Burma-Newselite
အရှုံးကို အရှုံးလို့ လက်ခံတတ်တဲ့ ယဉ်ကျေးမှု (ကိုညို- အော်စလို)
December 18, 2013
တနင်္လာနေ့က အင်ဒိုနီးရှားကို မြန်မာအသင်းက ရှုံးနိမ့်ခဲ့လို့ မကြေမနပ်ဖြစ်နေတဲ့ မြန်မာပွဲကြည့်ပရိဿတ်တချို့ရဲ့ တုန့်ပြန်မှုတွေဟာ ဒီကနေ့မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အနေအထားတွေကို သက်သေပြနေသလိုပါပဲ။ အရှုံးကို အရှုံးလို့ လက်မခံရဲမှု ဟာ အရှုံးတွေကိုပဲ အဖန်ဖန်ဖြစ်ပေါ်စေပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျနော်တို့အားလုံး ရှုံးတယ်ဆိုရင် ရှုံးတယ်လို့ အသိအမှတ်ပြုပေးရမှာပါ။ အရှုံးကို အရှုံးလို့ အသိအမှတ်မပြုခဲ့ကြလို့၊ ဇွတ်အတင်း အနိုင်ရယူချင်ကြလို့ မိမိတို့ လူ့အဖွဲ့အစည်းတခုလုံး ကမ္ဘာ့အလည် အရှက်တကွဲအကျိုးနည်းခဲ့ဖူး၊ မျက်နှာပျက်ခဲ့ကြဖူးပါတယ်။ ဒီနေ့ ကာလမျိုမှာ အရှုံးကို အရှုံးလိုမျိုး လက်ခံရဲတဲ့ ယဉ်ကျေးမှုမျိုး၊ စိတ်ဓာတ်မျိုး မြန်မာပြည်သူတွေ မွေးမြူကြရတော့မှာဖြစ်ပါတယ်။
အများသိကြတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲကာလက ပြည်သူတွေက တခဲနက် ပြတ်ပြတ်သားသား အနိုင်ပေးခဲ့ပေမဲ့ ပြည်သူလူထုအဆုံးအဖြတ်နဲ့ ရလဒ်ကို အာဏာပိုင်တွေက လက်မခံရဲလို့၊ တနည်းအားဖြင့် မိမိတို့ အရေးနိမ့်ခဲ့မှုကို အသိအမှတ်မပြုခဲ့လို့ မြန်မာ့နိုင်ငံရေးမှာ မကောင်းတဲ့အစဉ်အလာတခုအဖြင့် အမဲစက်စွန်းသွားခဲ့တယ်။ ဒီအမဲစက်တွေကို မြန်မာ့သမိုင်းက မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။ တနည်းပြောရရင် အရှုံးကို အရှုံးလို့ အသိအမှတ်မပြုရဲတဲ့စိတ်ဓာတ်တွေကို ပြည်သူတွေက နာနာကျင်ကျင်ဖြစ်သွားခဲ့ပါတယ်။ မကောင်းတဲ့အစဉ်အလာတခု မြန်မာ့လူ့အဖွဲ့အစည်းထဲ ထပ်မံဖြစ်ပွားမှာ အများပြည်သူ စိုးရိမ်ပူပန်ခဲ့ကြတယ်။ ဒီသင်ခန်းစာကိုအားလုံးက တိတိကျကျသတိရနေတုန်းပါ။ မမေ့ကြပါဘူး။
