လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ် ထင်ပါတယ်။ တချို့ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာကိုလည်း အချစ်လို့ ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
အိမ်ထောင်ရေးမှာ မျှမျှတတ ဆက်ဆံသွားရင် ရေရှည်တည်မြဲမှာပါ
အရင်တုန်းကတော့ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆိုပိတောက်ပဲ” ဆိုတာ ဒီခေတ်ကြီးမှာတော့ သိပ်ပြောလို့ မရပါဘူး။ တစ်သမတ်တည်းလည်း အဲဒီစည်းမျဉ်း စည်းကမ်းတွေနဲ့ ရှေးအယူအဆတွေကို လိုက်နာတဲ့လူ ရှိသလို မလိုက်နာတဲ့လူလည်း ရှိတာပဲ။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုပဲ။ ကိုယ်နဲ့အတူတူ လက်တွဲတဲ့ လူတစ်ယောက်က ကိုယ့်ဘဝကြီးကို ဘယ်လောက်ထိ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီပေးမလဲ။ မျှမျှတတလေး ဆက်ဆံသွားရင်တော့ ဒါရေရှည်မှာ မြဲမှာပဲ။ တစ်ယောက်နဲ့တစ်ယောက် မမျှတဘူး။ ဝါသနာချင်းလည်း မတူဘူး။ စိတ်ချင်းလည်း မတူဘူး။ တစ်ယောက်ကိုတစ်ယောက် အားပေးမှု မရှိဘူး။ ဖေးမကူညီမှု မရှိဘူးဆိုရင်တော့ သူ့ကို အနစ်နာခံစရာ အကြောင်းလည်း မရှိဘူး။ကိုယ့်ဘဝကြီးကိုလည်း ပြောင်းလဲသွားအောင် မြှင့်တင်ပေးတဲ့ လူတစ်ယောက်ဆိုရင်တော့ ကိုယ်ကတော့ ဘေးကနေပြီးတော့မှ ရိုသေလေးစားစွာနဲ့ပဲ သူ့ကို ဦးညွှတ်ပြီး ဆက်ဆံရင်လည်း ဆက်ဆံမယ်။ ပေါင်းသင်းရင်လည်း ပေါင်းသင်းရမယ်။
အိမ်ထောင်ရေးဆိုတာ အများကြီး ကျယ်ပြန့်တယ်
စိတ်ဆိုတာလည်း အမျိုးမျိုးရှိတယ်။ ဒါကြောင့်ပြောတာ အချစ်ဆိုတာလည်း အများကြီး ရှိတယ်။ အိမ်ထောင်ရေးဆိုတာလည်း အများကြီး ကျယ်ပြန့်တယ်။ ငယ်ငယ်က အချစ်အကြောင်းကို ပြောပါဆိုရင် အချစ်ကြီးက ကမ္ဘာ့ကမ္ဘာကြီးမှာ ဒီကမ္ဘာကြီးမှာရော၊ ဟိုကမ္ဘာကြီးမှာရော ဒီဘဝမှာရော၊ နောင်ဘဝမှာရော ဒီအချစ်တွေက ဖွဲ့နွဲ့လို့ မကျန်နိုင်ဘူး။ အခုကြီးလာတဲ့အခါမှာ အိမ်ထောင်ရေး အကြောင်းပြော ဆိုရင်တော့ ဒီအချစ်နဲ့ အိမ်ထောင်ရေးမှာလည်း အချစ်ပါမှလည်း ကောင်းတာပါပဲ။ ဒါပေမဲ့ သားသမီးတွေ ရလာတဲ့အခါ သားသမီးဆိုတဲ့ စိတ်ပဲ မိခင်တိုင်းမှာ ရှိကြတော့တယ်။ ကိုယ့်ယောက်ျား ထမင်း စားပြီးပြီလား၊ နေကောင်းလား ဆိုပြီး မမေးနိုင်ဘူး။ ကိုယ့်သားသမီးကိုပဲ ဇောကပ်နေတာပေါ့နော်။ သမီးက ဒီဟင်းနဲ့ဆို မစားဘူး။ သမီး သိပ်နေမကောင်းသေးဘူး။ သမီးက အိပ်ရေးသိပ်မဝသေးဘူး။ ဒီစိတ်တွေက ဒီကလေးဆီပဲ အာရုံက ရှိနေတာဆိုတော့ ကလေးရပြီးတာနဲ့လည်း အိမ်ထောင်ရေးဆိုတာ မတူဘူး။
ဒီခေတ်ကြီးမှာ ဘာမှ တစ်သမတ်တည်း ပြောလို့မရဘူး
ဒါပေမဲ့ လူ့စိတ်ဆိုတာ အမျိုးမျိုးပါပဲ။ ကလေးရပြီးမှ မြဲကြတဲ့ အိမ်ထောင်တွေရှိသလို ကလေးတွေလေးငါးခြောက်ယောက်နဲ့ မမြဲကြတဲ့လူတွေလည်း ရှိကြတာပဲ။ ဘာကိုမှ တစ်သမတ်တည်း ပြောလို့တော့ မရပါဘူး။
အိမ်ထောင်ရေးအကြောင်း ပြောရင် ပြောလို့ပြီးမှာမဟုတ်ဘူး
အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် တည်ဆောက်ထားတဲ့ အရာတွေက ခုနက အစ်မပြောသလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်အပေါ်မှာ ဘယ်လောက်ထိ အထောက်အပံ့ ပြုမှာလဲ။ ကူညီပေးနိုင်မှာလဲ။ သားသမီးနဲ့ ပတ်သက်ရင်၊ ကိုယ့်ရဲ့မိသားစုနဲ့ ပတ်သက်ရင်၊ သူ့ရဲ့မိသားစုနဲ့ ပတ်သက်ရင် တစ်ယောက်နဲ့တစ်ယောက် အထောက်အကူ ဘယ်လောက်ထိ ပြုနိုင်မှာလဲ။ ချစ်တယ်ဆိုတာက ချစ်တာပဲ။ ချစ်ယုံနဲ့တင် ချစ်ပြီး ဘာတစ်ခုမှ ကိုယ့်အပေါ်မှာ မကူညီပေးနိုင်ဘူး။ လက်မတွဲပေးနိုင်ဘူး။ အနစ်နာမခံပေးနိုင်ဘူးဆိုတော့ ယောက်ျားတစ်ယောက်က ဒီမိန်းမတစ်ယောက်အတွက် ဘဝမှာ ဘယ်လောက်ထိအရေးပါမှာလဲ။ ယောက်ျားဆိုတာ ရှေ့က ဦးဆောင်ပေးရမယ်၊ အနစ်နာခံပေးရမယ် ဘေးကနေပြီးတော့ ဖေးမကူညီပေးဖို့ လိုတယ်။ ဒီအချက်တွေကို ကိုယ်ဒါတွေကို အတ္တကြီးပြီး လိုချင်တာ မဟုတ်ဘူးနော်။ သဘာဝအတိုင်း ဖြစ်သင့်တာကို ပြောပြတာလေ။ ဒါပေမဲ့လို့လည်း ရတဲ့ကံပါတဲ့လူမှ ရတာပါ။ မရတဲ့လူက မရကြပါဘူး။ ဒါက လူအမျိုးမျိုး စိတ်အမျိုးမျိုး ကမ္ဘာကြီးမှာ အချစ်ရေး အကြောင်းဆိုလည်း ပြောရင် ပြီးမှာမဟုတ်ဘူး။ အိမ်ထောင်ရေး အကြောင်းဆို လည်း ပြီးမှာ မဟုတ်ဘူး။
ကလောင် - မိုးထက်ကျော်
8Day News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။