ကြောက်သလားဟေ့ ( ခါချဉ်ကောင် မာန်မကြီးစေချင် )

- သမိန်ဗရမ်းနှင့် ဂါမဏိ
- မြန်မာဟူသည် စစ်ချီစစ်တက်ရာတွင် လျှင်မြန်ခြင်း သန်မာခြင်း ဟူသော အဓိပ္ပာယ်ကို
ဆောင်လေ၏။
- လွန်ခဲ့သော နှစ်ပေါင်းများစွာက မြောက်ရပ်ဆီမှ
လူမျိုးစုတို့သည် ယနေ့မြန်မာပြည်ဟု ခေါ်ဆိုသော နေရာသို့ ဝင်ရောက်အခြေချ
နေထိုင်ခဲ့သည်။ထိုသူတို့သည် လျှင်မြန်ကြ၏၊သန်မာကြ၏၊မြင်းစီးကျွမ်းကျင်ကြ၏၊ လေးနှင့်မြှားကို ကျင်လည်စွာ အသုံးပြုတတ်၏၊ တိုက်ရည်ခိုက်ရည်လည်း
ကောင်းမွန်ကြကုန်၏။သူတို့သည် မူရင်းဒေသခံများ၏ ခုခံမှုများကို တိုက်ခိုက်ကာ
ထိုဒေသတွင် ဝင်ရောက် အခြေချတော့သည်။သို့သော် နောက်များမကြာမီ အချိန်အတွင်း၌
မူလဒေသခံများ၏ ယဉ်ကျေးမှု ဘာသာစကား ဓလေ့ထုံးတမ်းများကို နှစ်သက်သဘောကျ
လက်ခံလိုက်ကြတော့သည်။အောင်နိုင်သူတို့ ကျဆုံးခြင်းဟု ဆိုရမည်။သို့သော် ထိုအရာက
လူမျိုးစုတစ်ခု မွေးဖွားခြင်း ဖြစ်လာခဲ့တော့သည်။
- သူတို့သည် သမိုင်းတစ်လျှောက်တွင် ကြီးမြတ်လှသော ဘုရင်တို့၏ ဦးဆောင်မှုဖြင့်
လက်နက်နိုင်ငံတော်ကြီးကို သုံးကြိမ်တိုင်တိုင် ထူထောင်ခဲ့ကြသည်။သူတို့ သြဇာအာဏာကို
အရှေ့တောင်အာရှ ကုန်းမကြီး၏ တစ်ဝက်ထိ လွှမ်းမိုးဖြန့်ကျက် နိုင်ခဲ့ကြသည်။
- ထိုသို့သော သမိုင်းတစ်လျှောက်တွင် မြန်မာတို့၏ သူရသတ္တိနှင့်
တိုက်ရည်ခိုက်ရည်ကား အံ့မခန်း အထင်ကြီးလောက်သည်။လက်မကို အပ်စိုက်ပြီး တူဖြင့်ထုကာ
နောက်မရွံ့သူအား သူရဲကောင်းအဖြစ် ရွေးခဲ့သည်။မိမိထက် အင်အားများသူကို
ဝါးရင်းတုတ်ဖြင့် တိုက်ခိုက်အနိုင်ယူခဲ့သည်။အညာဒေသ မြေပြန့်လွင်ပြင်မှ ပတ်ပတ်လည်
တောင်တန်းများပေါ်တက်ကာ ယှဉ်ပြိုင်လာသူတို့အား ဦးကျိုးစေခဲ့သည်။စိမ်ခေါ်ရင်
တိမ်ပေါ်တက်မယ် ဟူသော လူမျိုးပင်ဖြစ်သည်။ဓားကိုဓားချင်း လှံကိုလှံချင်း
ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲများတွင် ဘယ်သောအခါမှ အရေးမနိမ့်ခဲ့။"သူ့နိုင်ငံသား
သံမှုန့်စားမှ ဒို့ဓားတုန်းလိမ့်မည်" ဟုကြွေးကြော်ကာ ငှက်ကြီးတောင်ဓားကို ဝင့်၍
အာဏာစက် ဖြန့်ကျက်ခဲ့ကြသည်။သူရသတ္တိအရာတွင် ဘယ်သူယှဉ်နိုင်အံ့နည်း။
- ခေတ်အဆက်ဆက် ပြိုင်ဖက်ဖြစ်ခဲ့သော အိမ်နီးချင်း နိုင်ငံတစ်ခုကို
မြို့တော်ပြောင်းရွေ့ သွားလောက်အောင် ကြောက်ရွံ့သွားစေသည် အထိ