ဒါ့အပြင် တရားမျှတတဲ့နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် မတရားဥပဒေ၊ ပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒါဏ်ချတာတွေ၊ နေအိမ်အကျယ်ချုပ်အဖြင့် ထပ်တလဲလဲ အပြစ်ပေးခဲ့တာတွေကလည်း အရေးနိမ့်မှာကို ရင်မဆိုင်ရဲတဲ့ စိတ်ဓာတ်တွေကနေ အခြေခံတာဖြစ်တယ်။ ဒါ့အပြင် မိမိတို့ အရေးနိမ့်မှစိုးရိမ်လို့ မတရားနည်းနဲ့ အနိုင်ရအောင် အားထုတ်မှုတွေ၊ ပြင်ဆင်မှုတွေကလည်း နောင်မျိုးဆက်သစ်တွေအတွက် ကောင်းတဲ့အစဉ်အလာကို မျိုးစေ့ချပေးတာ မဟုတ်ပါဘူး။ အများက မလိုလားတဲ့ တဖက်သပ်အခြေခံဥပဒေကို မိမိအဖွဲ့အစည်း၊ လူပုဂိုလ် တဦးတယောက် အကျိုးခံစားစေဖို့ သက်သက် အကာအကွယ်ပြု အသုံးချတယ်ဆိုတာကလည်း တရားမျှတတဲ့ အနိုင်ရယူလိုမှုမဟုတ်ပါဘူး။ တရားမှု မတရားမှု ဆိုတာကလည်း မိမိက အရှုံးနဲ့အနိုင်အပေါ် ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုနေသလဲဆိုတဲ့ သဘောထားအပေါ်မူတည်ပြီးဖြစ်လာတာပါ။ သတ္တိနဲ့ အရည်အသွေး၊ ခံနိုင်ရည်နဲ့ အစွမ်းအစဆိုတာကလည်း လောကဓံရဲ့ အကောင်းအဆိုးတွေအပေါ် ဘယ်လောက်အထိ လက်ခံနိုင် မခံနိုင်အပေါ်တည်မှီနေတဲ့အရာတွေပါ။ မှားတာကိုမှားတယ်လို့ သတ္တိရှိရှိလက်ခံရဲဘို့၊ ၀န်ခံရဲဘို့လည်းလိုပါတယ်။
ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ရိုးသားမှုနဲ့ အမှန်တရားတွေကို လက်ခံဖို့နေနေသာသာ မိမိတို့အမှားကိုတောင် မိမိကိုယ်တိုင် မှားမှန်းမသိဖြစ်နေတာတွေ၊ မိမိကိုယ်တိုင် မှားမှန်းသိတာတောင် အများတကာသိမှာ စိုးရိမ်ပူပန်တာတွေ၊ မိမိအမှားကိုတောင် ထုတ်ဖော်ဝန်ခံဖို့ မ၀ံ့မရဲတတ်တဲ့အထိ ထပ်ခါထပ်ခါ အမှားသံသရာထဲ ကျွံဝင်နေတတ်ပါတယ်။ တချိန်က နိုင်ငံရေးအမှားတွေကျူးလွန်ခဲ့သူတွေက မိမိမှားပါတယ်လို့ ၀န်ခံရမှာကို ရှက်ရွံ့နေဆဲ၊ ကြောက်လန့်နေဆဲ ဖြစ်နေသလို မိမိအမှားကို တပါးသူအပေါ် လွှဲချတတ်တဲ့ မူမမှန်တဲ့ နိုင်ငံရေးယဉ်ကျေးမှု အစဉ်အလာကြီးကို ယနေ့အထိ ကျင့်သုံးနေတာကို ၀မ်းနည်းစဖွယ်တွေ့နေရပါတယ်။ မိမိတို့အနာဂတ်မျိုးဆက်တွေကို ဘယ်လို အစဉ်အလာကောင်းတွေ၊ နိုင်ငံရေး ယဉ်ကျေးမှုကောင်းတွေ အမွေပေးသင့်သလဲဆိုတာ လေးလေးနက်နက် ဆင်ခြင်သင့်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပွဲတွေမှာ မိမိကအိမ်ရှင်ဖြစ်ရက် ဧည့်သည်အပေါ် ဘိုကျအနိုင်ကျင့်တဲ့ စိတ်ဓာတ်မျိုးတွေကို