Miraculous Master For English Language
ငြိမ်းချမ်းရေးဖခင် ဒေါက်တာ သခင်ကိုယ်တော်မှိုင်း
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၃ ခုနှစ်
လွန်ခဲ့သည့် (ဇူလိုင်လ ၂၃ ) နေ့က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၉) နှစ် ပြည့်ခဲ့သည်။ ငြိမ်းချမ်းရေး ဆောင်ရွက်ကြသည့် အသင်းအဖွဲ့များ၊ လူမှုရေးနိုင်ငံရေး အခြေခံသည့် အသင်းအဖွဲ့များက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၉)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား
များ ကျင်းပကြသည်။ ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ ထိုနည်းအားဖြင့် ငြိမ်းချမ်းရေးဖခင် တစ်ဦးအဖြစ် ထင်ရှားလေးစားအပ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဂုဏ်ပြုအောက်မေ့ခဲ့ကြသည်။ တစ်နည်းအားဖြင့်ပြောရလျှင် ယင်းအခမ်းအနားနှင့် ကြေညာချက်များသည်ကား အမိမြန်မာပြည်၌ ငြိမ်းချမ်းရေးကို အပူတပြင်းလိုအပ်လျက်ရှိကြောင်းပြသလိုက်ကြခြင်းလည်း ဖြစ်သည်ဟု ဆိုရပါမည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အောက်ချင်းတွင်းခရိုင်၊ ဘုတလင်မြို့အနီး၊ မောင်းထောင်ကြီးကျေးရွာတွင် အဖဦးစံထွန်း၊ အမိဒေါ်အုန်းတို့မှ မြန်မာသက္ကရာဇ် ၁၂၃၇ ခု၊ တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့၌ ဖွားမြင်ခဲ့သည်။မြန်မာသက္ကရာဇ် ၁၃၂၈ ခုနှစ်၊ ဝါဆိုလပြည့် ( ၁၉၆၄ ခု၊ ဇူလိုင်လ ၂၃ ရက်) အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အမျိုးသားရေးလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကြောင့် တစ်ချိန်က ကမ္ဘာတွင် အထူးတလည် လေးစားတန်ဖိုးထားခြင်း ခံရသည့် စတာလင်ငြိမ်းချမ်းရေးဆု၊ အရှေ့ဂျာမဏီမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နှင့် နိုင်ငံတော်မှချီးမြှင့်သော အလင်္ကာကျော်စွာဘွဲ့ အစရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့သူဖြစ်သည်။
ဆရာကြီးသည် မျိုးချစ်ပုဂ္ဂိုလ်ဟု ဆိုရာတွင်လည်း သာမန်မျက်ကန်းမျိုးချစ်၊ အမြင်ကျဉ်းမြောင်းသည့် မျိုးချစ်ပုဂ္ဂိုလ်မဟုတ်ခဲ့ပါ။ အထူးသဖြင့် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတစ်လျှောက် လွတ်လပ်ရေးတိုက်ပွဲ သမိုင်းတစ်လျှောက် ခက်ခဲ
ရှုပ်ထွေးသည့် သမိုင်းအချိုးအကွေ့များစွာတွင် မှန်ကန်သည့် မျိုးချစ်စိတ်အမြင်ဖြင့် ရပ်တည်လိုက်ပါလာနိုင်ခဲ့သည်မှာ အတုယူဖွယ်ပင် ဖြစ်သည်။ အထူးသဖြင့် ကုလားဗမာ အထိကရုဏ်းလို ပြဿနာမျိုးတွင် မြန်မာပြည်သူတို့ အမှန်တကယ် ရင်ဆိုင်ဆန့်ကျင်ရမည့်အရာမှာ နယ်ချဲ့စနစ်သာ ဖြစ်သည်ကို ရှင်းလင်းတိကျစွာခံယူခဲ့ မြင်နိုင်စွမ်းခဲ့သူဖြစ်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အကြီးမြင့်ဆုံးဂုဏ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ကြိုးပမ်း
မှုများ ဖြစ်သည်။ ၁၉၅၂ ခု အောက်တိုဘာလ ၂ ရက်တွင် တရုတ်ပြည် ပီကင်းမြို့တွင်ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံကြီးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မြို့တော်တွင်ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေး
ညီလာခံသို့ လည်းကောင်း တက်ရောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ခေါင်းဆောင်မှုအခန်းမှ ပါဝင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် စတာလင်ငြိမ်းချမ်းရေးဆု ရခဲ့သည်။ သည်နှစ်အတွင်းမှာပင် ရန်ကုန်မြို့တွင် ကျင်းပသည့် အင်ဒိုချိုင်းနားစစ်ရပ်စဲရေး ညီလာခံကြီးကိုလည်း ဦးစီးကျင်းပခဲ့သည်။ ၁၉၅၆ ခုနှစ် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းမြို့ ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း ဦးစီးကျင်းပခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆမှာ အကြမ်းမဖက်သည့်နည်းဖြင့် ပြဿနာများကိုဖြေရှင်းစေသည့် အယူအဆဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းပင် ဖြစ်သည်။ ဆရာကြီး၏ အကျော်ကြားဆုံးသော ငြိမ်းချမ်းရေးဆိုင်ရာ စကားမှာ သူမသာ ကိုယ်မနာသည့်နည်းဖြင့် ပြဿနာများကို အဖြေရှာရန် တိုက်တွန်းသည့် သမိုင်းဝင်စကားပင် ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်တွင်ပင် ပြည်တွင်းငြိမ်းချမ်းရေးကို အပြီးတိုင် တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုကြပါစို့ဟု နှိုးဆော်လိုက်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။