်ဆံချင်တဲ့တိုင်းပြည်တွေ အများကြီး ရှိနေပါပြီ။ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို အလေးပေးစဉ်းစားပြီး ခပ်တင်းတင်း ဆံက်ဆံလုပ်ကိုင်လို့ရနေပြီဆိုတာ ကျွန်တော်တို့ အားလုံးအလေးဂရုပြုသင့်ပါတယ်။
ပြောရရင် စင်္ကာပူ နိုင်ငံကိုတည်တုန်းက သူတို့ ခေါင်းဆောင် လီကွမ်ယုက မြန်မာနိုင်ငံ ရန်ကုန်မြို့ကို Model ထားပြီးဒုတိယရန်ကုန် ဖြစ်အောင် လုပ်ခဲ့တာပါ။အဲဒီတုန်းက ကျွန်တော်တို့က အာရှမှာ ထိပ်တန်းနိုင်ငံလေ။ခုလည်း ဆုံးရှုံးခဲ့တာတွေရှိပေမယ့် အသစ်ဖြစ်ပေါ်လာနေတဲ့အခြေအနေကောင်းတွေကရှိနေပါသေးတယ်။ဥပမာ သဘာဝဓါတ်ငွေ့ တွေအလျှံပယ်ထွက်လာတာ၊အိမ်နီးချင်းအင်အားကြီးနိုင်ငံနှစ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ ကဖွံ့ဖြိုးတိုးတက်လာပြီး မြန်မာပြည်က
ဗဟိုချက်မ မှာရှိနေတာ၊ဂျပန်လိုနိုင်ငံမျိုးက မဖြစ်မနေ ကျွန်တော်တို့ဆီလာပြီးလုပ်ရမှာ၊ BRIC လို့ခေါ်တဲ့ ၂၁ရာစုမှာ အချမ်းသာဆုံးဖြစ်မယ့် ဘရာဇီး၊ ရုရှား၊ တရုပ်၊ အိန္ဒိယ တို့နဲ့ဆက်ဆံရေးက ကောင်းပြီးသားဖြစ်နေတာ စတာတွေပါ။ကျွန်တော်တို့က စင်္ကာပူကိုပြန်ကြည့်ပြီးသူတို့လိုဖြစ်အောင် တက်ညီလက်ညီကြိုးစားကြမယ်ဆိုရင် အချိန်တိုအတွင်းမှာ ဒုတိယစင်္ကာပူ သာမက ပထမမြန်မာ အဖြစ်ပြန်ရောက်နိုင်တာသေချာပါတယ်။စီးပွားရေးကို နိုင်ငံရေးလိုပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲ ရမှာဖြစ်ပါတယ်။စီးပွားရေးလိုပဲ လူ့အဖွဲ့အစည်းကိုလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။
စည်းကမ်းကောင်းမွန်တဲ့ လူ့ အဖွဲ့အစည်းဖြစ်အောင် ၊ social capital ကောင်းမွန်တောင့်တင်းလာအောင် တင်းတင်းကျပ်ကျပ်လေးကိုင်တွယ် တည်ဆောက်မယ် ဆိုလို့ကတော့ ကျွန်တော်တို့ အနာဂါတ်ဟာ အနီးလေးပါ။ အာရှတိုက်မှာ ကျွန်တော်တို့ မှုလောက်တဲ့နိုင်ငံရယ်လို့ လုံးဝမရှိနိုင်တော့ပါဘူးလို့ရဲရဲကြီး ပြောဝံ့ ပါတယ်ဗျာ။ ။
ပိုက်တင်
Aye Chan Mon# Credit To :Myanmar Online News> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။