လက်တဆုတ်စာ ပွဲကြည့်ပိရိဿတ်တွေထံမှာ ရှက်ဖွယ်လိလိ တွေ့လိုက်ရပါတယ်။ ချစ်ကြည်ငြိမ်းချမ်းရေးအသွင်ထက် ရန်ဘက် ပဋိပက္ခသဏ္ဍန်ဆောင်နေတဲ့ အားပေးမှုဟာ လူအနည်းငယ်ကပဲ လုပ်ဆောင်တယ်ဆိုစေအုံးတော့ အိမ်ရှင် မြန်မာတမျိုးသားလုံးအတွက် အရှက်ဖြစ်စေပါတယ်။ ခေါင်ကမလုံခဲ့တဲ့ အကျိုးဆက်ဟာ အမျိုးသားစာရိတ္တမဏ္ဍိုင်တခုလုံးကို ခြိမ်းခြောက်တတ်ပါတယ်။ အရှုံးကို ရင်မဆိုင်ရဲတော့ ကစားသမားတွေကလည်း တဖက်အသင်းကို ကြမ်းကြမ်းတမ်းတမ်းပြုမူတာ၊ ပွဲကြည့်သူတွေကလည်း ခုံတွေရိုက်ချိုး၊ နံရံတွေကန်ကျောက် ထိုးခွဲလုပ်တာဟာ မြင်ရသူတွေအပေါ် စိတ်မသက်မသာခံစားရပါတယ်။ အရှုံးထဲက အရှုံးဖြစ်စေတဲ့ အပြုအမူတွေပါဘဲ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါ။
ဘောလုံးပွဲမှမဟုတ် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ အရှုံးအနိုင်၊ အမြတ် အရှုံး ဆိုတာရှိတတ်ပါတယ်။ နိုင်တော့ပြုံး၊ ရှုံးတော့ မဲ့တတ်တာလည်း မဆန်းပါ။ ဒါပေမဲ့ ရှုံးလို့ဆိုပြီး ရှုံးမဲ မမဲဘို့တော့လိုပါတယ်။ ရှုံးတာကို အရှုံးအဖြင့် အသိအမှတ်ပြုနိုင်တဲ့ စိတ်ဓာတ်မျိုးရှိစေချင်ပါတယ်။ အရှုံးကို အရှုံးအဖြစ် အသိအမှတ်ပြုလိုစိတ်မရှိတဲ့ ၁၉၉၀ရွေးကောက်ပွဲစိတ်ဓာတ်မျိုးဟာ ခါးသီးပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်တော့မယ်ဆိုရင် ဒီမိုကရေစီစိတ်ဓာတ်တွေ မွေးမြူဖို့၊ ဒီမိုကရေစီအစဉ်အလာကောင်းတွေထိမ်းသိမ်းဖို့လိုပါတယ်။ ဒီအတွက် အရှုံးကို အရှုံးလို့ လက်ခံတတ်တဲ့ ယဉ်ကျေးမှု ဖွံဖြိုးလာဘို့လိုပါတယ်။ အကောင်းချည်းလိုချင်ပြီး အဆိုးကို လက်မခံလို့တော့မရပါ။ အရှုံးကို အရှုံးလို့ ကောင်းစွာသဘောပေါက်ခံယူလိုက်တာဟာ အနိုင်ရဖို့ ပြင်ဆင်လိုက်သလိုပါဘဲ။ ကျနော်တို့ပြည်သူတွေ အရှုံးကို အရှုံးလို့ လက်ခံတတ်တဲ့ယဉ်ကျေးမှု ဖွံ့ဖြိုးလာပြီဆိုရင် ဂုဏ်သိက္ခာရှိရှိ အနိုင်ယူတတ်တဲ့ ယဉ်ကျေးမှုပါတပါးတည်းရရှိသွားပြီလို့ တထစ်ချယုံကြည်ရပါပြီ။
ကိုညို(အော်စလို)
(ဒီကနေ့ ဒီဇင်ဘာ ၁၈ ရန်ကုန်တိုင်းမ် သတင်းစာ ဝေဖန်သုံးသပ် ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။