တိုက်ခိုက်နှိမ်နင်းခဲ့သည်။ထိုမျှသာမက သမိုင်းတစ်လျှောက် အာရှနိုင်ငံအများစု
မော့ကြည့်ခဲ့ရသော ယှဉ်ကျေးမှုခိုင်မာပြီး အင်အားတောင့်တင်းလှသော
အိမ်နီးချင်းနိုင်ငံကြီး၏ ကျူးကျော်မှုကိုလည်း လေးကြိမ်တိုင်တိုင်
တွန်းလှန်ဖြိုဖျက်ခဲ့သည်။
- ထိုကဲ့သိုသော မာန်တက်ဖွယ် အောင်မြင်မှုများကို ပခုံးပေါ်တင်၍ ရင်ကိုမော့ခဲ့ကာ
မျက်စိများကိုပိတ် မျက်လုံးများကိုမှိတ် ထားခဲ့မိသည်။သို့သော် စိတ်ဓာတ်များကား
တစ်လူလူလွင့်ပျံဆဲ။ထို့ကြောင့်ပင် စိန်ခေါ်လာသော နေမဝင်အင်ပါယာအား
ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။အစပိုင်း၌ တလူလူလွင့်နေသော စိတ်ဓာတ်များ အစွမ်းဖြင့်
ပေသုံးထောင်ကျော်မြင့်သော တောင်တန်းများကို ကျော်ဖြတ်ကာ စိန်ခေါ်သူတို့အား
ဖိန့်ဖိန့်တုန်စေခဲ့သော်လည်း နောက်ပိုင်းတွင် အခြေအနေကား
ပြောင်းပြန်ဖြစ်သွားသည်။ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါသော်လည်း ကြီးမားလှသော
ကွာခြားချက်ကို ထိုစိတ်ဓာတ်က အမှီလိုက်နိုင်အောင်
မစွမ်းဆောင်နိုင်ခဲ့ပေ။ဆရာဦးအောင်သင်း စကားဖြင့်ဆိုရသော်
"ဟိုကထုန်းဆိုတော့ ကိုယ့်ဘက်က
ပြန်မှမထုန်းနိုင်ပဲကိုး။ဗန္ဓုလလောက် သတ္တိရှိတဲ့သူ ရှိပါ့မလား။"
ဟူ၍ပင် ဖြစ်သည်။
- ဤသို့ဖြင့်ပင် မြန်မာ့ဦးကင်း မြေသို့ခ ခဲ့ရတော့သည်။ဤနေရာတွင် မြန်မာ့ဦးကင်း ဟု
ဆိုပါမည်။အုပ်စိုးသော ဘုရင်(အစိုးရ) ကျသွားခြင်းသည် (ထိုအစိုးရ ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ) မြန်မာတမျိုးသားလုံး၏ ဂုဏ်သရေ ညှိုးမှိန်ရသည်သာ ဖြစ်ပါသည်။
- သိပ်မကြာခင် အချိန်က မြန်မာအစိုးရ ဝန်ကြီးတစ်ပါးက အိမ်နီးချင်း
စူပါပါဝါလောင်းလျာကြီးအား "ကြောက်ရသည်” “ရန်မဖြစ်ရဲ” ဟု ဖွင့်ပြောလိုက်ရာ
ပွက်လောရိုက်ကုန်၏။သမိုင်းတွင် မည်သို့မည်ပုံ နိုင်ခဲ့သည် ငါတို့သွေး မည်သို့ရဲသည်
ဟု ကြွေးကြော်ကုန်ကြသည်။ထိုဝန်ကြီးအား တံဆိပ်ဝိုင်းကပ်ကြတော့သည်။
- ယခု မြန်မာလူမျိုးများကို "ကြောက်သလား" ဟု တစ်ယောက်ချင်း
လိုက်မေးကြည့်ပါ။မည်သူကမှ "ကြောက်သည်" ဟု ဖြေမည်မထင်။ကျွန်တော်လဲ
မကြောက်ပါ။ထိုသို့ဆိုလျှင် အနှီပုဂ္ဂိုလ်က အဘယ့်ကြောင့် "ကြောက်ရသည်" ဟု ဆိုသနည်း။
- သေချာစဉ်းစားကြည့်သော် သူပြောသည်က "ကြောက်သည်" မဟုတ် "ကြောက်ရသည်"
သာဖြစ်သည်။ထိုအခါ ထိုနှစ်ခု ဘာကွာသလဲ အတူတူပါပဲ ဟု
ဆိုကြပါလိမ့်မည်။ကျွန်တော်ထင်မိသည်ကတော့ "ကြောက်သည်" ဆိုသည်ကား စိတ်ထဲကပင်
တုန်နေအောင် ကြောက်နေခြင်း ဖြစ်သည်။"ကြောက်ရသည်” ကတော့ ထိုသို့မဟုတ်
ကိုယ်မနိုင်မှန်း သိသဖြင့် မလှန်နိုင်သောကြောင့်
ကြောက်ဟန်ဆောင်ခြင်းပင်။အခြေအနေကိုယ့်ဖက် ပါသည်နှင့်
ကြောက်တော့လိမ့်မည်မဟုတ်။(ရန်မဖြစ်ရဲ ဟုလည်း ဆိုထားသည်၊ရန်ဖြစ်ရဲလျှင်တော့
မည်သို့လုပ်မည်မသိ။စကားလုံးများပေါ် ကျွန်တော်၏ ထင်မြင်ယူဆချက်သာ ဖြစ်ပါသည်။
စကားလုံးတိုက်ပွဲ ဆင်နွှဲလိုက ဆင်နွဲနိုင်ပါသည်။သို့သော် ကျနော်အဓိက ပြောလိုသည်က
စကားလုံးများ မဟုတ်ပါ။အနှီပုဂ္ဂိုလ်ဖက်မှ ကာကွယ်ပြောဆိုလိုခြင်းလည်း မရှိပါ။)
- စဉ်းစားကြည့်ပါ။မကြောက်ဖူးကွ အော်ပြီး အခုထချကြည့်ပါက
ကိုယ်သာခံရလိမ့်မည်။ခါးသီးလှသော အမှန်တရားတည်း။စိတ်ခံစားမှုကို
ရှေတန်းမတင်စေလို။နာလိုခံခက်မှုတွေကို အရင်းတည်ပြီး မကြောက်ရတော့သည့်
အခြေအနေရောက်အောင်သာ လုပ်စေချင်သည်။ကမ္ဘာ့ဇာတ်ခုံပေါ်တွင် သူများမစော်ကားဝံ့သော
ဂုဏ်သိက္ခာရှိသည့် နေရာတစ်ခုသာ ရရှိချင်ပါသည်။
- မြန်မာတို့အား သမိုင်းတလျှောက်တွင် ကြောက်ရွံ့ ခဲ့ရသော အိမ်နီးချင်းနိုင်ငံကို
ကြည့်ပါ။သူတို့သည် မိမိထက် အင်အားသာလွန်သူများကို မည်သို့ဆက်ဆံခဲ့သနည်း။သူတို့သည်
ပါတ်ဝန်းကျင်နိုင်ငံများ၏ အဖြစ်များကိုကြည့်ကာ ဆန္ဒတွေကို
ချိုးနှိမ်ခဲ့သည်။စိတ်ဆန္ဒထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့သည်။ထိုသို့ လုပ်ခဲ့သဖြင့်
ထိခိုက်ခဲ့သည်များ ရှိသော်လည်း ရရှိခဲ့သည့် အကျိုးအမြတ်ကလည်း မနည်းလှပါ။သူတို့သည်
ကိုလိုနီလက်အောက် မရောက်သည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်သည်။
- "သမိုင်းသင်တာ မ အ အောင်လို့"ဟု ဆရာကြီး ဒေါက်တာသန်းထွန်းက
ဆိုခဲ့သည်။သူများတွေက ကျွန်တော်တို့ရဲ့ သမိုင်းကိုကြည့်ပြီး မအအောင်
နေနိုင်ခဲ့သည်။မိမိတို့က ကိုယ့်သမိုင်းကိုယ်ကြည့်ကာ
သင်ခန်းစာယူသင့်ပါသည်။ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုဖို့တော့
မကြံစေချင်။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။